ဧပြီ ၃၀ ၊ ၂၀၂၆
GG (VOM)
ကားနဲ့ဆိုင်ကယ်တွေ စုံ / မ ရက် သတ်မှတ်ချက်အလိုက်သာ လမ်းေပါ်ထွက်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ ပြည်သူလူထုက တောင်းဆိုမှု မြင့်တက်လာနေ ပါတယ်။
စုံ / မ ရက် ကန့်သတ်မှုက အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေအတွက် ပိုပြီး အဆင်မပြေမှုတွေ ဖြစ်လာနေကြောင်း ၊ စုံ / မသတ်မှတ်ချက်ကြောင့် အိမ်စီးကားအများစု အဖမ်းခံရပြီး တရားရုံးမှာ ဒဏ်ကြေးဆောင်ရတာတွေလည်း ရှိနေသေး တယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်သုံးဆီကလည်း ကား နဲ့ဆိုင်ကယ်ကို QR ကုတ်စနစ်နဲ့ ဆီပမာဏသတ်မှတ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်လို့ စုံ/ မ ရက်ခွဲပြီး လမ်းပေါ်ထွက်ခွင့်ပြုတဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုရှိလာတာဖြစ်ပါတယ်။
“ရန်ကုန်မှာ ည ၉နာရီ ကျော်အထိကို စုံ/မ ဖမ်းတာတွေ့ရတယ် ။ မရက်မှာ စုံကားထွက်ရင် ခုထိဖမ်းတုန်းပဲ ။ ပြီးရင် ချလံ ဖြတ်တယ်။ တရားရုံးမှာဆောင်ရတယ်။.တချို့လည်း တခါတည်း.ငွေပေးပြီးတာရှိတယ်ပြောပေမယ့် ။ ကျွန်တော်တော့ တရားရုံးမှာ သွားဆောင်ခဲ့ရတယ်။ ကျွန်တော်တို့မှာ ဆီလည်း.တရားဝင်ဆိုင်မှာဝယ်လို့ရတာက အကန့်အသတ်နဲ့ ရတယ်။ လိုချင်သလောက် ရောင်းမပေးဘူး ။ ကားအတွက်လည်း အခွန်ဆောင်ထားတယ်။.အဲဒါကို စုံ မခွဲပြီး ကားထွက်ခွင့် သတ်မှတ်တာကို အခုတော့ ဖြေလျှော့ပေးဖို့လိုလာပါပြီ။ ဆီစျေးကြီးလို့ ဘယ်သူမှလည်း.အပြင်ကို မလိုအပ်ပဲ မထွက်ပါဘူး ။ ဆီဆိုင်တွေလည်း အရင်လို တန်းစီရတာ မရှိတော့ပါဘူး ။ နည်းသွားပါပြီ ။ ” လို့ ရန်ကုန်မြို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ် ။
စုံ/ မကန့်သတ်ချက်ကြောင့် အလုပ်ကိစ္စ သွားလာရမယ့်သူတွေ ၊ ကျောင်းကြိုကျောင်းပို့လုပ်မယ့်သူတွေ ၊ ကျန်းမာရေး အရေးပေါ် ကိစ္စ သွားဖို့လိုအပ်သူတွေ စတဲ့ မဖြစ်မနေ အပြင်ထွက်ဖို့ လိုတဲ့ ကိစ္စတွေအတွက် အဓိက အခက်အခဲ ဖြစ်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် မကြာခင်မှာ.အခြေခံပညာစာသင်ကျောင်းတွေလည်း ပြန်လည်ဖွင့်လှစ် တော့မှာ ဖြစ်တဲ့အတွက် စုံ / မ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ လိုအပ်တယ်လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
