ဧပြီ ၃၀ – ၂၀၂၆
SN (VOM)
မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းတဲ့နေရာမှာ အရင်က တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပြင်ဆင် ပယ်ဖျက်လိုက်တာဟာ စစ်အုပ်ချုပ်ရေးယန္တရားကနေ အရပ်ဘက်ယန္တရားကို အသွင်ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်နိုင်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၃/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို နိုင်ငံတော်သမ္မတရုံးက အခု ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်၊ ရက်စွဲနဲ့ ပြင်ဆင်ချက်မှာ တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ခဲ့တာ တွေ့ရပါတယ်။
အဲဒီလိုပဲ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ပါ ညွှန်ကြားချက်အမှတ် ၄/၂၀၂၅ နဲ့ ထုတ်ပြန်ခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကိုလည်း ပြင်ဆင်ခဲ့ပြီး တပ်မတော်သားတဦး ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က “ဒါက အရင်အုပ်ချုပ်ရေးစနစ်နဲ့ ဘာကွာနိုင်လဲဆိုတော့ အရင်က စီမံအုပ်ချုပ်ရေးအဖွဲ့မှာ ဗိုလ်မှူးအဆင့် တပ်မတော်သား တဦး ပါဝင်နေတဲ့အတွက် စစ်တပ်က တိုက်ရိုက် စီမံခန့်ခွဲလို့ရတယ်။ အခု အခြေအနေအရဆို အရပ်ဘက်ဝန်ထမ်းတွေ အဓိက တာဝန်ယူတဲ့ ပုံစံကို ပြောင်းလဲလာနိုင်တယ်။ စစ်တပ်ရဲ့ တိုက်ရိုက်ပါဝင်နိုင်မှု လျော့နည်းသွားနိုင်တယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးစနစ်ဟာ အရင်က စစ်ဘက်ဆိုင်ရာဦးစားပေး (Security Priority) ကို အဓိကထားပြီး မြို့နယ်စီမံချက်တွေကို ချမှတ်နိုင်ခဲ့တာ ဖြစ်ပေမယ့် အခုပုံစံကတော့ အရပ်ဘက်စီမံခန့်ခွဲမှု (Civil Administration) ပိုမို အားကောင်းလာပြီး တရားဥပဒေ စိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို အရပ်ဘက် ဝန်ထမ်းတွေက ပိုမို တာဝန်ယူလာနိုင်တော့မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလို ပြင်ဆင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၈ ပါ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်” ဆိုတဲ့ အချက်နဲ့အညီ ဆောင်ရွက်ခြင်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားတဲ့ မြို့နယ်တွေမှာတော့ စစ်အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းမှူးတွေကို အပ်နှင်းထားတဲ့အတွက် အရင်ကလိုပဲ စစ်တပ်က ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင်ရေး အာဏာသုံးရပ်လုံးကို ချုပ်ကိုင်ထားဆဲ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
“ဒီပြင်ဆင်မှုက အုပ်ချုပ်ရေးပုံစံကို အရပ်ဘက် အသွင်ပြောင်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ ယူဆလို့ရပေမယ့် လတ်တလော အခြေအနေအရ Martial Law ကြေညာထားတဲ့ မြို့နယ်က ၆၀ ကျော်တောင် ရှိနေသေးတာလေ။ အဲဒီနယ်မြေတွေမှာ စစ်တပ်ကသာ အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ထားဆဲပဲဆိုတော့ အုပ်ချုပ်ရေးပုံစံက အများကြီး သိသိသာသာ ကွာခြားမှုမရှိသေးပါဘူး။ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာကို စစ်ခုံရုံးကတဆင့် ကျင့်သုံးလို့ ရနေတုန်းပဲ” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ မြို့နယ်နဲ့ ခရိုင် အုပ်ချုပ်ရေးမှူးတွေကို ရွေးကောက်ပွဲ နည်းလမ်းနဲ့ ရွေးချယ် ခန့်အပ်သင့်ကြောင်း အဆိုပြုမှုတွေလည်း ရှိလာနေပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (GAD) မှ ဝန်ထမ်းတွေက အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားပေမယ့်လည်း စစ်ဘက်ရဲ့ ညွှန်ကြားချက်တွေ အောက်မှာသာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“အုပ်ချုပ်ရေးပုံစံကို အရပ်ဘက် ဝန်ထမ်းတွေချည်း အပြည့်အဝ ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ပြည်သူတွေနဲ့လည်း ဆက်ဆံရေး ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိလာနိုင်တယ်။ အုပ်ချုပ်ရေးယန္တရား ပုံမှန်အတိုင်း ပြန်ပြီးလည်ပတ်နိုင်ဖို့ အထောက်အကူတခုလည်း ဖြစ်လာနိုင်တယ်” လို့ ပြည်သူတယောက်က ပြောပါတယ်။
နိုင်ငံတော်သမ္မတရုံးက လက်ရှိ ထုတ်ပြန်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြင်ဆင်တဲ့ ညွှန်ကြားချက်ဟာ ၃/၂ဝ၂၅ ရဲ့ အပိုဒ် ၁၁ ကို အစားထိုး ပြင်ဆင်ခြင်းဖြစ်ကာ ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ခရိုင်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးပါဝင်မှာဖြစ်ကာ အဖွဲ့ဝင်တွေအဖြစ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ဥပဒေရုံး ခရိုင်ဥပဒေအရာရှိ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတဦးတို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြင်ဆင်ရာမှာလည်း ၄/၂၀၂၅ ရဲ့ အပိုဒ် ၁၁ ကို အစားထိုး ပြင်ဆင်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး (ဒါမှမဟုတ်) ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော်ကောင်စီအနေနဲ့ မြို့နယ်အုပ်ချုပ်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ယူမှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ပါဝင်မှာဖြစ်ကာ အဖွဲ့ဝင်တွေအဖြစ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေရုံး မြို့နယ် ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူတဦးတို့နဲ့ ဖွဲ့စည်းရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo – CJ
