ဧပြီ ၃၀ – ၂၀၂၆
SS (VOM)
ချင်းပြည်နယ် (တောင်ပိုင်း) အစပ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေစိပ်လာနေတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
လက်ရှိမှာ မကွေးတိုင်း၊ ကျောက်ထုအမြောက်တပ် (အမတ ၃၆၈) မှ အစိုးရတပ်တွေဟာ ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ၁၂ မိုင်အကွာရှိ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ကစပြီး အင်အားအများအပြားနဲ့ ရောက်ရှိလာကာ အထိုင်ချ တပ်စွဲထားတယ်လို့ သိရပါတယ်။
“အရင်ကလည်း နယ်မြေရှင်းလင်းရေး လုပ်တာလိုမျိုး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် အခုလို အထိုင်ချ တပ်စွဲတာမျိုးတော့ မရှိခဲ့ဘူး။ အစိုးရတပ်အနေနဲ့ ဖလမ်းကို ထိန်းပြီးပြီဆိုတော့ ချင်းတောင်ပိုင်းကို ဆက်ပြီး ထိုးစစ်ဆင်လာနိုင်တဲ့သဘော ရှိနေတယ်။ ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ လေကြောင်းရန်ကို အထူး သတိပြုကြဖို့လိုတယ်” လို့ စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
ကံကြီးကျေးရွာဟာ မကွေးတိုင်း၊ ယောဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ အဓိက ပင်မ ဆက်သွယ်ရေးလမ်းဆုံ ဖြစ်တယ်လို့ သိရပြီး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က ကုန်သည်တွေဟာ အဲဒီကျေးရွာကိုဖြတ်ကာ မကွေးတိုင်း၊ ဆောမြို့နယ်ကနေ ကုန်စည်စီးဆင်းမှု ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ ကြန်တော – ကံကြီး – ရေရှင် လမ်းပိုင်းတလျှောက် ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြဖို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေက အသိပေးထားပြီး မြေပြင် စစ်ကြောင်းထက် ချင်းနဲ့ ယောနယ်ကို လေကြောင်း တိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာနိုင်တဲ့အတွက် ဗုံးခိုကျင်းတွေ တူးထားဖို့၊ လေကြောင်းအန္တရာယ် ဂရုစိုက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။
မနေ့ ဧပြီ ၂၉ ရက်၊ မနက်ပိုင်းကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကိုးယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ကျင်ဒွေးမြို့၊ မုန်းချောင်းအနီးက လမ်းတံတား ပြုပြင်တဲ့နေရာမှာ မနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တံတားပြင်ဆင်ရာမှာ အသုံးပြုနေတဲ့ JCB စက်ကြီးတစီးအပြင် DAYAN ကားတစီး၊ ဆိုင်ကယ် လေးစီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
“တံတား ပျက်စီးနေလို့ ဝိုင်းပြင်နေကြတဲ့အချိန် လေကြောင်းတိုက်ခိုက်တာဖြစ်တာ။ ကိုးယောက်လုံး နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရ လေးယောက်မှာ နှစ်ယောက်က စိုးရိမ်ရတယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။
ချင်းပြည်နယ် (မြောက်ပိုင်း) က ဖလမ်းမြို့ကို အစိုးရတပ်က ဧပြီ ၂၅ ရက်နေ့က ပြန်လည် ထိန်းချုပ်ထားကာ လက်ရှိမှာ မြေပြင် ရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုတွေလည်း ဆက်လက် ပြုလုပ်နေတယ်လို့ သိရပြီး မြို့အနောက်ဘက်ရှိ ခွန်လုံကျေးရွာအနီးကို ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်၊ ည ၁၁ နာရီ၊ မိနစ် ၂၀ ကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်အတွင်း ဇန်နဝါရီလမှ မတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ် ဖြစ်ပွားခဲ့တာမှာ ၁၉ ယောက် သေဆုံးခဲ့ပြီး ၄၂ ယောက် ဒဏ်ရာရရှိခဲ့ကာ အဆောက်အဦ ၈၈ လုံး ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Photo – CJ
