အင်းတော်ကို တပ်က ပြန်လည်ရရှိ ၊ ကသာမှာလည်း စစ်ရှောင်တွေ အများစုပြန်ဝင်ရောက်လာ

ဧပြီ ၃၀ ၊ ၂၀၂၆
GG (VOM)
အင်းတော်မြို့ကို အစိုးရတပ်စစ်ကြောင်းက ဒီကနေ့ ဧပြီ ၃၀ ရက်မှာ ပြန်လည် ရရှိသွားပြီ ဖြစ်တယ်လို့ ဒေသခံတွေနဲ့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ် ။
အစိုးရတပ်တွေဟာ အင်းတော်မြို့နဲ့ ခြောက်မိုင်လောက်သာဝေးတဲ့ နဘားလမ်းဆုံကို ဧပြီ ၂၉ ရက်နေ့မှာ ထိုးဖောက် ဝင်ရောက် သိမ်းပိုက်ခဲ့ပြီးနောက် ဒီနေ့မှာတော့ စစ်ကြောင်းက အင်းတော်မြို့တွင်းကို ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကနေလည်း ပစ်ကူတိုက်ခိုက်ပေးတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ဆုတ်ပေးလိုက်ရတာကြောင့် အစိုးရတပ်စစ်ကြောင်းက မြို့ထဲဝင်ရောက်ပြီး နေရာယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” အင်းတော်ကို ဒီနေ့ရပါပြီ။ မြို့ထဲမှာ ဘာမှမရှိတော့ဘူး ။ PDF တွေလည်း မရှိတော့ဘူး ။မြို့​ကလည်း ပျက်နေပါပြီ။ အိမ်တွေလည်း ရစရာမရှိတော့ပါဘူး ။ အင်းတော်ပြန်ရရင်တော့ ကသာ – အင်းတော်လမ်းပြန်ဖွင့်ပေးရင် ပြည်သူတွေ တော်တော်အဆင်ပြေမှာပေါ့။ ” လို့ လုံခြုံရေး အဖွဲ့နီးစပ်သူ က ပြောပါတယ်။
အစိုးရတပ်စစ်ကြောင်းဟာ ဧပြီ ၂၁ ရက်ကစပြီး ကသာကနေ ထိုးစစ်ဆင် တိုက်ခိုက် လာတာဖြစ်ကြောင်း ၊ ကသာ – အင်းတော်လမ်းတလျှောက်မှာ တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးတွေလည်းရှိခဲ့ကြောင်း ၊ အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၀ ရက်အကြာမှာ အင်းတော်ကို ပြန်လည်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
အင်းတော်ကို ထိန်းချုပ်ပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးပါက စစ်ရှောင်တွေလည်း နေ ရပ်ပြန် လည်ဝင်ရောက်နိုင်မှာ ဖြစ်သလို ကသာ – အင်းတော်လမ်းပိုင်းလည်း ပြန်လည်ဖွင့်လှစ်လာနိုင်ပြီး ကသာဒေသခံတွေ ပိုပြီး အဆင်ပြေလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
အင်းတော်မြို့ကို ၂၀၂၅ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီးနဘားလမ်းဆုံကိုတော့ ၂၀၂၄ခုနှစ် ဩဂုတ်လ ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့နဲ့ မိုင် ၂၀ လောက်သာဝေးတဲ့ ကသာမြို့မှာလည်း အစိုးရတပ်က မတ်လကုန်လောက်ကစပြီး အခြေအနေကို ပြန်လည်ထိန်းနိုင်ခဲ့ပြီး တိုက်ပွဲတွေ ရပ်သွားခဲ့ကာ စစ်ရှောင်တွေ နေရပ်ပြန်လည် ဝင်ရောက်မှု ရှိခဲ့ပါတယ်။
လက်ရှိမှာဆိုရင် ကသာမြို့ကို စစ်ရှောင်တွေ တော်တော်များများ ပြန်လည်ဝင်ရောက်မှုရှိလာနေသလို ပြီးခဲ့တဲ့ အတန်းတင် အခြေခံ စာမေးပွဲမှာ မဖြေလိုက်ရတဲ့ ကျောင်းသူကျောင်းသားတွေကို စာမေးပွဲ ပြန်ဖြေခွင့်ပြုဖို့လုပ်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။
” လမ်းပြန်ပွင့်ရင်တော့ အဆင်ပြေတာပေါ့ ။ အခုထိတော့ မပွင့်သေးဘူး ။ ဒါပေမယ့် အခုကသာက တည်ငြိမ်နေတော့ စစ်ရှောင်တွေ တော်တော်များများ ပြန်ဝင်လာပြီ။ကိုယ့်အိမ်ကို ပြန်နေကြပြီ။ ​ဘူတာစျေးဆိုလည်း နေရာတောင်လုရတယ်။ ပြန်ဝင်ဖို့ကျန်နေတဲ့ ရပ်ကွက်ဆို ၁ နဲ့ ၂ ပဲ ။ ၃ က တဝက်လောက်ပြန်ဝင်လာတယ်။ ၉ လည်းဝင်ပြီး ၊ ၇ လည်းဝင်ပြီ ။ ၅ လည်းဝင်ပြီ ။ ၈ ရပ်ကွက်ကတော့ အိမ်တွေက မရှိသလောက်ကုန်ပြီဆိုတော့ ထားလိုက်တော့ ။ ပအခုပြန်ဝင်နေတာက ထီးချိုင့်နဲ့ ကသာကို ကမ်းနားလမ်းမှာ လမ်းဖောက်ထားတာ ရှိတယ်။ အဲဒီကနေ ဝင်နေတာ ။.လိုင်းကားတွေတောင် ဝင်နေပြီ။ အဲဒီလမ်းကတော့ ဖောက်ထားတာ ကြာပါပြီ။ အရင်ကတော့ တိုက်ပွဲတွေကြောင့် သွားမရတာ ။ ကလေးတွေကို စာမေးပွဲ ပြန်ဖြေခိုင်းဖို့အတွက် ကျောင်းအပ်လက်ခံပြီး ကျောင်းတက်နေကြတယ်။ ဒီတပတ်ထဲမှာ စတက်နေကြပြီ ။ အထက ၁ ကျောင်းမှာပါ ။ ” လို့ကသာ ဒေသခံက ပြောပါတယ်။
ကသာမြို့မှာ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီနောက် မတ်လကုန်လောက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဟာ မြို့ကနေ ဆုတ်ခွာသွားပြီး အစိုးရတပ် နယ်မြေစိုးမိုးမှု ပြန်ရခဲ့ပါတယ်။
ကသာမြို့နယ် တိုက်ပွဲအကြားမှာ လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ သမိုင်းဝင် အဆောက်အဦ ၊ ဘုန်းကြီးကျောင်း၊ ပြည်သူ့ ဆေးရုံကြီးတွေ မီးလောင် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Cj

Related posts

Leave a Comment

VOM News

FREE
VIEW