သူတို့အိမ် အခန်း (၁၀၄)

ဆူးငှက်

တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာ
————————————————-

ကျွန်တော်က အမိတက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံသစ်များထက် အဆောက်အအုံဟောင်းများကို စိတ်ဝင်စားသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်ကာ ဆက်လက်အသုံးပြုခြင်းဖြင့် ဤတက္ကသိုလ်၏ သမ္ဘာ၊ ရင့်ကျက်မှုနှင့် ဖြတ်သန်းမှုကို သိသာစေသည်။ အဆောက်အအုံဟောင်းများကို ထိန်းသိမ်း ပြုပြင်ရာတွင်ပင် သစ်လွင်တောက်ပမှုအစား တည်ငြိမ် ခံ့ငြားမှု မူလအသွေးကို မထိခိုက်စေလိုပေ။ ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမကြီး မျက်နှာစာကို ရေညှိတက်နေသည့် မူလ အသွေးအတိုင်း ထားစေလိုသည်။ ကျန်သည့်အပိုင်းများကိုသာ ပြုပြင် မွန်းမံစေလို၏။ မျက်နှာစာ၏ ရေညှိတက် အသွေးက တက္ကသိုလ်၏ သက်တမ်း၊ ရင့် ကျက်မှုနှင့် သမ္ဘာကို ပြဆိုသည်ဟု ရေးခဲ့ဖူးသည်။

မြန်မာပြည်တွင် ရန်ကုန်တက္ကသိုလ်က သက်တမ်းအရင့်ဆုံးဖြစ်သည်။ ဒုတိယ သက်တမ်းအရင့်ဆုံးက မန္တလေး တက္ကသိုလ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်က ၁၉၂၀ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးတက္ကသိုလ်က ၁၉၂၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကြံဖန် ဂုဏ်ယူ၍ ပြောရလျှင် မန္တလေးတက္ကသိုလ်က မြန်မာအမျိုးသားများ၏ ပူးပေါင်းကြံဆကာ တည်ထောင်ခဲ့သော ပထမဆုံးတက္ကသိုလ်ဟု ပြောလို့ရသည်။ မန္တလေးတက္ကသိုလ်သည် မြန်မာလူမျိုးများ၏ ဝံသာနုစိတ်နှင့် ဇာတိမာန်သက်သက်ကတဆင့် အမြော်အမြင်ကြီးစွာ ပေါ်ပေါက်ခဲ့ရသည့် မြန်မာတွေ မျိုးစေ့ချ၊ ပျိုးထောင်၊ ပေါင်းသင်၊ ရှင်သန်၊ ကြီးထွား၊ ပွင့်လန်းခဲ့သော မြန်မာ အမျိုးသားတက္ကသိုလ်ကြီးဖြစ်ပသည်။ အင်္ဂလိပ်အစိုးရ၏ တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ စတင်ခဲ့သော သပိတ်တိုက်ပွဲ၏ အသီးအပွင့် လည်းဖြစ်သည်။

မန္တလေးမြို့လူထုက တောင်းဆိုခဲ့ကြသည်
—————————————–

၁၉၂၀ခုနှစ် ပထမကျောင်းသားသပိတ်ကြီး စတင် ပေါ်ပေါက်လာခဲ့ပြီးနောက် အမျိုးသားကျောင်း၊ အမျိုးသား ကောလိပ်နှင့် အမျိုးသားပညာရေး တောင်းဆိုမများနှင့်အတူ အထက်မြန်မာပြည် မန္တလေးမြို့မှာလည်း ဥပစာကောလိပ် တစ်ကျောင်း ဖွင့်လှစ်နိုင်ရန် မန္တလေးမှာရှိကြသည့် ဗဟိုစည် ဦးဘဦး၊ ကျောက်စာဝန် တော်စိန်ခိုနှင့် ရသေ့ကြီး ဦးခန္တီတို့ ဦးဆောင်ပြီး မန္တလေးမြို့လူထုက တောင်းဆိုခဲ့ကြသည်။ အကယ်၍ အင်္ဂလိပ်အစိုးရက မလိုက်လျောလျှင် မန္တလေးမြို့ လူထုအနေနှင့် ကိုယ့်အလှူငွေနှင့်ကိုယ်၊ ကိုယ့်မြို့မှာ ကိုယ့်ကောလိပ် ကိုယ်ကိုယ်တိုင် ဖွင့်ကြမည်ဟု တင်ပြကြသည်။ နိုင်ငံရေးမျက်နှာစာမှာလည်း ဂျီစီဘီအေ ဦးချစ်လှိုင်က ဦးဆောင်ပြီး တောင်းဆိုကြသည်။

