မန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပေမယ့် ကားအများစုက မသွားရဲသေးဘဲ အခြေအနေစောင့်ကြည့်ပြီး ရွှေဘို – မြစ်ကြီးနား ကွင်းလမ်းကနေ သွားနေဆဲ

မေ ၇ ၊ ၂၀၂၆
CC (VOM)
မန္တလေး – ထီးချိုင့် – မြစ်ကြီးနားလမ်းပိုင်းကို သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ပေမယ့် လတ်တလောမှာ အိမ်စီးကားတချို့သာ သွားလာမှုရှိပြီး ကုန်ကား နဲ့ ခရီးသည်တင်ကား အများစုကတော့ သွားလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လက်ရှိမှာ ကားအများစုကတော့ ချက်ခြင်းမသွားသေးဘဲ အခြေအနေစောင့်ကြည့်နေကြပြီး မြစ်ကြီးနား – ရွှေဘိုလမ်းပိုင်းရဲ့ ကွင်းလမ်းတွေကနေသာ သွားလာနေဆဲ ဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။
” ခုမှပြန်ဖွင့်တာဆိုတော့ မသွားရဲသေးဘူး ။ နှစ်ရက် သုံးရက်လောက်တော့ အခြေအနေစောင့်ကြည့်အုံးမယ်။ အခုက ရွှေဘိုကွင်းလမ်းကပဲသွားနေတာ ။ ကံင်းလမ်းကတော့ ဆိုးတာမှ ​ပြောစရာကို မရှိဘူး ။ အခုဆို မိုးကလည်းရွာလာပြီဆိုတော့ လမ်းတွေက ရွှံဗွက်တွေဖြစ်ကုန်ပြီ။သွားလာရ တော်တော်မလွယ်ဘူး ။ ထီးချိုင့်လမ်းက အဆင်ပြေပြေ သွားလို့ ရရင်တော့ ကောင်းတာပေါ့။အခုက ထီးချိုင့်တံတားကလည်း နယ်ခံတွေပဲ သွားလာလို့ရတယ် ဘာညာ ပြောနေကြတာလည်းရှိတော့ အရဲစွန့်မသွားရဲကြသေးတာပါ။ နောက်ရက်တွေတော့ သူများတွေ သွားပြီဆိုမှ လိုက်ရမယ်။ ” လို့ မြစ်ကြီးနား – မန္တလေးကို ကားပြေးဆွဲနေတဲ့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။
မန္တလေး-မတ္တရာ-သပိတ်ကျင်း-တကောင်း-ထီးချိုင့်-ကသာ-အင်းတော်-မော်လူး-နန့်စီးအောင်-မိုးညှင်း-မိုးကောင်း-မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းတလျှောက်ကို အစိုးရတပ်က အပြည့်အဝထိန်းချုပ်နိုင်ခဲ့တာကြောင့် မနေ့က မေ ၆ ရက်မှာ လမ်းပိုင်းကို သွားလာခွင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဒါကြောင့် အိမ်စီးကားတချို့ကတော့ မနေ့ကတည်းက စမ်းသပ်သွားလာမှုရှိခဲ့ပြီး ခရီးစဥ်တလျှောက်မှာ စစ်ဆေးမှုရှိပေမယ့် သွားလာရတာ အဆင်ပြေတယ်လို့ သိရပါတယ်။
” မနေ့က အိမ်စီးကားအသေးတွေ ဖြတ်မောင်းလာခဲ့ပြီ။ မန္တလေးကနေ မနက် ၅ နာရီ ခွဲထွက်တာ ည ၇ နာရီ မြစ်ကြီးနား ကိုရောက်တယ်။ ဒီနေ့လည်း မန္တလေးကို ပြန်သွားတဲ့ကားတွေရှိပါတယ်။ လမ်းမှာ စစ်ဆေး တာတော့ရှိပေမယ့် အဆင်ပြေပါတယ်။ သွားတဲ့ကားတော့ နည်းသေးတယ် ။ ” လို့ မြစ်ကြီးနား ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ် ။
အစိုးရတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကသာ – အင်းတော်လမ်းပိုင်းကို နယ်မြေရှင်းလင်းပြီး အင်းတော်ကို သိမ်းပိုက်ခြင်း ၊ အဲဒီနောက် မော်လူးကို ထပ်မံ ထိန်းချုပ်ခဲ့ပြီး ကချင်ပြည်နယ် နန့်စီးအောင်အထိ သိမ်းပိုက်နိုင်ခဲ့တာကြောင့် မြစ်ကြီးနား – ထီးချိုင့် – မန္တလေးလမ်းကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
မြစ်ကြီးနား – ထီးချိုင့် – မန္တလေး လမ်းပိုင်းသာ အဆင်ပြေစွာသွားလာနိုင်ပါက ခရီးသည်တင်ကား ၊ ကုန်တင်ကားတွေအနေနဲ့ မြစ်ကြီးနား – မန္တလေးကို နေ့ချင်းပြန်သွားလာနိုင်ပြီဖြစ်လို့ မြစ်ကြီးနားအပါအဝင် ကျန်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ကုန်စျေးနူန်းမြင့်တက်မှု ပြန်လည်ကျဆင်းဖို့ ဒေသခံတွေ မျှော်လင့်နေကြပါတယ် ။
ဓာတ်ပုံ – CJ (ပုံဟောင်း)

Related posts

Leave a Comment

VOM News

FREE
VIEW