ဧပြီ ၃၀ ၊ ၂၀၂၆
CKC (VOM)
နေပြည်တော်ကောင်စီ ၊ ဥတ္တရသီရိ မြို့နယ်မှာ ကဆုန်လပြည့်နေ့ ဘုရားဖူးလာတဲ့ သုံးဘီးနောက်တွဲတိမ်းမှောက်လို့ အမျိုးသားတယောက်သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ၁၁ နာရီလောက်မှာ ဥတ္တရသီရိမြို့နယ်ရှိ ဗုဒ္ဓဂယာဘုရားဖူးပြီး ပြန်အလာ အဆင်းလမ်းမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဘုရားဖူး သုံးဘီးကားပေါ်မှာ ယာဥ်မောင်းအပါ ၁၆ ယောက်လောက် လိုက်ပါလာတာဖြစ်ကြောင်း သိရပြီး ကားက ဝိတ်တအားများပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ဗုဒ္ဓဂယာဘုရား ဖွားပွင့်ဟောစံ အဆင်းလမ်းမှာမှောက်တာ ။ တကယ့်ဂုံးဆင်းကြီးမှာ.မထိန်းနိုင်ဘဲ ဖြစ်သွားတာ။ ဝိတ်ကအတော်ကို များတယ်။ လူ ၁၆ ယောက်လောက်ဆိုတာ မတန်တဆကြီးလေ ။ ဒဏ်ရာရာတဲ့အထဲမှာ ကလေးရော ၊ သက်ကြီးရွယ်အို ရောအပါ ၁၂ ယောက်ရှိတယ်။ ဆိုးဆိုးရွားရွား မပါပေမယ့် ပွန်းပဲစုတ်ပြတ်တာ အရေပြားအပေါ်ယံစုတ်ပြတ်တာတော်တော်များတယ်။ သေတဲ့ ကလေးက မောင်းတဲ့သူဘေးမှာထိုင်တာ ။ကားကအရှိန်အထိန်းနိုင်ဘဲ တိမ်းမှောက်တာမှာ အဲဒီကလေးက လိမ့်ကျပြီး ဘေးကတုံးနဲ့ ရိုက်မိတယ်လို့ သတင်းထွက်တာအရသိရတယ်။ ” လို့ မြေပြင်ကူညီရေး လုပ်ဆောင်ပေးခဲ့တဲ့ နေပြည်တော် အခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ ဘုရားဖူးကားဟာ တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတခုက ဖြစ်ပြီး သေဆုံးသူအမျိုးသားက အသက် ၂၀ ကျော်အရွယ် ဖြစ်ကြောင်း ၊ လက်ရှိမှာ ရုပ်အလောင်းကို နေပြည်တော်ကုတင် ၁၀၀၀ ကိုပို့ထားပြီး ဒဏ်ရာရရှိသူတွေကိုတော့ ကုတင် ၃၀၀ ကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဧပြီ ၂၄ ရက်ကလည်း နေပြည်တော် ၊ဇေယျာသီရိမြို့နယ် ၊ပြည်စံအောင်ရပ်ကွက်မှာ လမ်းဘေးရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်တွေကို ကရိန်းကားက ဘီးပေါက်ပြီး ဝင်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးတယောက်သေဆုံးကာ အမျိုးသားတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီ ၁၂ ရက်ကလည်း နေပြည်တော် ကောင်စီ၊ပျဥ်းမနားမြို့ ၊ဘောဂသီရိကားကွင်း အရှေ့ဘက် မြို့ရှောင်လမ်းပေါ်မှာ တွဲကားကို ခြောက်ဘီးကားက နောက်က ဝင်တိုက်မိပြီး အမျိုးသားတယောက် သေဆုံးမှု ရှိခဲ့ပါတယ်။
ဓာတ်ပုံ – သဗ္ဗသုခ