တစ်ဆက်တည်း ဝံသာနု ခေါင်းဆောင် ဦးဘဘေက ဥပဒေပြုကောင်စီတွင် ၁၉၂၀ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ရန် ဥပဒေအကြမ်း တင်ခဲ့သည်။ ပထမအဆင့်အနေနှင့် ၁၉၂၄ခု ဧပြီလတွင် အစိုးရက ဥပေဒကို ပြင်ဆင်ဖို့ အတည်ပြု ပေးခဲ့ရသည်။ ထို့ပြင် ၁၉၂၄ခု ပြင်ဆင်ချက် ဥပဒေအရ အထက်မြန်မာပြည်တွင် ဥပစာကောလိပ်ကို စတင်ဖွင့်လှစ်ရန် ကော်မတီ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် အထက်မြန်မာပြည်အတွက် ဥပစာကောလိပ်ကို မန္တလေးမြို့တောင်ပြင် ဗောဓိကုန်း ရပ်ကွက်တွင် ရှိသော စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းထဲက တစ်ထပ် အုတ်တိုက်နီကလေး တွင် ၁၉၂၅ခုနှစ် ဇူလိုင် ၄ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

၁၉၂၄ – ၂၅ ဝန်းကျင် ဥပစာကောလိပ်မတိုင်မီ
————————————————

စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီး ဖွင့်လှစ်သည့် ကာလ နှင့် မန္တလေးဥပစာ ကောလိပ် ဖွင့်လှစ်သည့် ကာလ (၁၉၂၄-၁၉၂၅ခုနှစ်) နောက်ပိုင်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလများတွင် ပင်မ၃ထပ်ဆောင်ကြီး ဝန်းကျင်တည်ရှိ နေသော အဆောက်အအုံများမှာ စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင် (ယခု ပင်မအဆောက်အအုံ)၊ မျက်နှာချင်းဆိုင် လမ်း၏ အနောက်ဘက်မှာ ဥပစာကောလိပ် ဖွင့်လှစ်ခဲ့သည့် တစ်ထပ် အုတ်တိုက်နီလေး၊ ထိုအုတ်တိုက်နှင့် လမ်းပဲခြားသည့် အရှေ့ဘက်က တစ်ထပ် အုတ်တိုက်နီလေး (နောင် နယ်မြေအင်ဂျင်နီယာရုံး)၊ စိတ်ပညာဌာန အဆောက်အအုံ၊ စိုက်ပျိုးရေးအရာရှိ နေသည့် ၂ထပ်တိုက် ၁လုံး၊ ပါမောက္ခချုပ်၊ တိုင်းစိုက်ပျိုးရေးအရာရှိ နှင့် ဧည့်ဂေဟာ ၁ အဖြစ် အသုံးပြုခဲ့သော ၂ထပ်တိုက်ကြီး ၃လုံးပဲ ရှိပါသတဲ့။ ထို အဆောက်အအုံများရှေ့ အရှေ့အနောက်လမ်း (ရွှေမန်းလမ်း) ၏့ လက်ယာဘက် သိပ္ပံလမ်းထိပတွင် စိုက်ပျိုးရေးသစ်စေ့ ဓာတ်ခွဲခန်း အဆောက်အအုံ တစ်လုံးရှိပြီး ရတနာပုံလမ်း၏ အရှေ့ဘက်မှာ ရတနာပုံကျောင်းဆောင် နှင့် အရာရှိများ နေအိမ် ၁၈လုံးပဲ ရှိပါသတဲ့။

စစ်ကြီးအပြီး ၁၉၄၇ခုနှစ်တွင် ဥပစာကောလိပ်ကို ယူနီဗာစီတီ ကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ရန် ကွယ်လွန်သူ အာဇာနည် ဆရာကြီးဦးရာဇတ်၏ လမ်းညွှန်ခဲ့မှုဖြင့် ကျောင်းအုပ်ကြီး ဦးကိုလေး(ဇေယျာမောင်) ဦးဆောင် ကြိုးပမ်းကြသောအခါ အိန္ဒိယစစ်တပ်က စစ်ဆေးရုံအဖြစ် အသုံးပြုထားသော စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီးနှင့် စစ်တပ်ကြေးနန်းဆောင် အဖြစ် အသုံးပြုထားသော ရတနာပုံ အဆောင်များကို လွှဲပြောင်းယူကာ မန္တလေး ယူနီဗာစီတီကောလိပ် အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။ တကယ်တော့ ကနဦး ကတည်းက တည်ရှိခဲ့သော ရတနာပုံဆောင် ဟူသည် မူလ အမည်မရှိခဲ့ပါ။ ယူနီဗာစီတီကောလိပ်ဖွင့်ပြီး ဆရာနှင့် ကျောင်းသားများ နေထိုင်ရန် အဆောင်ဖွင့်တော့မှ ကျောင်းသားများဆန္ဒဖြင့် ရတနာပုံဆောင်ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသမီးများအတွက် ရွှေမန်းကျောင်းဆောင် ကိုတော့ ရွှေမန်းလမ်းရှိ ဆင်တူ ၂ထပ်တိုက်ကြီး ၃လုံးထဲက အလယ်က တိုက်တွင် ဖွင့်လှစ် ခဲ့သည်။ အရှေ့ဘက်တိုက်က စိုက်ပျိုးရေးမဟာဌာနမှူး ဦးလှအုန်း နေထိုင်ပြီး အနောက်ဘက်တိုက်က ကျောင်းအုပ်ကြီး ဦးကိုလေး နေထိုင်ခဲ့သည်။

