“အသံချဲ့စက် ဥပဒေ အသက်ဝင်ဖို့ လိုပြီ”

သွေး (စစ်ကိုင်း)
မနက်ခင်းတိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း နိုးထချင်သူတွေအတွက် ဆူညံသံတွေက တကယ့်ကို အနှောင့်အယှက် ဖြစ်ပါတယ်။ မြို့ပြမှာပဲ ဖြစ်ဖြစ်၊ ကျေးလက်မှာပဲ ဖြစ်ဖြစ် ဘဝရပ်တည်ရှင်သန်ရေး အတွက် အလုပ်, လုပ်ကိုင်ရသူတွေဟာ အိပ်ရေးဝဝအိပ်ဖို့ လိုအပ်သလို နိုးထတဲ့အခါမှာလည်း ကြည်ကြည်လင်လင် နိုးထဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဖို့နဲ့ နိုးထကြည်လင်ဖို့ကို ဖျက်ဆီးပစ်နေတာက ဆူညံသံတွေ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုဘဝ အေးချမ်းမှုကိုပါ ထိခိုက်စေတာကို သိတိပြုရမှာပါ။ ‘ကျောပူတာထက် နားပူတာကို မခံနိုင်ကြသူတွေ’ ကျွန်မတို့ ဝန်းကျင်မှာ ပိုမိုများပြားလာနေပါတယ်။
မြို့ပြမှာရော ကျေးလက်တောရွာ အနှံ့မှာပါ ကျယ်ကျယ်လောင်လောင် ဖွင့်နေတဲ့ အသံချဲ့စက်သံတွေ၊ ဆောင်းဘောက်စ် တဒိန်းဒိန်းသံတွေ နားမခံနိုင်အောင် ဖြစ်နေရပါတယ်။ သက်ကြီးရွယ်အိုတွေဟာ ဒီဆူညံသံ တွေကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ နားကောင်းခြင်း မနားရ ဖြစ်နေကြရသလို စာကျက်နေရတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက်လည်း အနှောင့်အယှက်ကြီး ဖြစ်နေရပါတယ်။ ပတ်ဝန်းကျင်မှာ အသံချဲ့စက် ကျယ်ကျယ်လောင်လောင် ဖွင့်ထားရင် ဖုန်းလာရင်တောင် စကားကောင်းကောင်း ပြောမရပါဘူး။ အသံချဲ့စက်သံ ကျယ်လွန်းလို့ နည်းနည်းလျှော့ပေးဖို့ ပြောတဲ့သူတွေကိုတောင် ရန်တွေ့တာ၊ ဓားနဲ့ထိုးတာတွေ ရှိနေတော့ မကြိုက်ပေမဲ့ အောင့်အည်းသည်းခံနေရတဲ့ ပြည်တွေရဲ့ ဆင်းရဲဒုက္ခက အင်မတန်ကြီးပါတယ်။
အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ အသံချဲ့စက်ဖွင့်ကြတဲ့ အခါ သက်ဆိုင်ရာ ရပ်/ကျေး အာဏာပိုင်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ မတိုးမကျယ် ဖွင့်တာမျိုး ဖြစ်သင့်ပါတယ်။ အသံချဲ့စက်ထက် ပိုဆိုတာက တုန်ခါမှု (Vibration) ပါတဲ့ ဆောင်းဘောက်စ်သံတွေ ဖြစ်ပြီး၊ အနားက ဖြတ်လျှောက်မိတဲ့အခါ နားစည်သာမက ကျောရောရင်ပါ တုန်ခါသွား ရပါတယ်။ ဆောင်းဘောက်စ် ၄-၅ လုံးလောက် ပြိုင်တူဖွင့်ထားရင်တော့ တုန်ခါမှုက ပိုမိုများပြားပြီး ကြားရသူတွေ အတွက် ခေါင်းကိုက်တာ၊ စိတ်မကြည်လင်တာတွေပါ ဖြစ်စေနိုင်ပါတယ်။ လူ့သဘာဝအရ ပျော်ချင်ပါးချင်ကြတာကို လက်ခံပေမဲ့ အနီးဝန်းကျင်က အများပြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်စေပြီးမှ ပျော်ရွှင်ကြတာမျိုးကိုတော့ မြို့နယ်နဲ့ ရပ်/ကျေး အာဏာပိုင်အဖွဲ့က ဥပဒေနဲ့ အညီ ကြပ်မတ်ဖို့ အထူးလိုအပ်နေပါပြီ။
အဲဒီလို ဆူညံသံတွေက Noise Pollution ခေါ် ဆူညံသံညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။ စိတ်ပျက်စရာ ကောင်းတာက ကျွန်မတို့နိုင်ငံဟာ အသံညစ်ညမ်းမှု မြင့်မားတဲ့ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ကားဟွန်းသံ အကျယ်ကြီး တီးတာ၊ ဆောက်လုပ်ရေး လုပ်ငန်းတွေက ထုရိုက်သံ၊ ဈေးသည်တွေ အဆက်မပြတ် ဖွင့်ထားတဲ့ လက်ကိုင်အော်လံသံတွေက အသံညစ်ညမ်းမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းမှာ ပါပါတယ်။
အရင်တုန်းက ရပ်ကွက်ထဲ လှည့်လည်ပြီး ဈေးရောင်းချတဲ့ ဈေးသည်တွေရဲ့ အသံက ကျယ်လောင်တယ် ဆိုပေမဲ့ အသံညစ်ညမ်းမှုကို မဖြစ်စေခဲ့ပါဘူး။ ဒါပေမဲ့ အခုကာလမှာတော့ ပဲပြုတ်၊ ကန်စွန်းရွက်၊ ပန်းရောင်းသူ တွေက အစ ထီရောင်းသူတွေ၊ ရေသန့်ရောင်းသူ၊ ပစ္စည်းအစုတ်အပြတ်ဝယ်သူ အဆုံး လက်ကိုင်အော်လံကို တွင်တွင်ကြီး အသုံးပြုနေကြတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတဲ့ ဆူညံသံတွေ မရပ်မနားပါပဲ။
လူတစ်ယောက်နဲ့ တစ်ယောက် အလုပ် လုပ်ကိုင်ကြရတဲ့ သဘာဝချင်း မတူကြသလို အိပ်ရာဝင် အိပ်ရာထချိန် လည်း မတူကြပါဘူး။ တချို့က ဆိတ်ငြိမ်တဲ့ ဉာဉ့်နက်တဲ့တိုင်အောင် အလုပ် လုပ်ကြရတဲ့ သူတွေ ဆိုရင် မနက် ၄ နာရီ၊ ၅ နာရီ၊ ၆ နာရီ၊ ၇ နာရီအထိ အိပ်ရာက မထနိုင်သေးပါဘူး။ အဲဒီအချိန်မှာ ဈေးသည်တွေရဲ့ လက်ကိုင်အော်လံ ဆူညံသံတွေက သူတို့ကို အိပ်ရေးမဝ ဖြစ်စေပြီး ကျန်းမာရေး ထိခိုက်ရသူတွေ ရှိပါတယ်။
ရန်ကုန်မြို့တွင်းက တချို့သော လမ်းတွေ၊ ရပ်ကွက်တွေနဲ့ အိမ်ရာတွေမှာ လက်ကိုင်အော်လံနဲ့ ဈေးရောင်းသူ တွေကို မဝင်ရောက်ဖို့ တားမြစ်ထားတာ တွေ့ရပါတယ်။ ဒါဟာ ဖြစ်သင့်တဲ့ လုပ်သင့်တဲ့ တားမြစ်မှုပါ။ ကိုယ့်စီးပွား ကိုယ်ရှာဖို့ ကောင်းရောင်း ကောင်းဝယ်လုပ် ဈေးရောင်းကြတာက ပြဿနာမဟုတ်ပေမဲ့ ပတ်ဝန်းကျင်ကို ဆူညံသံနဲ့ အနှောင့်အယှက်ဖြစ်စေမယ် ဆိုရင်တော့ ပြဿနာကြီး ဖြစ်နေပါပြီ။ ဒါတွေကို မြို့နယ်၊ ရပ်/ကျေး တာဝန်ရှိသူတွေက စနစ်တကျ ကြပ်မတ်လုပ်ဆောင်ပေးရမှာပါ။
အသံကို ဒက်ဆီဘယ်လ်လို့ ခေါ်တဲ့ (Decibels – dB) ယူနစ်နဲ့ တိုင်းတာ သတ်မှတ်တာ ဖြစ်ပြီး ဆူညံသံတွေကို လေ့လာကြည့်ကြရအောင်ပါ။
ဒက်ဆီဘယ်လ် (0-30) dB အတွင်းဆိုရင် အလွန်တိတ်ဆိတ်သောနေရာ (ဥပမာ- တောတောင်ထဲ)။
ဒက်ဆီဘယ်လ် (40-50) dB အထိ ဆိုရင် သာမန်ပြောဆိုသံ၊ တိတ်ဆိတ်သောရုံးခန်း (ကျန်းမာရေးအတွက် သင့်တော်သော ပတ်ဝန်းကျင်)၊
ဒက်ဆီဘယ်လ် (55) dB ကျော်ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ စံသတ်မှတ်ချက်အရ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး စိတ်ဖိစီးမှုနဲ့ သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။
ဒက်ဆီဘယ်လ် (65-75) dB ဆိုရင် ဆူညံသောလမ်းမ၊ စက်ရုံများ (ကြာရှည်စွာ ကြားရပါက အန္တရာယ်ရှိသည်)။
ဒက်ဆီဘယ်လ် (85) dB နဲ့ အထက်ဆိုရင် ကြာရှည်စွာ နားထောင်ပါက နားကြားနိုင်စွမ်းကို ထာဝရထိခိုက်စေ နိုင်ပါတယ်။ (ဥပမာ- ယာဉ်ကြောပိတ်ဆို့မှု၊ စက်ပစ္စည်းဆူညံသံများ)။
ဒက်ဆီဘယ်လ် (120) dB နဲ့ အထက်ဆိုရင် နားကို အလွန်အမင်း နာကျင်စေပြီး ချက်ချင်းထိခိုက်စေနိုင် ပါတယ်။ (ဥပမာ- ပေါက်ကွဲသံ၊ လေယာဉ်ဆင်းသံ)
