ဧပြီ ၂ ၊ ၂၀၂၆
CC (VOM)
စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်းတွေကို အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ယာယီသမ္မတက ဆွေးနွေးပွဲတခုမှာ ဆွေးနွေးပြောကြားတာနဲ့ ပတ်သက်ပြီး ကားလောကမှာဂယက်တွေထနေပါတယ်။ ဒီပြောဆိုချက်အပြင် တိကျတဲ့ မူဝါဒ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပြောဆိုပါတယ်။
” ဘယ်လို ခွင့်ပြုမယ် ၊ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွန်ချက် လာမှ မော်ဒယ်အလိုက် ဘယ်လို သတ်မှတ်မလဲ၊ ကားအမျိုးအစားအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ကားတန်ဖိုးအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ရန်ကုန်လိုင်စင်/ နယ်လိုင်စင် ဘယ်လိုသတ်မှတ်မလဲ ၊ ကားသွင်းခွင့်ကို စလစ်ကပ်ပြီး ပုဂ္ဂလိက တဦးချင်း ကိုယ်သွင်းချင်တဲ့ EV ကားကို ပေးမှာလား ။လက်ရှိ ကုမ္မဏီတွေကပဲ ဝယ်ရမှာလား။ နိုင်ငံခြားငွေလွဲကို ဘယ်လို စနစ်နဲ့ခွင့်ပြုမှာလဲ ။ ခွင့်ပြုတဲ့ အပေါ်လိုက်ပြီး ဘယ်လိုလုပ်ရမယ် ၊ဘယ်လိုသွင်းခွင့်ရမယ် ဆိုတာ သိရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ပုဂ္ဂလိက တဦးချင်းကားသွင်းခွင့်ရတော့မယ်ဆိုရင် လက်ရှိ EV ကားဈေးကွက်က အတိုင်းအတာ တခုအထိ ဈေးကွက် ယှဉ်ပြိုင်မှုတွေ ဖြစ်လာမှာ မလွဲပါဘူး ။EV ကားဈေးတွေလည်း နိုင်ငံတကာနဲ့ယှဉ်ပြီး ဈေးတန်းတွေ အဆင်ပြေသွားမယ် မျော်လင့်ရပါတယ်။” လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတယောက်က ပြောပါတယ် ။
စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ဖို့အတွက် စက်သုံးဆီသုံးယာဉ်အို.ယာဉ်ဟောင်းအပ်နှံပြီး EV ကား တင်သွင်းတဲ့ စနစ်ပြုလုပ်သွားမယ့် အကြောင်းကို ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ စက်သုံးဆီများဖူလုံစွာရရှိရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက်လိုအပ်တဲ့ ဓာတ်မြေဩဇာ လုံလောက်စွာရရှိရေးအစည်းအဝေးမှာ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မ ရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်း MAMDA ရဲ့ အထွေထွေအတွင်း ရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့်က
” အစိုးရ အနေနဲ့က ရှေ့သွားမယ့် လုပ်ငန်းစဥ်တခုချပြတာပေါ့။ ချပြတဲ့ မူဝါဒဖြစ်ဖြစ် ညွှန်ကြားချက်ဖြစ်ဖြစ် ဒါကနောက်မှာလုပ်ထုံးလုပ်နည်းဆိုတာပါလာတယ်။ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုလာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့ ။စက်သုံးဆီယာဥ်အိုယာဥ်ဟောင်းတွေကို အပ်နှံမယ်။ ပြီးရင် EV ပြန်တင်သွင်းခွင့်ပြုမယ်ဆိုတာ ရှေ့သွားရမယ့်လမ်းကြောင်းမူဝါဒမှာ စက်သုံးဆီလျှော့ချမယ်၊ကမ္ဘာကြီးပူနွေးမှုလျှော့ချမယ်၊EV ကဏ္ဍမြှင့်တင်လိုက်တာ သွားကိုသွားရမယ့် လုပ်ငန်းစဥ်ပါ။ ဒါပေမယ့် အဲဒီလုပ်ငန်းစဥ်က ဘယ်တော့လဲ ၊ ဘယ်အချိန်ဘဲ ဘယ်လိုသွားမလဲ တိကျတဲ့ အသေးစိတ်ကျမှ အကြမ်းဖျင်း စျေးတက်မယ်ကျမယ် ပြောလိုရမယ်။ ” လို့ ပြောပါတယ် ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် EV စျေးကွက်ကိုထိန်းမိတယ်လို့ မြင်တယ်။ အရမ်းထိုးတက်နိုင်တဲ့အချိန်မှာ ရပ်လိုက်နိုင်တဲ့သဘောတော့မြင်တယ်။ စျေးတန်းတခုကိုတော့ ထိုးတက်သွားနိုင်တဲ့အခြေအနေမရှိဘူး ။ငြိမ်သွားမယ်။” လို့ သူက ပြောပါတယ်။
သူက ထပ်မံပြီး ” လုပ်ထုံးလုပ်နည်းတွေ မူဝါဒ အတိအကျမထုတ်ပြန်ရင် ခုတရားဝင်တင်သွင်းခွင့်ရတဲ့ showroom တွေအောက်ကိုပဲ သူ့တို့မူဝါဒအောက်မှာပဲ အညံ့ခံပေးရမလိုပဲ မြင်တယ်။ ” လို့ ပြောပါတယ် ။
ပြည်တွင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေကလည်း အခုလို စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်းတွေကို အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ့် အစီအစဥ်ကြောင့် ပြည်တွင်း EV လျှပ်စစ်ကားစျေးကွက်က အတက်ရပ်ပြီး အကျဘက်ကိို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုမှု ရှိနေပါတယ်။
ယာဥ်အိုယာဥ်ဟောင်း အပ်နှံတဲ့အစီအစဥ်က အရင် သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက ရှိခဲ့ကြောင်း အရင်ကတော့ ယာဥ်အိုယာဥ်ဟောင်းကို မဖြစ်မနေ အပ်စရာမလိုကြောင်း သိရပါတယ်။
” EV ကတော့ ပါမစ်တွေ အများကြီး ထွက်လာတော့မှာမို့ ဆီကိစ္စမဖြစ်ခင်တုန်းက ဈေးတန်းထက်ကို ကျနိုင်ပါတယ် ။ယာဉ်အို ယာဉ်ဟောင်းဆိုတာ အရင်ကတော့ သက်တမ်းနှစ် ၂၀ ကားတွေကိုပြောတာ ။ဒါက တော့ အရင်ကတည်းက နှစ် ၂၀ ကျော်ကားတွေကို အရည်ကျို အပ်ချင်လည်း အပ်လို့ရတယ်။ မအပ်ချင် လည်း စီးနေလို့ရတယ် ။ JDM တွေကတော့ ကားကောင်းရင် မအပ်ပဲစီးနေလို့ရတယ် ။JDM ကားဈေးကတော့ အခုလို မဖြစ်သင့်တဲ့ ဈေး တန်းကို ရောက်နေတာကနေ ထိုက်သင့်သ လောက် ကျသွားနိုင်တယ် ။JDM တွေကတော့ ၂၀၂၀ မော်တော်ယာဉ်ဥပဒေကြောင့် တင်သွင်းခွင့်ရဖို့ ဘယ်လိုမှမဖြစ်နိုင်သေးပါဘူး ။ယာဉ်အို ယာဉ်ဟောင်းအပ်တာမှာ မဖြစ်မနေ အပ်ရမယ်လို့ မရှိခဲ့ဖူးဘူး ။ အရပ်သားအစိုးရဆိုတာပြည်သူတအားထိခိုက် နစ်နာမယ့် ကိစ္စတွေဆိုရင် လွှတ်တော်ထဲမှာ ကန့်ကွက်လို့ရတယ် ။ ” လို့ ကိုတိုး ( အွန်လိုင်းကားဝပ်ရှော့) က သုံးသပ်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ EV ကားစျေးကွက်က စုံမ ရက်သတ်မှတ်လိုက်ချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ အတက်စျေးတန်းမှာပဲ ရပ်နေပြီး ကားတစီးတန်ဖိုးက အနိမ့်ဆုံး ၆၀၀ မှ ၇၀၀ ကစရှိပြီး အမြင့်ဆုံး သိန်း ၆၀၀၀ မှ ၇၀၀၀ အတွင်း စျေးတန်းရှိနေတယ်လို့ သိရပါတယ်။
EV ကားတွေကို အရင်က လမ်းတံတားအသုံးပြုခနူန်းထား ကင်းလွတ်ခွင့်ပြုထားရာကနေ ဒီလ ဧပြီ ၁ ရက်ကစပြီး လမ်းတံတားအသုံးပြုခတွေလည်း စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – ကိုကျော်ကြီး
