မေ ၇ – ၂၀၂၆
SN (VOM)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဖူနွမ်းကျေးရွာမှာ မနေ့ မေ ၆ ရက်က ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး PDF-Zoland တပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေ ခုနစ်ယောက်အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒရုန်းတိုက်ခိုက်မှုက နှစ်ကြိမ်ဖြစ်တာ။ ညနေ ၄ နာရီလောက်မှာ တကြိမ်၊ ည ၇ နာရီလောက်မှာ တကြိမ်ဖြစ်တယ်။ AG ဘုရားကျောင်းနဲ့ နောက်တန်းကနေ ရှေ့တန်းကို ရိက္ခာပို့ဖို့ ထမင်းချက်ပြုတ်နေတဲ့ နေရာကို ဒရုန်းကျတယ်။ PDF-Zoland တပ်ဖွဲ့ဝင် ခုနစ်ယောက် နေရာမှာတင် ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုကြောင့် AG ခရစ်ယာန်ဘုရားကျောင်းလည်း တကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားလည်း ရှိတယ်လို့ သူက ပြောပါတယ်။
တီးတိန်မြို့နယ်ဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရတပ် စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ဖော်ပြချက်မှာတော့ ဒေသခံရဲ့ သတင်းပေးချက်အရ ဒရုန်းဗုံးချတိုက်ခိုက်ရာမှာ ရန်သူစုဖွဲ့နေရာကို ထိမှန်ကာ PDF-Zolan အဖွဲ့မှ PDF ခုနစ်ဦး နေရာတင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိိတယ်လို့ ရေးသားထားပါတယ်။
အစိုးရတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် သိုင်းငင်းကနေ တီးတိန်မြို့ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာခြင်းဖြစ်ပြီး ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် တီးတိန်မြို့နယ်က ပေ ၈,၈၀၀ ကျော် အမြင့်ရှိ စစ်ရေးအရ အရေးပါတဲ့ ကနေဒီတောင်မှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် မေ ၅ ရက်၊ ညနေပိုင်းမှာတော့ အစိုးရတပ်က ကနေဒီတောင်ကို ပြန်လည် သိမ်းပိုက်သွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖလမ်းမြို့နဲ့ ဟားခါးမြို့ကြား၊ ဖလမ်းမြို့နယ်ထဲက တလန်ရောန်ရွား အနီးဝန်းကျင်နဲ့ ကနေဒီတောင် (တီးတိန်လေသာတောင်) မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်ရှိ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဒေသခံအများစု စစ်ဘေး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ဒေသတွင်း လက်နက်ကိုင်တချို့ သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေတာမှာ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ သံဘိုရွာမကျေးရွာအတွက် လုံခြုံရေးယူဖို့သွားတဲ့ ကာကင်းရဲဘော်တွေရဲ့ ကားတစီး တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ ယောက် သေဆုံးခဲ့ကာ ပျောက်ဆုံးနေသူတချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့အစိုးရတပ်က သတင်း ထုတ်ပြန်ချက်မှာ သံဘိုရွာမကျေးရွာအနီး မောင်းဝင်လာတဲ့ လက်နက်ကိုင်တပ်တွေရဲ့ ကားကို ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာမှာ ရုပ်အလောင်း ၁၀ လောင်း၊ MA-1 သုံးလက်၊ MA-3 တလက်၊ Type -81 တလက်၊ BA-63 တလက်၊ BA-100 တလက်၊ ၆၀ မမ (BA-100) ဗုံးသီး ငါးလုံး၊ လက်ပစ်ဗုံး သုံးလုံး၊ ကျည်ကာဦးထုပ် ကိုးလုံး၊ ကျည်ကာအင်္ကျီ ခုနစ်ထည်၊ ကျည်ဘောက်မျိုးစုံ ရှစ်ဘောက်၊ 4 Wheel Extra cub မော်တော်ယာဥ်တစီးတို့ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
Photo – CJ
