ရှီကျင့်ဖျင်၊ သုစိဒိဒ်နဲ့ ကမ္ဘာကြီးကို လှုပ်ခတ်စေတဲ့ “ထောင်ချောက်”

မျိုးတေဇာမောင်
​လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၄၀၀ ကျော် ဂရိမှာ သမိုင်းပညာရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က သုစိဒိဒ် (Thucydides) တဲ့။ အဲဒီခေတ်က အင်အားကြီး စပါတာ (Sparta) နိုင်ငံနဲ့ အရှိန်အဝါ တက်လာတဲ့ အက်သင်း (Athens) နိုင်ငံတို့ ဘာလို့ သွေးချောင်းစီးအောင် စစ်ဖြစ်ခဲ့ကြလဲဆိုတာကို သူက သေချာ စောင့်ကြည့်ပြီး သမိုင်းကျမ်းတစ်စောင် ရေးခဲ့ပါတယ်။
​သူ့ရဲ့ ကျမ်းထဲမှာ ပါတဲ့ စကားတစ်ခွန်းကတော့ အခုခေတ်အထိ ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ရေပန်းစားနေတုန်းပဲ။ အဲဒါကတော့ “အင်အားသစ်နိုင်ငံတစ်ခု ကြီးထွားလာပြီး လက်ရှိအင်အားကြီးနိုင်ငံက အဲဒီအပေါ်မှာ ကြောက်စိတ်ဝင်လာတဲ့အခါ စစ်ပွဲဆိုတာ ရှောင်လွှဲလို့ မရတော့ဘူး” ဆိုတဲ့ အချက်ပါပဲ¹။ ဒီအယူအဆကို အမေရိကန် နိုင်ငံရေးပါမောက္ခ ဂရေဟမ် အယ်လီဆန် (Graham Allison) က “သုစိဒိဒ် ထောင်ချောက်” (Thucydides Trap) လို့ နာမည်ပေးပြီး ခေတ်ပြိုင် အမေရိကန်-တရုတ် ဆက်ဆံရေးကို ရှင်းပြဖို့ သုံးခဲ့ပါတယ်။
​စိတ်ဝင်စားဖို့ကောင်းတာက တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ကလည်း သူ့ရဲ့ သံတမန်ရေးရာ မိန့်ခွန်းတွေထဲမှာ၊ အထူးသဖြင့် အမေရိကန်သမ္မတတွေနဲ့ တွေ့ဆုံပွဲတွေမှာ ဒီ “သုစိဒိဒ် ထောင်ချောက်” အကြောင်းကို ခဏခဏ ထည့်ပြောလေ့ရှိတာပါပဲ။
ရှီကျင့်ဖျင်က ဒီဂရိပညာရှိကြီးရဲ့ စကားကို ဘာကြောင့် ဒီလောက်တောင် အကြိုက်တွေ့ပြီး သုံးနေရတာလဲ။သူ ဘာအကွက်တွေ ကစားသွားလဲဆိုတာ နည်းနည်းလောက် အကဲခတ်ကြည့်ရအောင်။
“စစ်ဖြစ်ဖို့ မလိုပါဘူး” လို့ ငြိမ်းချမ်းရေးသမား ပုံဖော်လိုက်တဲ့ အကွက်ကို အရင်ပြောချင်ပါတယ်။
​ရှီကျင့်ဖျင်က ဒီထောင်ချောက်အကြောင်း ပြောတိုင်း သမိုင်းမှာ ဒီလို အန္တရာယ်ရှိခဲ့တာ မှန်ပေမဲ့ အခုခေတ်မှာတော့ “သုစိဒိဒ် ထောင်ချောက်ဆိုတာ တကယ်မရှိပါဘူး၊ ဒါဟာ ရှောင်လွှဲလို့ရတဲ့အရာပါ” လို့ အမြဲတစေ တုံ့ပြန်လေ့ရှိတယ်။ “ကမ္ဘာကြီးက နိုင်ငံကြီးနှစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့ လုံလောက်အောင် ကျယ်ဝန်းပါတယ်” လို့ ဆိုပြီး တရုတ်နိုင်ငံဟာ စစ်လိုလားတဲ့နိုင်ငံ မဟုတ်ကြောင်း၊ အမေရိကန်နဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ချင်ကြောင်း ကမ္ဘာ့မျက်နှာစာမှာ ငြိမ်းချမ်းရေးသမားပုံစံမျိုး အကွက်ချပြလိုက်တာ ဖြစ်ပါတယ်။
​တရုတ်ဟာ အမေရိကန်နဲ့ အဆင့်တူ တင်လိုက်တာလည်းဖြစ်ပါတယ်။​ဒါကတော့ အလွန်ပါးနပ်တဲ့ သံတမန်ကွက်ပါပဲ။ ရှီကျင့်ဖျင်က အမေရိကန်ခေါင်းဆောင်တွေကို ဒီထောင်ချောက်အကြောင်း ပြောလိုက်ခြင်းအားဖြင့် — “မင်းတို့က ဝါရင့်အင်အားကြီး စပါတာဆိုရင် ငါတို့ကလည်း မင်းတို့ကို ယှဉ်နိုင်တဲ့ တက်သစ်စ အက်သင်းပဲ” — ဆိုပြီး သွယ်ဝိုက်ပြောလိုက်တာပါ။ တရုတ်နိုင်ငံကို အာရှက ဒေသတွင်းနိုင်ငံလေးတစ်ခုအဆင့် မဟုတ်ဘဲ အမေရိကန်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ “ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံ (Major Power)” ဖြစ်နေပြီဆိုတာကို တရားဝင် အဆင့်အတန်း မြှင့်တင်လိုက်တဲ့ သဘောပါပဲ⁴။