” ကျောင်းတွေ ပြန်ဖွင့်လို့ စုံ / မ မဖျက်သေးရင် အဆင်မပြေဘူး ။ ကလေးက နေ့တိုင်းကျောင်းပို့ရမှာ လေ ။ အခုလည်းနွေရာသီ သင်တန်းနဲ့ ကျူရှင် တက်နေရတာ ။ အပြင်ထွက်ဖို့အရေး ဒုက္ခရောက်နေရတယ်။ ဆီတွေလည်း အဆင်ပြေလာပါပြီ။ စုံမ ကို ဖျက်ပေးသင့်ပါပြီ။ စုံ / မ ဆီပေးတာ အဆင်ပြေပါတယ်။ စုံ /မ အပြင်ထွက်ခွင့် ကန့်သတ်ချက်ကိုသာ ပယ်ဖျက်ပေးဖို့ လိုအပ်နေတာပါ။ ” လို့ ရန်ကုန် မြောက်ဒဂုံက ကျောင်းသားမိဘတယောက်က ပြောပါတယ်။
စက်သုံးဆီ ဆိုင်တွေမှာ စုံ / မရက် ခွဲပြီး ဆိုင်ကယ် ၊ကားတွေကို ဆီပမာဏ အကန့်အသတ် နဲ့ရောင်းချပေးတာက ဆီတန်းစီရတဲ့ ဒုက္ခကို အဆင်ပြေပေမယ့် စုံ/ မ ရက်အလိုက် လမ်းမပေါ်ထွက်ခွင့် ကန့်သတ်တာကတော့ အဆင်မပြေတဲ့အတွက် ပယ်ဖျက်ပေးဖို့ လိုအပ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
” အခုဆီဆိုင်တွေက အဆင်ပြေနေတယ်။ စုံမရက်ပဲ ကားတွေ လမ်းပေါ်ထွက်ရမယ်ဆိုတော့ ကိုယ့်ကားရရမယ့် ဆီပမာတောင် အပြည့်မထည့်ရတဲ့ကားတွေ ဆိုင်ကယ်တွေ အများကြီးပဲ။ ဆီဆိုင်တွေမှာ ဆီတွေ ပိုနေတယ်။ သူများကို မပြောဘူး ။ ကျွန်တော့်ဆိုင်ကယ်ဆိုရင် စုံ ပါ ။ အဲဒီတော့ စုံရက် မှဆီထည့်ရတယ်။ ထည့်ရင်လည်း ဆီအကျန်ရှိတော့ အပြည့်မရဘူး ။သိရသလောက် တပတ်ကို ရှစ်လီတာ သိရပေမယ့် အပတ်တိုင်း ထည့်ဖြစ်တာ မရှိဘူး ။ သွားလာဖို့ဆိုလည်း စုံရက် စောင့်လုပ်နေရယ်။ မဖြစ်မနေသွားဖို့ဆိုရင် အိုးဝေငှါးရတယ်။ ၁၇၀၀၀ ကုန်တယ်။ စုံမ ကဖျက်သင့်ပြီ ။ ” လို့ ပဲခူးတိုင်း ပြည်သူတယောက်က ပြောပါတယ်။
စုံ / မ ရက်အလိုက်သာ လမ်းပေါ်ထွက်ရမယ့် စနစ်ကိုတော့ အစိုးရက မတ်လ ၁၄ မှာ စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး ခုဆိုရင် အချိန်တလခွဲ ဝန်းကျင်အထိ ရှိလာနေပြီ ဖြစ်ပါတယ်။
စက်သုံးဆီခြွေတာဖို့အတွက်ဆိုပြီး အစိုးရက စုံ / မ စနစ်ကို စတင်ကျင့်သုံးခဲ့တာဖြစ်ပြီး အလားတူ စက်သုံးဆီကိုလည်း QR ကုတ်စနစ်နဲ့ ရောင်းချဖို့စီစဥ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တနိုင်ငံလုံး အနေနဲ့ ဧပြီလမှာ QR ကုတ်စနစ်နဲ့ စက်သုံးဆီ ရောင်းချတဲ့ အစီအစဥ်ကိုစတင်ခဲ့ပြီး ဆီဆိုင်တွေမှာ ဆိုင်ကယ်နဲ့ကား တန်းစီစောင့်ဆိုင်းမှုတွေ မရှိသလောက် နည်းသွားပါတယ်။
ဓာတ်ပုံ – CJ