ဒီလို ဆူညံသံညစ်ညမ်းမှုက ပြည်သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကျယ်လောင်တဲ့ အသံတွေကို ကြာရှည်ကြားနေရတဲ့အခါ နားစည်ကို ပျက်စီးစေပြီး နားကြားစွမ်းရည်ကို ထိခိုက်စေတာမျိုး၊ နားထဲမှာ အသံမြည်နေတတ်တာမျိုး (Tinnitus) ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဆူညံသံညစ်ညမ်းမှုက စိတ်ဖိစီးမှု ဟော်မုန်းတွေကို ထွက်စေပြီး သွေးတိုး၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း တို့ကိုလည်း ဖြစ်နေိုင်ပါတယ်။ ညဘက်တွေမှာ ဒက်ဆီဘယ်လ် (40 dB) ကျော်တဲ့ ဆူညံသံတွေက အိပ်စက်ခြင်းကို ပျက်ပြားစေပြီး အိပ်မပျော်ခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းနဲ့ မှတ်ဉာဏ်ထိခိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။
ဒက်ဆီဘယ်လ် (85 dB) ကျော်တဲ့ ဆူညံသံညစ်ညမ်းမှုက နားကိုချက်ချင်း ထိခိုက်နိုင်ပြီး၊ (55 dB) ထက်ကျော်တဲ့ အသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါက နှလုံးရောဂါနဲ့ စိတ်ဖိစီးမှုကဲ့သို့သော ရေရှည် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ဆူညံသံတွေ ဖြစ်ပေါ်စေတဲ့ အဆောက်အဦး ဆောက်လုပ်မှုတွေကို မြို့နယ်၊ ရပ်/ကျေးတာဝန်ရှိသူတို့က ကြပ်မတ်ရမှာ ဖြစ်သလို ဖွင့်ချင်သလိုဖွင့်၊ သုံးချင်သလို သုံးနေကြတဲ့ အသံချဲ့စက်တွေကိုလည်း “အသံချဲ့စက်ဥပဒေ” နဲ့ ကန့်သတ် ကြပ်မတ်ဖို့ လိုပါတယ်။
ဒီဥပဒေက ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းခဲ့တဲ့ “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ” ရဲ့ ပုဒ်မ ၁၃ (ဈ) မှာ ပါဝင်ပြီး၊ အသံချဲ့စက်အသုံးပြု၍ ပြည်သူအများအား အနှောင့်အယှက်ဖြစ်စေခြင်း (သို့မဟုတ်) ခွင့်ပြုချိန် ကျော်လွန်၍ ဖွင့်လှစ်ခြင်းများကို တားမြစ်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဥပဒေရဲ့ ဆိုလိုရင်းက “အသံချဲ့စက် အသုံးပြုရာမှာ ပြည်သူအများကို အနှောင့်အယှက်မဖြစ်စေဖို့ အနားယူချိန်၊ အိပ်စက်ချိန်တွေမှာ အသံကျယ်လောင်စွာ မဖွင့်ရ။ ခွင့်ပြုထားသော အချိန်ကာလ (မနက် ၆ နာရီမှ ည ၉ နာရီ) အတွင်းသာ ဖွင့်ရမည်။ အများပြည်သူဆိုင်ရာ နေရာများတွင် အသံချဲ့စက်အသုံးပြုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးထံတွင် ခွင့်ပြုချက် တောင်းခံရမည်။” လို့ ပြဋ္ဌာန်းထားတာပါ။
ဒါကြောင့် စည်းကမ်းမဲ့ ဖွင့်နေ၊ အသုံးပြုနေတဲ့ အသံချဲ့စက်တွေကို အသိပေး ကြပ်မတ်ဖို့က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ တာဝန် အပြည့်အဝရှိနေပါတယ်။ တစ်နေ့တာ ပင်ပန်းစွာ လှုပ်ရှားရုန်းကန်နေ ရတဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာ နေထိုင် အနားယူနိုင်ဖို့ အတွက် ပြောင်းလဲလာတဲ့ အုပ်ချုပ်ရေးနဲ့ အတူ “အသံချဲ့စက်ဥပဒေ” လက်တွေ့မှာ အသက်ဝင်ဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း။ ။
သွေး (စစ်ကိုင်း)
မေ ၁၅၊ ၂၀၂၆

Related posts

Leave a Comment

VOM News

FREE
VIEW