​”ပြဿနာတွေရဲ့ အစ ဟာ ခင်ဗျားတို့ပဲ” လို့ ပြောလိုက်တာလည်းဖြစ်ပြန်ပါတယ်။
​သီအိုရီအရ စစ်ပွဲဖြစ်ရတာဟာ တက်သစ်စနိုင်ငံကြောင့်ထက် လက်ရှိကြီးစိုးထားတဲ့နိုင်ငံရဲ့ “စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့မှု” ကြောင့် ဖြစ်တာပါ။ ဒါကြောင့် ရှီကျင့်ဖျင်က ဒီစကားကို သုံးပြီး တာဝန်ရှိမှုကို အမေရိကန်ဘက် လွှဲချလိုက်တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ “ငါတို့ကတော့ အေးအေးဆေးဆေး တိုးတက်ချင်တာ၊ တကယ်လို့ ကုန်သွယ်ရေးစစ်ပွဲတွေ၊ နည်းပညာပိတ်ဆို့မှုတွေကနေတစ်ဆင့် ပြဿနာကြီးကြီးမားမား ဖြစ်လာရင် အဲဒါ မင်းတို့ အမေရိကန်တွေ ရဲ့ သံသယစိတ်နဲ့ ဖိနှိပ်မှုတွေကြောင့်ပဲ” ဆိုပြီး သံတမန်နည်းအရ လက်ညှိုးထိုးဖို့ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
​ထိုင်ဝမ်အရေးအတွက် ပညာရှိနည်းနဲ့ ခြိမ်းခြောက်လိုက်တာလည်းဖြစ်ပါတယ်။
​ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပွဲတွေအပါအဝင် ထိပ်သီးဆွေးနွေးပွဲတွေမှာ ဒီအသုံးအနှုန်းကို ထုတ်သုံးတာဟာ သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ “မျဉ်းနီ” ဖြစ်တဲ့ ထိုင်ဝမ်အရေး (Taiwan Issue) မှာ အမေရိကန်ဘက်က ဝင်ရောက်စွက်ဖက်တာ၊ လက်နက်ရောင်းတာတွေ အလွန်အကျွံ လုပ်လာရင် သမိုင်းကအတိုင်း တကယ့် သွေးထွက်သံယို ထိပ်တိုက်တွေ့မှု (စစ်ပွဲ) ထဲ သက်ဆင်းသွားနိုင်တယ်လို့ ရှေးဟောင်းပညာရှိရဲ့ စကားလုံးတွေနဲ့ ယဉ်ယဉ်ကျေးကျေး ခြိမ်းခြောက်လိုက်တာပဲ ဖြစ်ပါတယ်။
​ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေးလေ့လာသူတွေကတော့ ရှီကျင့်ဖျင်ရဲ့ စကားကို အလုံးစုံ မယုံကြပါဘူး။ တရုတ်က ပါးစပ်ကတော့ “ငြိမ်းချမ်းရေး” လို့ ပြောနေပေမဲ့ လက်တွေ့မှာ တောင်တရုတ်ပင်လယ်ထဲမှာ စစ်အခြေစိုက်စခန်းတွေ ဆောက်တာ၊ အိမ်နီးချင်းနိုင်ငံတွေကို စစ်ရေးအရ ဖိအားပေးနေတာတွေဟာ ဒီထောင်ချောက်ထဲကို တရုတ်ကိုယ်တိုင် တွန်းပို့နေတာလို့ ထောက်ပြကြပါတယ်။
​နောက်ပြီး အခုခေတ် အမေရိကန်နဲ့ တရုတ်ဟာ ရှေးဂရိခေတ်တုန်းကလို မဟုတ်ဘဲ စီးပွားရေးနဲ့ နည်းပညာတွေမှာ ခွဲလို့မရအောင် ရောယှက်နေတာကြောင့် စစ်ဖြစ်ဖို့က ထင်သလောက် မလွယ်ဘူးလို့လည်း ဆိုကြပါတယ်။
Ref:
​1.Thucydides. History of the Peloponnesian War. Translated by Rex Warner. Penguin Books, 1972.
​2.Allison, Graham. Destined for War: Can America and China Escape Thucydides’s Trap?. Houghton Mifflin Harcourt, 2017.
​3. Xi, Jinping. “Speech at the Welcoming Dinner Hosted by Friendly Organizations in the United States.” Seattle, September 22, 2015.
​4.Nye, Joseph S. “The Thucydides Trap Is a Dangerous Metaphor.” Financial Times, December 9, 2024.
မျိုးတေဇာမောင်

Related posts

Leave a Comment

VOM News

FREE
VIEW