ကန်ပက်လက် ၊ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ရှစ်ယောက်သေ ၊ သုံးယောက်ဒဏ်ရာရ

ဧပြီ ၂၉ ၊ ၂၀၂၆
GG (VOM)
ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူရှစ်ယောက် သေဆုံးကာ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဒီကနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားအနီးကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ရှိနေတယ်လို့ သိရပါတယ် ။
” ခုသိရသလောက်က ရှစ်ယောက်သေတယ် သိရတယ် ။ အမျိုးသားကခုနှစ်ယောက်နဲ့ အမျိုးသမီးတယောက်ပါ။ ဒဏ်ရာရလည်းရှိတယ်။ ကားနဲ့ဆိုင်ကယ်တွေလည်း ပျက်စီးသွားတယ် သိရတယ် ။ ” လို့ စစ်ရှောင်အရေးကူညီနေသူက ပြောပါတယ်။
အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားဟာ ကန်ပက်လက်မြို့နဲ့ ပလက်ဝမြို့ကို သွားလာနိုင်တဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
ကျင်ဒွေးမြို့လေကြောင်း တိုက်ခိုက်မှု နဲ့ပတ်သက်လို့ သေဆုံး ဒဏ်ရာရအခြေအနေ ၊ ပျက်စီး ဆုံးရှုံးမှုကို ချင်းတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမျိုး မတွေ့ရှိရသေးပါဘူး ။
ကန်ပက်လက်မြို့နယ်ကတော့ မကြာသေးခင်ကမှ စစ်အုပ်ချုပ်ရေး ကြေငြာထားတဲ့ မြို့နယ်ဖြစ်ပြီး ချင်းညီနောင် ​ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
ကျင်ဒွေးမြို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်မှာချင်းညီနောင် (CB) နဲ့မဟာမိတ် ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး ကန်ပက်လက်မြို့ကိုတော့ အဲဒီနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ချင်းပြည်နယ်ထဲက ချင်းညီနောင်တပ်တွေ သိမ်းပိုက်ထားတဲ့ ကန်ပက်လက်၊ ကျင်ဒွေးအပါ မြို့နယ်တွေကို အစိုးရတပ်က ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် လေကြောင်းကနေ တိုက်ခိုက်မှုပြုပြီး မြေပြင်စစ်ကြောင်းထိုး ရှင်းလင်းဖို့ပါ လုပ်ဆောင်လာတဲ့ သဘောရှိတယ်လို့ သိရပါတယ်။
ပြီးခဲတဲ့ ရက်ပိုင်းကလည်း ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဖလမ်းမြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW