မတ် ၂၆ – ၂၀၂၆
SS (VOM)
မကွေးတိုင်းအတွင်းက တင်သွင်းခွင့်လိုင်စင် ရရှိပြီးဖြစ်တဲ့ မော်တော်ယာဉ်တွေအတွက် ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်ပေးမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အချိန်မီ ဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထားပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနရဲ့ တင်သွင်းခွင့်ပြုချက်နဲ့ အကောက်ခွန်ဦးစီးဌာနတို့မှာ အခွန်တွေပေးဆောင်ကာ မြန်မာနိုင်ငံအတွင်း တင်သွင်းရောက်ရှိပြီးတဲ့ ယန္တရားယာဉ်တွေနဲ့ လုပ်ငန်းသုံး မော်တော်ယာဉ်တွေဟာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ကနဦးမှတ်ပုံတင် ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် မှတ်ပုံတင် ဆောင်ရွက်ခြင်းမရှိဘဲ အသုံးပြုနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ လာမယ့် ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားတဲ့ ယာဉ်တွေအနေနဲ့ မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးလည်းကောင်း မှတ်ပုံတင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ၂၀၂၀ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားတဲ့ ယာဉ်တွေဟာလည်း ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းတွေ ပြီးပြတ်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက အဲဒီ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
“ဒီညွှန်ကြားချက်က လိုင်စင်မဲ့ ကားအားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ အရင်ကတည်းက တင်သွင်းခွင့်လိုင်စင် ရရှိပြီးဖြစ်တဲ့ ယာဉ်တွေအတွက် ကနဦး မှတ်ပုံတင်ဖို့ ညွှန်ကြားတာပါ။ တရားဝင်တင်သွင်းပြီး မှတ်ပုံတင်မရှိသေးတဲ့ ယာဉ်တွေအကုန်လုံးကို လိုင်စင်ရရှိစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ညွှန်ကြားချက်အတိုင်း မလိုက်နာရင်တော့ နောက်ပိုင်း ထိထိရောက်ရောက် အရေးယူသွားဖို့ ရှိပါတယ်” လို့ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒေသခံတွေကတော့ မော်တော်ယာဉ်တွေအတွက် မှတ်ပုံတင် ပြုလုပ်ပေးတဲ့နေရာမှာ ဆီအသုံးပြုခွင့် စာအုပ်ကိုပါ တပါတည်း ပြုလုပ်ပေးစေချင်တဲ့အပြင် လိုင်စင် သက်တမ်းလွန် ဆိုင်ကယ်တွေကိုလည်း ထိုက်သင့်တဲ့ ဒဏ်ကြေးငွေ ပေးဆောင်ခိုင်းပြီး သက်တမ်းတိုး ဆောင်ရွက်ပေးသင့်တယ်လို့ ပြောဆိုကြပါတယ်။
“နှစ်ပေါင်းများစွာ တရားဝင် လိုင်စင်ဘီး စီးလာပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ကယ်လိုင်စင် သက်တမ်းတိုး မလုပ်ဖြစ်ဘူး။ ဒီလို သက်တမ်းလွန် ဆိုင်ကယ်တွေကို အစိုးရအဖွဲ့အနေနဲ့ ဒဏ်ကြေးသတ်မှတ်ပြီး လိုင်စင်လုပ်ပေးစေချင်တယ်။ လိုင်စင် မရှိသေးတဲ့ ဆိုင်ကယ်တွေကိုလည်း လိုင်စင် လုပ်ပေးစေချင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ကန့်သတ်ချက်အရ သက်တမ်းလွန်နေတဲ့၊ လိုင်စင်မရှိသေးတဲ့ မော်တော်ဆိုင်ကယ်တွေအနေနဲ့ စက်သုံးဆီ ဝယ်ယူခွင့် မရရှိတာကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Photo – CJ
