မတ် ၂၆ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၊ ရှမ်းဝိုင်းရပ်ကွက် ၊ ၈၇လမ်း ၊၃၇ လမ်းကြားရှိ နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ မတ် ၂၆ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုမှာ သေဆုံးခဲ့သူက သားဖြစ်သူ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်မောင် ဖြစ်ပြီး ဒဏ်ရာရရှိသူကတော့ အမေဖြစ်သူ ဒေါ်သန်းသန်း ဖြစ်တယ်လို့ သိရပါတယ်။
“အိမ်က ဆီပန့်ထောင်ထားပြီးရောင်းတဲ့ အိမ်ပါ။ ဆီပန့်အိမ်ကလောင်တာ ။ သေဆုံးတဲ့ကလေးက အိပ်နေတာလို့ပြောတယ်။ ဒဏ်ရာရတာက ကလေးအမေပါ ။ သူကတော့ ဒဏ်ရာကြီးပေမယ့် စိုးရိမ်ရတဲ့အနေအထားတော့ မဟုတ်ဘူး ။ဓာတ်ဆီသိုလှောင်တဲ့အိမ်ဆိုတော့ ဓာတ်ဆီတွေကတော့ လောင်တယ်လို့တော့ သိရတယ်။ ” လို့ မြေပြင်ကူညီရေးသွားခဲ့တဲ့ မန္တလေးအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့ဝင်တယောက်က ပြောပါတယ်။
လက်ရှိမှာ မီးလောင်မှုအတွင်း သေဆုံး အမျိုးသားရုပ်အလောင်းကို ဆေးရုံပို့ထားသလို ဒဏ်ရာရတဲ့ မိခင်ကိုလည်း ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။
အလားတူ ဒီကနေ့ မနက်ပိုင်း ၈ နာရီခွဲကျော်လောက်ကလည်း မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ဆွဲမှန်ကျေးရွာရှိ စက်သုံးဆီ အရောင်းဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ် ၈ ရက်နေ့ည ၉ နာရီလောက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်ခရိုင် ၊ နမ့်ဖတ်ကာမြို့၊ ၆ ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး အသက် ၆၀ အရွယ်အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ၁၀ နှစ်အရွယ်ကလေးတို့ မီးလောင်သေဆုံးမှု ရှိခဲ့ပါတယ်။
ဒါအပြင် မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်ကလည်း မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ မီးလောင်မှုဖြစ်ပွားပြီး အသက်ကြီးပိုင်းလင်မယားနှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – မဏိစလအသင်း
