မန္တလေး၊ မတ်- ၂၆- ၂၀၂၆
VOICE OF MYANMAR
စက်သုံးဆီကို ချွေတာတဲ့အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကျင်းပမယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် မန္တလေးတိုင်းအတွင်းမှာ လမ်းလျှောက်သင်္ကြန်ကို ဦးစားပေးကျင်းပသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောပါတယ်။
မန္တလေးမြို့မှာတော့ ကျုံးပတ်လည်ဖြစ်တဲ့ ၂၆ လမ်း၊ လမ်း ၈၀၊ ၁၂ လမ်းနဲ့ ၆၆ လမ်း ပတ်လည်မှာ မြို့တော်ဝန် ဗဟိုမဏ္ဍပ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မဏ္ဍပ်အပါအဝင် မဏ္ဍပ်အကြီး ၁၅ ခုထားရှိမှာဖြစ်ပြီး နိုင်ငံကျော် အဆိုတော် ၁၈ ဦးတို့က ဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီထဲကမှ ကျုံးပတ်လည်ကို ၆၆ လမ်းနဲ့ ၂၆ လမ်းကို မော်တော်ယာဥ်တွေ လုံးဝ ပေးဝင်မှာ မဟုတ်ပဲ လမ်းလျှောက်သင်္ကြန်အဖြစ် ကျင်းပသွားမှာဖြစ်ပြီး လမ်း ၈၀ နဲ့ ၁၂ လမ်းဘက်အခြမ်းမှာ နေအိမ်တွေနဲ့ ယာဥ်အသွားအလာအဆင်ပြေစေဖို့ အတွင်း လမ်း၊ အပြင်လမ်း နှစ်ခုရှိတဲ့အထဲက အပြင်လမ်းတခုကို အသုံး ပြုခွင့်ပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လမ်းလျှောက်သင်္ကြန်မှာ စက်သုံးဆီ ချွေတာတာဖြစ်တဲ့အတွက် လောင်းလှေ၊ Fiber tank လိုဟာမျိုးတွေ ချထားပေးမှာဖြစ်ပြီး ဆိုလာနဲ့ လျှပ်စစ်အားကို အသုံးပြုပြီး ရေထည့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်းအတွင်း နယ်မြေအခြေအနေအရ ရေရှားတဲ့ဒေသတွေဖြစ်ပြီး ရေပေးဖို့အခက်အခဲရှိတဲ့ သပိတ်ကျင်းခရိုင်၊ တံတားဦးမြို့နယ်၊ မြင်းခြံ တို့မှာ သင်္ကြန် ပွဲတော် ကျင်းပဖြစ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ကျင်းပမယ့် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော်နဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အပြီးမှာ မီဒီယာတွေကို အခုလိုဖြေကြားခဲ့ပါတယ်။