မန္တလေးယူနီဗာစီတီကောလိပ်
———————————

ယူနီဗာစီတီ ကောလိပ်အဖြစ် ဖွင့်လှစ်စ ကာလတွင် စိုက်ပျိုးရေးသိပ္ပံ ၃ထပ်ဆောင်ကြီးကို စိုက်ပျိုးရေးဌာနထံက လွှဲပြောင်းရယူနိုင်သော်လည်း အောက်ဆုံးအထပ်ကို စိုက်ပျိုးရေးဌာန၏ ရုံးအဖြစ် ချန်ထားရသောကြောင့် အပေါ်၂ထပ်ကိုသာ စာသင်ဆောင်အဖြစ် အသုံးပြုရသည်။ ထို့ကြောင့် ယူနီဗာစီတီကောလိပ် ကနဦးအစမှာ ပင်မဆောင်ကြီးက ၂ထပ်၊ ရတနာပုံဆောင် နှင့် ရွှေမန်းဆောင်များတွင် ကျောင်းသူကျောင်းသား ၁၂၇ဦးနှင့် စတင်ခဲ့သည်။ နောက်နှစ်(၁၉၄၈) တွင် ကျောင်းသူကျောင်းသားက ၂၁၈ဦး ရှိလာပါပြီ။ ရွှေမန်းဆောင်ကိုလည်း ယခုစိတ်ပညာဌာန ဖွင့်လှစ်ထားသော စာသင်ဆောင်သို့ ပြောင်းပြီး အဆောင်ကျောင်းသူ ၂၀ဦး လက်ခံခဲ့သည်။

ယူနီဗာစီတီကောလိပ် ၅နှစ်သက်တမ်း(၁၉၅၂ ခုနှစ်) တွင် ကျောင်းသးကျောင်းသား ၅၉၅ဦးထိ တိုးလာသဖြင့် ကျောင်းအုပ်ကြီးက အစီရင်ခံစာ တင်သွင်းသောကြောင့် ပြည်တော်သာ ကျောင်းသားဆောင် (ယခုမြဝတ်ရည်ဆောင်) ကို ဆောက်လုပ်ခဲ့သည်။ ၁၉၅၂ခုနှစ် နိုဝင်ဘာ ၃ရက်နေ့မှာလည်း ရာဇတ်ခန်းမဆောင်ကြီးကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက၍ ပထဝီဝင်ဌာန အုတ်တိုက် ၁ထပ်ဆောင် နှင့် ပါဠိဌာန (အခု အရှေ့တိုင်းပညာဌာန) အုတ်တိုက် ၁ထပ်ဆောင်တို့ ဆောက်လုပ်ခဲ့သည်။

မန္တလေးယူနီဗာစီတီကောလိပ်က တစ်နှစ်ထက် တစ်နှစ် ကျောင်းသားဦးရေ တိုးတက်လာသည်မှာ ၁၉၅၅ – ၅၆တွင် ၁၅၁၀ဦး၊ ၁၉၅၇-၅၈ တွင် ၁၉၆၆ ဦးထိ ရှိလာသည်။ ထိုစဉ်ကာလ မန္တလေးယူနီဗာစီတီကောလိပ်၏ အဆောက်အအုံ များမှာ

– ဒုတိယကမ္ဘာစစ် မတိုင်မီ အဆောက်အအုံများက (၁) ပင်မ အဆောက်အအုံ၊ (၂) ရတနာပုံ ကျောင်းသားဆောင်၊ (၃) ပါဏဗေဒနှင့် စာသင်ဆောင် (ယခု နယ်မြေရုံး)၊ (၄) ဘူမိဗေဒ ဌာနနှင့် စာသင်ဆောင် (ယခု စိတ်ပညာဌာန) တို့ ဖြစ်သည်။ ထို အဆောက်အအုံ ၃လုံးစလုံး စိုက်ပျိုးရေးဌာနဆီက လွှဲပြောင်း ရရှိခဲ့ခြင်း ဖြစ်သည်။

– ၁၉၄၇ နှင့် ၁၉၅၇ အကြား အသစ်တည်ဆောက်သော အဆောက်အအုံများမှာ (၁) ရာဇတ်ခန်းမဆောင်၊ (၂) ရွှေမန်းကျောင်းသူဆောင်၊ (၃) ရွှေပြည်အေး ကျောင်းသားဆောင်၊ (၄) အောင်မင်္ဂလာ ကျောင်းသားဆောင်၊ (၅) ပြည်တော်သာကျောင်းဆောင် (ယခု မြဝတ်ရည်ဆောင်)၊ (၆) ပထဝီဝင်ဌာနနှင့် စာသင်ဆောင်၊ (၇) ပါဠိ(အရှေ့တိုင်းပညာ) ဌာနနှင့် စာသင်ဆောင် တို့ ဖြစ်သည်။

ဆေးပညာ မဟာဌာန နှင့် စိုက်ပျိုးရေးမဟာဌာန
—————————————————

မန္တလေးယူနီဗာစီတီကောလိပ်သည် ၁၉၅၈ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် သီးခြားတက္ကသိုလ် ဖြစ်ပါပြီ။ ထိုနေ့ကား တကယ့် သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်ပါ၏။ ကျောင်းသားဦးရေကလည်း ၂၆၉၆ ဦးထိ တိုးတက်လာပါပြီ။ မန္တလေး တက္ကသိုလ်လက်အောက်တွင် အခြားဘာသာရပ်များနည်းတူ ဆေးပညာမဟာသိပ္ပံဌာန နှင့် စိုက်ပျိုးရေး မဟာဌာန တွေလည်း ပါဝင်လာသောကြောင့် အခု မင်္ဂလာဈေးအနီးရှိ ဆေးတက္ကသိုလ်နေရာတွင် ယူနီဗာစီတီကောလိပ်ကာလ ၁၉၅၄ခုနှစ်ကပင် ဆေးပညာမဟာဌာန အတွက် ၂ထပ်စာသင်ဆောင်နှင့် ၂ထပ် ကျောင်းသားအိပ်ဆောင်၊ ကျောင်းထဲရှိ ညောင်ပင်ဝိုင်းနေရာတွင် စိုက်ပျိုးရေး မဟာဌာနအတွက် စာသင်ဆောင်များ ဆောက်လုပ်ခဲ့သည်။ ထို့နောက် အခု အင်းဝဆောင်ဟု အသိများသော စာသင်ခန်း ၈ ခန်းနှင့် အစည်းအဝေးခန်း(အင်းဝ ၉) တစ်ထပ် အဆောင်တွဲကို ၁၉၆၀ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သစ္စာအမျိုးသမီးအဆောင်ကို ၁၉၆၂ နှင့် အကယ်ဒမီ ၂ထပ် အုတ်တိုက်ဆောင် ၊ သင်္ချာ ၊ ရူပဗေဒ ၂ထပ် အုတ်တိုက်ဆောင် များကိုလည်း ၁၉၆၄ခုနှစ်မှာ အသီးသီး တည်ဆောက်ခဲ့သည်။

ထို့ကြောင့့် အခု တင်ပြခဲ့သော အဆောက်အအုံများသည် ၁၉၂၅ခုနှစ်မှာ ဥပစာကောလိပ်၊ ၁၉၄၇ မှာ ယူနီဗာစီတီကောလိပ် နှင့် ၁၉၅၈ မှာ သီးခြားတက္ကသိုလ် အဖြစ် ဖွင့်လှစ်စဉ်ကာလ မန္တလေးတက္ကသိုလ် ဟု သိသာ ထင်ရှားစေခဲ့သော အဆောက်အအုံများဖြစ်ပါသည်။ တချို့လည်း စစ်ကြီး အတွင်း ပျက်စီး ဆုံးရှုံးခဲ့ပါပြီ။ တချို့လည်း ရာသီဥတုဘေးနှင့် သဘာဝဘေးတို့ကြောင့် မရှိတော့ပေ။ အခု လက်ရှိ ကျန်ကောင်း ကျန်ရာ ကျန်ရှိနေသေသော အဆောက်အအုံတွေထဲတွင် မန္တလေးဥပစာကောလိပ်၊ မန္တလေးယူနီဗာစီတီကောလိပ် နှင့် မန္တလေးတက္ကသိုလ်အဖြစ် သမိုင်းတွင် သမိုင်းဝင်စေသော အဆောက်အအုံတွေ မူလရုပ်မပျက် ရှိနေပါသေး၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW