သူတို့အိမ် အခန်း (၁၁၀)

 

တက္ကသိုလ်ဆိုတာ
———————-

ဘာလိုလိုနှင့် တက္ကသိုလ်ရောက်တာ ၄နှစ်ပြည့်လုပြီ။ ကိုယ်ယူသည့် သင်္ချာဘာသာရပ်နှင့် ပတ်သက်၍မူ ဘာမှ မတတ်သေး။ ထို့အတူ ပထမနှစ်က ရည်မှန်းခဲ့သော မာစတာတန်း ဆိုသည်မျာကတော့ ဒုတိယနှစ်ကတည်းက ရေစုန်မျောကာ ကျောက်စိုင်ကျောက်စွန်းတွေနှင့် တိုက်လို့ အစိတ်စိတ်အမွှာမွှာကွဲကျေသွားပါပြီ။ ဒါဖြင့် အမောင် ကျောင်းသား ဘာရသနည်းဟု ဆိုလျှင် အပေါင်းအသင်း ရပါသည်။ အမြော်အမြင် ရပါသည်။ အတွေးအခေါ် ရပါသည်။ ဆင်ခြင်တုံတရား ရပါသည်။ တက္ကသိုလ်တွင် တိုက်ရိုက်သင်ကြားခွင့် မရသော်လည်း ရှေ့မျိုးဆက်နှင့် ဝန်းကျင်ကြောင့် စာဖတ်လိုအား တိုးမြင့်လာသည်နှင့် အမျှ ဖတ်ခဲ့ရသည့် စာများကြောင့် ထိုအမြော်အမြင်၊ ထိုအတွေးအခေါ်၊ ထိုဆင်ခြင်တုံတရားတို့က ပိုမို အရာထင် အသုံးဝင်လာပါသည်။

သည်နေရာတွင် ကြုံဖူးသည့် အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါ၏။ ကျွန်တော်တို့ ကျောင်းပြီးခါနီးတွင် စာလည်းဖတ်သော နိုင်ငံရေးအတွေ့အကြုံလည်းရှိသော ဝန်ထမ်းလူပျိုကြီး တစ်ယောက်က သူ့တူမလေး ၁၀တန်း အောင်သောအခါ အဆင်မပြေသည့်ကြားမှပင် တက္ကသိုလ် နေ့ကျောင်းကို မဖြစ်မနေ တက်စေခဲ့သည်။ မိသားစု အခြေအနေကို သိသော ပတ်ဝန်းကျင်က ဒီလောက်ခက်ခဲနေသည့် ကြားမှ တက္ကသိုလ်ကို တက်စေတာလား၊ တကယ်ဆို စာပေးစာယူပဲ တက်စေကာ အလုပ်လေး လုပ်ခိုင်းပါ့လား၊ မရှိဘဲ ဟန်လုပ်တယ် စသည်ဖြင့်ပေါ့။ ထိုအခါ ဦးလေးဖြစ်သူ လူပျိုကြီးက ၁၀တန်းအောင်တယ်ဆိုတာ တက္ကသိုလ်တက်ဖို့ မဖြစ်မနေလိုအပ်တဲ့ အခွင့် အရေးပဲ။ ဒီအခွင့်အရေးရရင် တက္ကသိုလ်ကို တက်ရမယ်။ တက္ကသိုလ်ဆိုတာ အချိန်တန်ရင် ဘွဲ့ရဖို့ မဟုတ်ဘူး။ ဘွဲ့လက်မှတ်ကြောင့် မဟုတ်ဘူး။ လူ့ဘဝအတွက် အရေးကြီးတဲ့ အတွေးအခေါ် အမြော်အမြင်နဲ့ ဆင်ခြင်တုံတရားကို တက္ကသိုလ်ကတဆင့် ရယူနိုင်ဖို့ဖြစ်တယ်။

တက္ကသိုလ်မှာရောက်လာတဲ့ ကျောင်းသူကျောင်းသား ထောင်ချီဆီက အတုယူစရာတွေ၊ သင်ခန်းစာယူစရာတွေ ကြွယ်ဝတယ်။ သူတို့ဟာ အရွယ်အရ၊ သင်ကြားခဲ့ရတဲ့ ပညာအရ၊ ဖြတ်သန်းရတဲ့ ဘဝအရ၊ မွေးဖွားကြီးပြင်းခဲ့ရတဲ့ နယ်မြေဒေသအရ အတွေးအခေါ်တွေ အမြော်အမြင်တွေ ဗဟုသုတွေ ကိုယ်စီရှိတယ်။ ဒါတွေကို တစ်နေရာထဲမှာ အနည်းဆုံး ၄နှစ် ဆည်းပူးရတယ်ဆိုတာ ဧရာမ အခွင့်အရေးပဲ။ ဒီအခွင့်အရေးကို မယူရင် မိုက်ရာကျမှာပေါ့။ ကုန်ကုန်ပြောမယ် ကျုပ်တူမက အရပ်ထဲမှာပဲ အလုပ်လုပ်ပြီး စာပေးစာယူပဲ သင်ရင် အရပ်ထဲက လူနဲ့ပဲ အိမ်ထောင်ကျမယ်။ တက္ကသိုလ်မှာဆိုရင် မိုးကုတ်သားနဲ့လည်းရနိုင်တယ်၊ မြစ်ကြီးနားသားနဲ့လည်းရနိုင်တယ်၊ မုံရွာသားနဲ့လည်း ရနိုင်တယ်။ အကျင့်စာရိတ္တ၊ ဥစ္စာဓန၊ လူမျိုးဘာသာ စိတ်ကြိုက်ရွေးနိုင်တယ် ဟု ပြောလိုက်သည်။ ဟုတ်လည်းဟုတ်သည်။ လိမ္မာ၍ ပညာထူးချွန်သော တူမလေးက နောက်တော့ ပညာရှင်အဆင့်ထိရောက်ရုံမက စိတ်တူကိုယ်တူ ပညာရှင်အမျိုးသားနှင့် လောကကောင်းကျိုး ပြုနိုင်သူ ဖြစ်ခဲ့သည်။

အမေ့ကြက်ဆင်ထီးကလေး
——————————–

ကျွန်တော်ကတော့ တက္ကသိုလ်တက်ခဲ့တာ ခပ်ပေါ့ပေါ့ပဲဖြစ်သည်။ အိမ်က အသက်၆၀နီးပါး မိဘ၂ပါး၏ ချွေးနည်းစာကိုမှ အားမနာခဲ့။ အပြင်က စာလေးပေလေး ဖတ်လို့သာ အလိမ္မာလေးရခဲ့သည်။ တက္ကသိုလ် အဝန်းအဝိုင်း ထံက ဘာမှ မယူနိုင်ခဲ့။ မိဘ၂ပါးချွေးနည်းစာဆိုလို့ အတွေ့အကြုံလေးတစ်ခု ပြောချင်ပါသေးသည်။ နောက်ကြောင်း ပြန်သော် ဒုတိယနှစ်ကပေါ့။ ထိုနေ့က မထင်မှတ်ဘဲ မိုးကစွေနေသည်။ အသည်းကြီးတော့ မဟုတ် ကျောင်းသွားရမည့် အချိန်အထိ မိုးကစွေဆဲဖြစ်သည်။ အမေကလည်း သည်မိုးကြောင့် ဈေးရောင်းမထွက်နိုင်။ ကျွန်တော်က ကျောင်းသွား ခါနီးတော့ သည်မိုးမှာ စက်ဘီးနှင့် အဆင်မပြေနိုင်သည်မို့ ၂၉လမ်းထိပ်ကပဲ အမှတ်၃ကားစီးသွာမည်။ သို့သော် သည်မိုး စွေစွေ မှာ ထီးပါဖို့လိုသည်။ အိမ်ကနေ ရုံတော်ကြီး ကားမှတ်တိုင်အထိ ၅ပြလောက် ခြေကျင်လျှောက်ရမည်လေ။

စာအုပ်လေးကို ပလပ်စတစ်အိတ်လေးနှင့် ထည့်သည်။ ဂျင်းအင်္ကျီလေးအပေါ်က ထပ်ဝတ်သည်။ မိုထဲ သည်အတိုင်းထွက်သည်။ ဘာအဆောင်းမှ မပါ။ သည်တော့ အမေက “ ဟဲ့ ငါ့ထီးယူသွားလေ၊ မိုးရွာကြီးထဲ ဒီတိုင်း သွားမလို့လား” ဟုပြောသည်။ ကျွန်တော်က မယူ။ အဘယ့်ကြောင့် ဆိုသော် အမေ့ထီးက ကြက်ဆင်တံဆိပ် မိန်းမဆောင်းထီးအဟောင်းလေး ဖြစ်သည်။ လက်ကိုင်ကလည်း ကွဲသွားလို့ အဘ က ရရာ ကြေးလက်ကိုင် အဟောင်း လေး ပဲ စွပ်ထားသည်။ ထီးကလေးက အတော်ဟောင်းနေလို့ အရွက်နှင့် ကိုင်းတံ အချို့ကို အပ်ချည်ဖြူနှင့် ပြန်ချုပ်ထားရသည်။ အိမ်မှာက အဘ၏ ယောက်ျားဆောင်း ထီးဟောင်းကြီးတစ်လက်နှင့် အမေ့ မိန်းမဆောင်း ထီးလေးပဲရှိသည်။ ဒီထီး၂ချောင်းပါမှ အမေ့ထီးဟောင်းလေးက ကြည့်ဖော်ရှုဖျော် ဖြစ်လို့ အမေက ကျွန်တော့်ကို ယူခိုင်းခြင်း ဖြစ်သည်။ ဒါကို ကျွန်တော်မယူချင်။

ခေါက်ထီးဆောင်းတဲ့ ခေတ်
———————————–

ထိုစဉ်ကာလက ယိုးဒယားဘက်က ခေါက်ထီးတွေ စဝင်နေပါပြီ။ ယောက်ျားဆောင်းဆိုလျှင် အရိုးက အကွေးဖြစ်သည်။ ၃ဆစ်ချိုးနိုင်လို့ မဆောင်းသေးလျှင် ချိုးထားပြီး အိတ်လေးနှင့် စွပ်ကာ လက်ကိုင်ကွင်းလေးနှင့် ကိုင်ထားလို့ရသည်။ သို့မဟုတ် လွယ်အိတ်ထဲလည်း ထည့်ထားလို့ရသည်။ ထို့ကြောင့် ခေါက်ထီးကလည်း ထိုစဉ်က ဖက်ရှင်တစ်ခုဖြစ်သည်။ ကျွန်တော်တို့ ဝင်းထဲမှာ အစ်ကိုတွေ အတော်များများ က ခေါက်ထီးကိုယ်စီနှင့် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား များဖြစ်သော ကိုကိုဦး(ကိုဇော်မျိုးဦး) နှင့် ကိုမန်းမောင်ကလည်း ခေါက်ထီးနှင့် ဖြစ်သည်။ ကိုမောင်ဒွေးတို့ ကိုစိန်လွင်တို့လည်း ခေါက်ထီးတွေနှင့် ဖြစ်သည်။

ထို့ကြောင့် အခုမိုးစွေစွေမှာ ခေါက်ထီးမဟုတ်ဘဲ ကျွန်တော် မဆောင်းချင်။ ထို့ကြောင့် မိုးရွာထဲမှာပဲ မိုးစိုခံမည်။ အမေကလည်း တကြော်ကြော်နှင့် သူ့ထီးယူဖို့ပြော၊ ကျွန်တော်ကလည်း မိုးရွာထဲ ဇွတ်ထွက်၊ ဟို မြောက်ဘကစွန်းအိမ် ကိုမန်းမောင်က သိလို့ “ကျော်ဆန်း၊ သူ့ခေါက်ထီးယူသွားလေ၊ မိုးရွာထဲ ဒီအတိုင်း မသွားနဲ့” ဟု လှမ်းအော်။ နောက်ဆုံးကျ အမေက ရိတ်မိပြီး သူ့ဆီဗျပ်ထဲက ကပ်ပီတန် စီးကရက် ဘူးလေးကိုယူသည်။ ကက်ပီတန်ဘူးလေးက ဆီကိုင်သော လက်နှင့် ဖွင့်ပါ ပိတ်ပါ များလို့ ပြောင်ဝင်းနေသည်။ ထိုဘူးလေး ထဲက မနေ့က ဆီရောင်းအပြန်ပါလာသည့် ရောင်းကြေးဈေးနုတ် ဆယ်တန် ငါးကျပ်တန်နှင့် ကျပ်တန် အလိတ်လိုက်ကို ရေမနေတော့ဘဲ အမေက သူ့ ရှင်မြီးချွေးခံအိတ်ထဲ ထိုးထည့်သည်။

ထို့နောက် သူ့ထီးလေးကို ဖွင့်ကာ ကျွန်တော့် ကို မိုးပေးပြီး သွားသွား ဈျေးချိုအထိ အမေလိုက်ပြီး ခေါက်ထီးဝယ်ပေးလိုက်မယ်။ အဲ့ဒီကမှ ကားစီးသွားနော်ဟု ပြောကာ ဈေးချို တိုက်တန်းအထိ လိုက်လာပြီး ယောက်ျားဆောင်း ခေါက်ထီး အသစ် တစ်လက် ဝယ်ပေးသည်။ ငွေ ၆၀ တဲ့။ အမေက ကြိုက်ပြီလားဟု မေးတော့ ကျွန်တော် ခေါင်းညိတ်သည်။ ထိုအခါ ချွေးခံအင်္ကျီအိတ်လေးထဲက သူ့ပိုက်ဆံ လိတ် လေးကို ဖြည်ကာ ဆယ်တန် ၂ရွက်၊ ငါးကျပ်တန် ၅ရွက်နှင့် ကျပ်တန်လေးတွေ ၁၅ ရွက်ကို ရေကာ ဈေးသည်ကို ပေးလိုက် သည်။ အမေ့ချွေးခံအိတ်ထဲက ပိုက်ဆံလေးတွေက ပဲဆီနံ့လေး သင်းလို့၊ အမေ့ ချွေးခံအိတ်ထဲ ကျပ်တန်လေး နည်းနည်းပဲ ရှိတော့မည်။ ကျွန်တော်က ခေါက်ထီးအသစ်လေးကို ကိုင်ကာ ပျော်ပျော်ရွှင်ရွှင်နှင့် တိုက်တန်းမြောက်ဘက် အဆင်း ကားမှတ်တိုင်သို့ သွားသည်။ အမေက ကျွန်တော့်ကို ဝမ်းသာလို့ ဝေ့နေသော မျက်ရည်စတွေနှင့် မျက်စေ့တစ်ဆုံး ကြည့်နေမှာပေါ့။ တိုက်တန်းလှေကားက အဆင်း ကွယ်သွားမှ အမေလည်း သူ့ ကြက်ဆင်တံဆိပ် ဖဲထီးဟောင်းလေး ဆောင်းပြီး သည်မိုးဖွဲဖွဲထဲ အိမ်ပြန်မှာပေါလေ။

အီတလီကော်ကိုင်းနှင့် မျက်မှန်လေး
—————————————-

ဒါတင်ပဲလား မဟုတ်။ ကျွန်တော် မသိတတ်ပုံ ထပ်ပြောပါဦးမည်။ ကျွန်တော်က ငယ်စဉ်ကတည်းက ရေနံဆီမီးခွက်၊ ရေနံဆီ မီးအိမ်များနှင့် စာဖတ်ပုံဆွဲခဲ့တော့ မျက်စေ့ထိသည်။ သည်တော့ ခေါင်းတွေထိုးကိုက် မျက်ရိုးကိုက် မကြာခဏ ဖြစ်သည်မို့ မျက်စေ့အထူးကု ဒေါက်တာစိုးမြင့်နှင့် ပြပြီး မျက်မှန် တပ်ရသည်။ ဆလင်ဒါလည်းပါသတဲ့။ ပထမဆုံး မျက်မှန်ကတော့ စစ်ကိုင်းတန်း အစိုးရမျက်မှန်ဆိုင်က ထုတ်ဈေးနှင့် ရသည့် ကိုင်းအနက်ကြီးဖြစ်သည်။ ပုံက အတော်ရိုးသည်။ သည်လိုနှင့် မျက်မှန်ကိုင်းကို လဲချင်နေသည်။ ထိုစဉ် သူငယ်ချင်း မျက်မှန်သမား ကိုမျိုးထွန်းက အမှတ်၈ကျောင်း အနောက်ပေါက်မှာ ဖွင့်သော ကိုစိုးမြင့် မျက်မှန်ဆိုင်မှာ သူ့မျက်မှန်ကိုင်း ဝင်လဲတော့ ကျွန်တော် လိုက်သွားသည်။

ကိုမျိုးထွန်းက သူ့မျက်မှန်ကိစ္စကို ကိုစွုးမြင့်နှင့် ပြောဆိုနေချိန် ကျွန်တော်က ကောင်တာထဲက မျက်မှန်ကိုင်း တွေကို လျှောက်ကြည့်နေမိသည်။ ထိုစဉ် မီးခိုးရောင်တွင် အနက်ပြောက်လေးတွေပါသော ကော်ကိုင်းတစ်လက်ကို သဘောကျမိသည်။ ထိုကိုင်းလေးနားက မျက်လုံးမခွာနိုင်တော့။ ကိုမျိုးထွန်းက ယူကြည့်လိုက်လေ၊ ကိုကျော်ဆန်း ဆိုတော့ ကျွန်တော်ယူကြည့်သည်။ တပ်ထားသော ဘီဝမ်း ကိုင်းနက်ကြီး ခဏချွတ် ထိုကိုင်းတပ်ကြည့် မှန်ကြည့်။ ကျွန်တော့် မျက်နှာနှင့် အတော်လိုက်သည့် ကိုင်းပေပဲ။ တပ်နေကျ ကိုင်းနက်ကြီးနှင့် ဘာမှ မဆိုင်။ ကျွန်တော် သဘောကျနေမှန်းသိတော့ ကိုစိုးမြင့်က အဲ့ဒီကိုင်းက အီတလီကိုင်းကွ၊ ကောင်းတယ်၊ မင်းနဲ့ လိုက်တယ်။ ကြိုက်ရင် ယူလိုက်လေ၊ ဒီတစ်ကိုင်းပဲ ရတာ ဟုပြောသည်။ ကျွန်တော် ချီတုံချတုံဖြစ်နေသည်။ ကျွန်တော့်မှာ ပိုက်ဆံမပါ။ စုထားတာလည်းမရှိ။ ကိုစိုးမြင့်က ဆက်ပြောသည်။

နေဦး မင်းမျက်မှန်ပြဦး ပါဝါဘယ်လောက်လဲ ကြည့်ရအောင်ဟုဆိုကာ ချွတ်ထားသော ကျွန်တော့ ကိုင်းနက်ကြီးနှင့် မျက်မှန်ကိုယူပြီး မျက်စေ့ တစ်ဖက်စီမှတ်ကာ ပါဝါ စစ်ကြည့်သည်။ ပါဝါက မများပါဘူး၊ ဆလင်ဒါတော့ပါတယ်။ နေဦး၊ အခုမှန်အဟောင်းက ကိုင်းအသစ်မှာ ပြန်ထည့်လို့ရတယ်။ ပြီးတော့ မှန်ကလည်း ဖိုတိုဂရေးပဲ၊ ကောင်းတယ်၊ ထောင့်လေးတွေ နည်းနည်းပဲ သွေးရမှာ။ မင်းယူရင် ကိုင်းဖိုး ၇၀ပဲပေး၊ မှန်အဟောင်း ပြန်ထည့်ပေးလိုက်မယ်၊ မျိုးထွန်းက ငါ့ဖောက်သည် ညီအစ်ကိုလို ဖြစ်နေတာမို့ မင်းကိုလည်း ပိုမယူပါဘူးတဲ့ ကျွန်တော်က ပိုက်ဆံမပါသေးတာ ပြောတော့ ဟာ.. မျိုးထွန်းသူငယ်ချင်းပဲကွာ၊ နောက်ရက် မျိုးထွန်းမျက်မှန်လာယူမှပဲပေးပါ။ ရပါတယ်၊ အခု ဒီကိုင်းအသစ်နဲ့ မှန်ထည့်တာ တစ်ခါတည်း စောင့်ယူသွား တဲ့။ နာရီဝက်လောက်စောင့်ပြီး ကျွန်တော့် ကိုင်းအသစ်နှင့် မျက်မှန်လေးရသည်။ ကိုစိုးမြင့်က သူ့ဆိုင်တံဆိပ်နှင့် ဘောက်ချာမှာ ကျွန်တော့် မျက်မှန်ပါဝါနှင့် ကိုင်းအမျိုးအစားကို ပါရေးပြီး ကျသင့်ငွေ ၇၀ကို ရေးပေးလိုက်သည်။ ကိုင်းဗျာ၊ ဘယ်လောက် အဆင်ပြေလိုက်လဲ။

မျက်ရည်ဖြင့် ရင်းခဲ့ရသည်
———————————

ဟုတ်ကဲ့၊ ကျွန်တော်ကတော့ မျက်မှန်အသစ်နှင့် အဆင်ပြေပါ၏။ အိမ်ရောက်လို့ အဘကို ငွေ၇၀နှင့် အခုမျက်မှန်ကို အကြွေးယူလာကြောင်း၊ နက်ဖြန်ပေးရမှာဖြစ်ကြောင်း ပြောတော့ အဘ မျက်လုံးပြူသည်။ ထို့နောက် တောက်တစ်ချက် ခေါက်သည်။ ပြီးတော့ ငိုသံပါနှင့် အဲ့ဒီ ၇၀က ဘယ်မှာရှိလို့ ပေးနိုင်မှာလဲကွ ဟု ပြောတော့၊ ကျွန်တော်က ဟောဗျာ အဘသော့ခတ်ထားတဲ့ သံသေတ္တာကြီးထဲမှာ ပိုက်ဆံတွေ စုထားတာရှိတယ်မှတ်လို့ ဟု ဆိုတော့ အဘ ခမျာ ရင်ပတ် စည်မတီးရုံတမယ် ဝမ်းနည်းပက်လက်နှင့် မင်းကွာ၊ ဘာမပြောညာမပြောနဲ့ ငွေ၇၀ တန် မျက်မှန်အကြွေး ယူလာတယ်။ အရင်မျက်မှန်က ဘာကြာသေးလို့လဲ၊ အကောင်းကြီးရှိသေးတာကို ဟု တောက်တခေါက်ခေါက် နှင့် ပြောကာ ထုံစံအတိုင်း အမေ့ဆီဗျပ်ထဲက ဈေးနုတ်ကလေးကို ဆီစက်သို့ ပေးရမည့် ဆီဖိုး၆၀အား အကြွေးမှတ်စေပြီး အိမ်က ၁၀စိုက်ကာ ကျွန်တော့်လက်ထဲ ငွေ၇၀ ထည့်လိုက်ရတော့သည်။

ထိုခေါက်ထီးနှင့် မျက်မှန်ကား တက္ကသိုလ်ကျောင်းသားဘဝက မိဘ၂ပါး၏ မျက်ရည်နှင့် ရင်းခဲ့သော တက္ကသိုလ်ကျောင်းသား အဆင်တန်ဆာများ ဖြစ်ပါ၏။ မိဘ မေတ္တာကြောင့်လားမသိ ထိုခေါက်ထီးက ခိုင်လိုက်သည်မှာ ကျွန်တော် အိမ်ထောင်ကျသည်အထိ ဆောင်းရဆဲ။ ထို့ အတူ အီတလီကိုင်းနှင့် မျက်မှန်ကလည်း အခုအချိန်ထိ ကျွန်တော်အကြိုက်ဆုံး အနှစ်သက်ဆုံး မျက်မှန်ကိုင်းဖြစ်ပြီး မှန်ကိုသာ အကြိမ်ကြိမ်လဲရသည် ကိုင်းက ကောင်းဆဲမို့ ကျွန်တော့်မျက်နှာတွင် နှစ်အကြာဆုံးရှိနေခဲ့သည့် ကိုင်းလည်း ဖြစ်ခဲ့ပါ၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW