ဆူးငှက်
ရောက်ဖူးချင်သော ရန်ကုန်
——————————-
ကျွန်တော်သည် တက္ကသိုလ်ကျောင်း ၄နှစ် တက်ပြီးမှ ရန်ကုန်မြို့သို့ ပထမဆုံး ရောက်ဖူးသည်။ တကယ်တော့ ရန်ကုန်ကို ရောက်ဖူးသူများပြောတိုင်း ငေး၍ နားထောင်ကာ ကိုယ်လည်းရောက်ဖူးချင်သည်။ မိုးရွာလျှင် ရေမတင်သော နိုင်လွန်ကတ္တရာလမ်းမကြီးတွေ၊ မီးပွိုင့်တွေ၊ သမ္မတရုပ်ရှင်ရုံ အတက်က မှန်ချပ်ကြီးတွေ၊ ဓာတ်လှေကားနှင့် ရွှေတိဂုံဘုရား၊ ဟီးနိုးကားတွေ၊ တိရစ္ဆာန်ရုံ ရန်ကုန်ဘူတာကြီး ဆူးလေလမ်းမနှင့် ဗန္ဓုလပန်းခြံ၊ ညဈေး စသည်ဖြင့် ပြောသူတိုင်း၏ စကားတိုင်းမှာပါသော ရန်ကုန်မြို့ကို စိတ်ကူးထဲကပဲ အလည်ရောက်နေရသည်။ အမေက ရန်ကုန်သို့ လက်ဖက်ခြောက် ကုန်ကူးစဉ်က လိုက်ခဲ့ဖို့ ခေါ်ပါသည်။ သို့သော် အမေတို့က လက်မှတ်မဲ့နှင့် အိမ်သာဘေး ဖြစ်သလိုလိုက်ရတာ၊ ညရောက်ရင် ရထားကြမ်းခင်းပေါ် သူများခုံအောက် ခေါင်းလျှိုအိပ်ရတာတွေ ကြားတော့ မလိုက်ဝံ့တော့ပဲ။ ကိုယ့်ခုံနှင့်ကိုယ် သက်သက်သာသာ လိုက်ရသည်ပင်လျှင် ခုံကို နောက်ပြန်ထိုင်ရလျှင် ပြတင်းပေါက်ဘေး မထိုင်ရလျှင် မူးတတ်သူအဖို့ ထိုသို့သာ လက်မှတ်မဲ့နှင့် ဖြစ်သလိုလိုက်ရလျှင် သေဖွယ်သာ ရှိတော့သည်။ ထို့ကြောင့် မလိုက်ဖြစ်။
သည်ကြားထဲ တစ်လတစ်ကြိမ်လောက် ရန်ကုန်သို့ ကုန်ကူးသွားကြသည့် ကိုသိန်းမောင်တို့ ကိုကိုစိန်လှိုင် တို့ကလည်း ခေါ်ပါသည်။ သို့သော် သူတို့က အရောင်းအဝယ်ကိစ္စနှင့် သွားကြသောကြောင့် မနက်ရောက် ညရထားပြန်စီးလျှင်လည်း စီးကြသည်။ ကိုယ်က ကန့်လန့် ကန့်လန့်နှင့်မို့ မဖြစ်။ ဤသို့ဖြင့် ရန်ကုန်ဟူသည် ကျွန်တော့် အတွက် ဒုလ္လဘတရားကြိးပဲ ဖြစ်သည်။ သို့သော် ရောက်ဖူးချင်သည်က အိပ်မက်ထဲမှာပင် ရန်ကုန်သို့ ရောက်ကြောင်း မကြာခဏ မက်သည်။
ရန်ကုန်သို့ ပထမဆုံး သွားခွင့်ကြုံ
—————————————–
ဒီလိုနှင့် ၁၉၇၉ နှစ်ကုန်လုမှ ရန်ကုန်သို့ ရောက်ဖြစ်ဖို့ အကြောင်းဖန် လာတော့သည်။ မုံရွာက မမခင်ဝင်း ခင်ပွန်း ဦးဇော်ဝင်း(ဇော်ပုလဲ) က ရန်ကုန် သွားရမည်။ မမခင်ဝင်းကလည်း ကလေးတစ်ဖက်နှင့် မအားလို့ ကျွန်တော် လိုက်ရမည်ပေါ့။ တကယ်တော့ ဦးဇော်ဝင်းနှင့် မမခင်ဝင်းမှာ ၁၉၇၈ခုနှစ်နှင့် အခု ၁၉၇၉ နှစ်ကုန်အထိ ရန်ကုန်သို့ အကြိမ်ကြိမ်သွားခဲ့ကြရသည်။ ကိစ္စကတော့ ဒေါ်သြဘာသောင်း ကဗျာလွတ် မှတ်တမ်းစာအုပ် ကိစ္စပေါ့။ အခုလည်း ဒေါ်သြဘာသောင်း ရှိစဉ် ၁၉၆၇ခုနှစ် ကတည်းက ရန်ကုန်မှာရော မန္တလေးမှာရော ကဗျာလွတ်ကကွက်များ မှတ်တမ်းတင် ပြုစုသော အလုပ်ကို ဒေါ်သြဘာသောင်း ကွယ်လွန်သည့်် ၁၉၇၁ခုနှစ်အထိ လက်စမသတ်ဘဲ အကြောင်းပြချက်မရှိ ရပ်နားလိုက်သည်။
ထိုအလုပ်ကို မမခင်ဝင်းတို့ ဇနီးမောင်နှံက ၁၉၇၇ခုနှစ်တွင် ကိုယ့်စာရိတ်နှင့်ကိုယ် ပြန်လည် ပြုစုကာ လူထုဒေါ်အမာ၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊ ဟံသာဝတီ ဦးဝင်းတင်တို့ အမှာစာများဖြင့် စာမူကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဌာနချုပ် နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ၁၉၇၈ခုနှစ်တွင် တင်ပြပြီး ထုတ်ဝေရေးကို အကူအညီပေးရန် တင်ပြခဲ့သည်။ သည်ကြားထဲ စာမူတင်အပြီး ၄လအကြာတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြးရေးမှူးကိုယ်တိုင် မန္တလေးလာ၍ မုံရွာက မမခင်ဝင်းကို ကြေးနန်းရိုက်ခေါ်ကာ ထိုစာအုပ်ကို မထုတ်ဖို့ ဖိအားပေးခဲ့သည်။ မမခင်ဝင်းက လက်မခံ သောကြောင့် နောက်လတွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဇော်ဝင်း(ဇော်ပုလဲ) နှင့် မမခင်ဝင်းတို့ကို ရန်ကုန်သို့ ဆင့်ခေါ်ကာ ညှိနှိုင်းပြန်သည်။ ညှိနှိုင်းမှုတွင် စာအုပ်ထုတ်ဝေရေးကို မူအားဖြင့် သဘောတူခဲ့သည်။ ထို့ကြောင့် ပြင်ပစာပေတိုက်နှင့် ကိုယ်တိုင် ထုတ်ဝေရန် စာပေစိစစ်ရေးသို့ တင်ခဲ့သည်။ အခု ၁၉၇၉ နှစ်ကုန်လု အထိ စာပေစိစစ်ရေးသို့ တင်သည့် စာမူက ၁နှစ်ကျော် ကြာနေသောကြောင့် အကျိုးအကြောင်းသိရန် ရန်ကုန်သို့ ကျွန်တော်တို့ သမီးယောက်ဖနှစ်ယောက် လိုက်ကြခြင်း ဖြစ်သည်။
ရန်ကုန်မှာ အလုပ်ကိစ္စတွေက
————————————-
ထိုစဉ်က စာပေစိစစ်ရေးနှင့် စာပေဗိမာန်တွင် အကြီးအမှူးက ဆရာတက္ကသိုလ်ထင်ကြီးဖြစ်သည်။ ဆရာ တက္ကသိုလ်ထင်ကြီးထံ တွေ့ဆုံ အကူအညီတောင်းခံဖို့ ဆရာဒဂုန်တာရာကတဆင့် မိတ်ဆက်ပေးရန် မုံရွာက ဆရာဦးအံ့မောင်က ဆရာဒဂုန်တာရာထံ စာရေးပေးလိုက်သည်။ ထိုအလုပ်အပြင် ဦးဇော်ဝင်းက How to paint ဟူသော ပန်းချီစာအုပ်ကြီးများကို သူ့ထံက ငှားရမ်းထားသူထံက ပြန်တောင်းပြီး ကျွန်တော့်ကို ပေးဖို့လည်းပါသည်။ ထို့ပြင် ရန်ကုန်တွင် ဂယ်လာရီဖွင့်ကာ အောင်မြင်နေသော သူ့မိတ်ဆွေ ပန်းချီဆရာနှင့်လည်း တွေ့ဖို့ရှိသည်။ သည်တော့ ကျွန်တော့်အဖို့ ပထမဆုံး ရန်ကုန် ခရီးသည် အမှတ်တရ ရှိလှပါသည်။
သည်တော့ အစစအရာရာ ပြင်ဆင်ပြီး ဦးဇော်ဝင်းက မန္တလေးရောက်လာကာ မန္တလေးက ညရထားနှင့် ရန်ကုန်သို့ ခရီးဆက်သည်။ ၁၉၇၉ ဒီဇင်ဘာ၏ နှင်းဆွတ်ကာလမှာမို့ ခရးလမ်းပန်းက လှပပါ၏။ ရထားကလည်း ရန်ကုန်သို့ မနက်စောမှာပင် အချိန်မှန် ဝင်သည်။ ရန်ကုန်အဝင် ကတည်းက လင်းနေပြီမို့ မြင်ကွင်းက ထင်ရှားပါသည်။ ဦးဇော်ဝင်းက ရန်ကုန်အဝင် ရထားလမ်းဘေးက အင်ဖက်မိုးတဲလေးတွေ ပြွတ်ညပ်နေသော တန်းလျားလူနေအိမ်တွေ၊ အမှိုက်တွေ ပိတ်ဆို့နေသော ရေဆိုးမြောင်းတွေ ကျပ်ညှပ်နေသော ဘတ်စ်ကားတွေကို ပြပြီး ရန်ကုန်ဆိုတာ အများစုက ဒါမျိုးတွေကွ၊ နိုင်လွန်လမ်းတွေ၊ တိုက်ကြီးတွေ၊ မှန်လုံကားတွေဆိုတာ မြို့လယ်ခေါင် ကွက်ကွက်လေးပဲ ရှိတာဟု ပြောပြသည်။ သည်လိုနှင့် ရန်ကုန်ဘူတာကြီးရောက်၊ သုံးဘီးငှားပြီး ဦးဇော်ဝင်းက သူတည်းနေကျ ဘားလမ်းက မြို့မတည်းခိုခန်းသို့ သွားသည်။ ဘူတာကြီးက ဘားလမ်းတည်းခိုခန်းသို့ သွားသည့် ခရီးတိုလေးမှာပဲ ကျွန်တော် ရောက်ဖူးချင်သော ရန်ကုန်က ပြည့်စုံလုပါပဲလေ။
ဘားလမ်းက စံပြမှာ
————————
ဘားလမ်းမြို့မတည်းခိုခန်းရောက်တော့ အခန်းမရှိတော့။ ထို့ကြောင့် မျက်စောင်းထိုးက စံပြတည်းခိုခန်းသို့ မေးကြည့်ရာ ၁၂နာရီထိုးလျှင် အခန်းရမည်။ အခု ဧည့်ခန်းမှာ ခဏစောင့်ပါ။ ဒါမှမဟုတ် ပစ္စည်းတွေ ထားပြီး အပြင်သွားချင်လည်း ရပါတယ်ဟုဆိုတော့ ပစ္စည်းတွေထားပြီး အနော်ရထာလမ်းဘက်ထွက်ကြသည်။ ဦးဇော်ဝင်းက ဆရာဦးအံ့မောင်က မှာလိုက်တယ်၊ ဆရာဒဂုန်တာရာက နေ့လယ်ပိုင်းဆို ဒီနားက ဝါဇီ လက်ဖက်ရည်ဆိုင်မှာ ရှိတတ်တယ်။ ဆိုင်မှာမရှိရင် ဘေးက ကပ်ရက် မိုးမြင့်သော်တာရုပ်ရှင်ရုံးခန်းမှာ ရှိတယ်တဲ့။ ငါတို့ အဲ့ဒီဘက် ကြိုပြီးသွားကြည့်ရအောင်ဆိုကာ လမ်းတဖက်သို့ ကူးသည်။
ဝါဇီလက်ဖက်ရည်ဆိုင်ကို တွေ့ပါပြီ၊ ဆိုင်ရှေ့မှာ တယ်ပင်လေးနှင့် အုတ်ခုံဝိုင်းလေးနှင့်။ ဝါဇီမှာပဲ လက်ဖက်ရည် သောက်ကြ မုန့်စားကြသည်။ ဆိုင်ကို တီးခေါက်ကြည့်တော့ ဆရာဒဂုန်တာရာ မလာတာတော့ ကြာပြီတဲ့။ သို့သော် ဘေးက မိုးမြင့်သော်တာရုပ်ရှင်ရုံးခန်းဖွင့်ရင် မေးကြည့်ပါ ဟု အကြောင်းပြန်သည်။ ကျွန်တော်တို့လည်း ဝါဇီမှာ စားသောက်အပြီး လမ်းပေါ်ထွက်ကာ မိုးမြင့်သော်တာ အခန်းဘက်ကြည့်တော့ မဖွင့်သေး။ ဦးဇော်ဝင်းက ဒီအပေါ်ထပ်မှာ ရုံးခန်းတစ်ခန်းရှိသေးတယ်၊ အဲ့ဒီမှာ ရုပ်ရှင်မင်းသား ထွန်းဝေရှိတယ်။ ပြီးတော့ ပန်းချီ ဦးအေးမြင့်လည်းရှိတယ်ဟု ပြောသည်။
ကုက္ကိုင်းသို့ သုံးဘီးနှင့် ခရီးစဉ်
————————————
ကျွန်တော်တို့လည်း အခြားဘယ်မှ သွားစရာမရှိသေး၊ ဒီနေ့ နေ့လယ်မှ ဆရာဒဂုန်တာရာကို မိုးမြင့်သော်တာမှာ မေးပြီး တွေ့ရမှာမို့ တည်းခိုခန်းသို့ပဲ ပြန်ကြသည်။ တည်းခိုခန်းရောက်တော့ ၁ယောက်ခန်း တခန်းတော့ရပြီ။ နောက်တခန်းက ခဏနေရမယ်ဟု းပြောသည်။ ဒီတော့ တယောက်က အခန်းယူလိုက်ပါ၊ နောက် တယောက်က ဒီခုတင်မှာ ခဏနားလို့ရပါတယ်ဆိုတော့ အလုပ်တွေ ပြင်ဆင်ဖို့ ဦးဇော်ဝင်းက ရသည့် အခန်းမှာ အရင်ယူပြီး ကျွန်တော်က ခေတ္တနေရမည့် ခုတင်မှာ လှဲရင်း နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားလိုက်တာ အခန်းရလို့ ဦးဇော်ဝင်းနှိုးမှပဲ နိုးတော့၏။
ကြည့်စမ်း အိပ်လိုက်တာ အခြားအခန်းက အဲယားကွန်း အပြင်စက်အောက်မှာလေ။ စက်က လေတွေ တဝူးဝူးမှုတ်လို့။ သည်တော့ အခန်းပြောင်း ရေမိုးချိုးပြီး အိပ်ကိုယ်စီဆွဲကာ သည်နေ့ခရီးစပြီပေါ့။ တည်းခိုခန်းမှာ အခန်းသော့ ပြန်အပ်ရင်း တစ်နေ့တွက် အခန်းခငွေချေတော့ တစ်ခန်းကို ၁၄ကျပ်ကျသည်။ ခရီးမစမီ ဆူးလေဘုရားလမ်း ပေါ်က ချစ်တီးထမင်းစားကြ၏။ ပြီးတော့မှ မိုးမြင့်သော်တာရုံးခန်းဝင်ပြီး ဆရာဒဂုန်တာရာကို မေးကြည့်တော့ မလာတာကြပြီတဲ့။ အိမ်မှာပဲ ရှိသတဲ့။ အိမ်လိပ်စာမေးတော့ ကုက္ကိုင်းက အိမ်လိပ်စာကို သေချာရေးပေးလိုက်သည်။
သည်တော့ ထိုလိပ်စာကိုပြပြီး အနားက သုံးဘီးငှားမယ်တဲ့။ ဦးဇော်ဝင်းက သုံးဘီးဂိတ်ကိုသွားရင် သိပ်သစ်တဲ့ သုံးဘီးဆို ဈေးကမတရား တောင်းလိမ့်မယ်ကွ၊ ခပ်စုတ်စုတ်သုံးဘီးပဲ ငှားရအောင်ဟု ဆိုကာ အစွန်ဆုံမှာရပ်ထားသော သုံးဘီးကို လိပ်စာဲပတော့ သိတယ်လေ၊ အဲ့ဒါ မင်းသားကြီးအိမ်ပဲ၊ ကျွန်တော် လိုက်ပို့နေကျပါ၊ အသွားအပြန်မဟုတ်လား ၃ကျပ်ပဲပေးတော့ဟုဆို၏။ ဦးဇော်ဝင်းက ကျွန်တော့်ကို မျက်ရိပ်ပြကာ တက်တော့ဟု ဆိုသည်။
သုံးဘီးပေါ်ရောက်မှ အခုသွားမှာက ရုပ်ရှင်မင်းသား ကောလိပ်ဂျင်နေဝင်း အိမ်ကွ၊ ဆရာဒဂုန်တာရာက အဲ့ဒီအိမ်မှာနေတာ၊ ကောလိပ်ဂျင်နေဝင်း ဇနီး ဒေါ်ခင်မာလာတို့ကို ဆရာဒဂုန်တာရာက ငယ်ငယ်ကတည်းက ထိန်းခဲ့တာ ဟု ပြောမှ ကျွန်တော်လည်း ဇာတ်ရည်လည်တော့သည်။ ဟုတ်သားပဲ၊ ဆရာဒဂုန်တာရြ့စာတွေထဲ အမြဲပါတာပဲ။ ရဲဘော်သုံးကျိတ်)င် တပ်မှူးကြီး ဗိုလ်ဇေယျနှင့် ဆရာဒဂုန်တာရာ့ ဆက်ဆံရေး၊ အဝေးရောက် ဗိုလ်ဇေယျနှင့် သူ့သားသမီးတွေကို ဆရာဒဂုန်တာရာ့ အထိန်းအကျောင်း၊ ပြီးတော့ ကျေးငှက်သံများနှင့် ရေစပ်စပ်ရှိသည့် နောက်ဖေးက လျှိုကြီးနှင့် ကုက္ကိုင်းအိမ်။
ဆိတ်ငြိမ်ရပ်ကွက်နှင့် သုံးဘီးစက်သံ
—————————————-
သည်လိုနှင့် အင်ဂျင်စက်သံ တထုန်းထုန်း၊ စုတ်နေသော အမိုးမိုးကာအပြဲက တလွင့်လွင့်နှင့် ဆေးရောင် ပျောက်လုလု သုံးဘီးလေးသည် ကမ္ဘာအေးလမ်းမကြီးမှသည် လမ်းသွယ်တစ်ခုထဲ အရှိန်မလျော့ဘဲ ချိုးဝင်လိုက်သည်။ ထိပ်မှာတော့ လမ်းဘေးမျာ ဈေးသည်လေးတွေ ရှိရဲ့။ မကြာမီ လမ်းလေးက သစ်ရိပ်ဝါးရိပ်ကောင်းသော ဝင်းကြီးခြံကြီးတွေကြား တိုးဝင်သည်။ ထို့နောက် ဝင်းတစ်ဝင်းရှေ့ရောက်တော့ ဝင်လမ်းအတိုင်း ချိုးကွေ့သည်။ လမ်းက နိမ့်လျောဖြစ်ကာ ဟို ခပ်လှမ်းလှမ်း သစ်ခွပင်တွေ ကြားက တစ်ထပ်တိုက်လေး ဆင်ဝင်ထိရောက်သည်။ လမ်းအတိုင်း ဝင်လိုက်သည့် သုံးဘီးစက်သံက တိတ်ဆိတ်သည့် ပတ်ဝန်းကျင်မှာ ပိုမိုကျယ်လောင်လို့။ လမ်းကနိမ့်လျောမို့ သုံးဘီးအရှိန်က တော်တော်နှင့် မသတ်နိုင်။ စုတ်နေသော မိုးကာစက လွင်ဆဲ။ သုံးဘီးက တိုက်လေး၏ ဆင်ဝင်အောက် ရောက်လုမှာတော့ အရှိန်သတ် ရပ်နိုင်သွားပါပြီ။ သည်တွင် ဆင်ဝင်အောက် ဝင်ပေါက်စမှာ ကစာနေသော ဘောင်းဘီတို အပြာရင့်နှင့် ၁၀နှစ်အရွယ် ယောက်ျားလေးက သုံးဘီးရပ်လိုက်တော့ အတွင်းသို့ လှမ်းကာ ဦးလေး၊ ဦးလေးဧည့်သည်တွေ လာနေတယ်ဟု လှမ်းအော်သည်။
ကျွန်တော်တို့လည်း သုံးဘီးပေါ်က ဆင်းပြီး ဆင်ဝင်အောက် ဝင်တော့ အိမ်ပေါက်မှာ ဦးဆုံး တွေ့လိုက်ရတာက စွပ်ကျယ်လက်ပြတ်နှင့် ကောလိပ်ဂျင်နေဝင်းလေ။ သူ့က ပုခုံးပေါ်မှာ တဘက်လေး အလျားလိုက် တင်ထားသည်။ သူက ကြွကြပါ၊ ဦးလေးဆီလာကြတာထင်တယ်၊ ဦးလေးရှိပါတယ်၊ အထဲမှာ ဝင်ထိုင်ကြပါဦး၊ ကျွန်တော် ခေါ်ပေးပါ့မယ်ဟု ဖိတ်ခေါ်၏။ တစ်ဆက်တည်းပင် တဟဲဟဲ ရယ်ရင်း စောစောက ဆော့နေသည့် ကလေးခေါင်းကို ပွတ်ကာ နေစမ်းပါဦး သားရ၊ မင်းက ဧည့်သည်တွေက ဘယ်သူ့တွေ့ချင်ပါတယ်လို့ မပြောသေးဘဲ သား ဦးလေးဧည့်သည်တွေလို့ ဘာလို့ ချက်ချင်း အော်ရတာလဲကွ ဟု မေးသည်။
ဖေဖေ့ဧည့်သည်နှင့် ဦးလေးဧည့်သည်
——————————————-
ကျွန်တော်တို့လည်း အိမ်ထဲ မဝင်သေးဘဲ ကလေးနှင့် သူ့အဖေ အမေးအဖြေကို နားစွင့် မိကြ၏။ ကလေးက ဟာ .. ဖေဖေကလည်း ဒီအိမ်ကို လာတဲ့ ဧည့်သည်က ဖေဖေ့ဆီနဲ့ ဦးလေးဆီ ပဲ ရှိတာ။ ဖေဖေဆီလာတဲ့ ဧည့်သည်က ရုပ်ရှင်ဘက်ကဆိုတော့ ကားအကောင်းနဲ့လေ။ အခုလို သုံးဘီးကားနဲ့ လာတဲ့ဧည့်သည်က ဦးလေးဆီလာတာပဲပေါ့ ဟု ဖြေတော့ ကောလိပ်ဂျင်နေဝင်းကလည်းရယ် ကျွန်တော်တို့လည်း ရယ်ကြရသည်။ တိုက်ထဲက ဧည့်ခန်းမှာ ဝင်ထိုင် လိုက်တော့ နံရံမှာ ပန်းချီကားတွေ ချိတ်ထားသည်။ မျက်နှာချင်းဆိုင် နံရံဘေးမှာ စန္ဒရားတစ်လုံး ရှိသည်။ တစ်ဖက်က ကြွေစေ့ လိုက်ကာတန်းတွေချထားသော အခန်း၏ စာပွဲတစ်လုံးမှာ ၁၃နှစ် ၁၄နှစ်ရွယ် မိန်းကလေး ၂ယောက်ကို အသက်ခပ်ကြီးကြီး အမျိုးသမီးတစ်ဦးက အင်္ဂလိပ်စာ သင်နေ၏။ အမျိုးသမီးကြီးက ပိန်ပိန်ပါးပါးနှင့် မျက်နှာပေါက်က အင်္ဂလိုဘားမင်း ဖြစ်ဟန်တူ၏။
ခဏနေတော့ ကျွန်တော်တို့အတွက် ကော်ဖီနှင့် ကိတ်မုန့်တွေ လာချသည်။ မကြာမီ ဆရာဒဂုန်တာရာက ဘေးအခန်းထဲက ထွက်လာကာ ဝင်ထိုင်သည်။ ဦးဇော်ဝင်းက မိတ်ဆက်ပြီး ဆရာဦးအံ့မောင်၏ စာကို ပေးတော့ မင်းသားကြီးက ဖတ်ပြသည်။ ဆရာဒဂုန်တာရာက စာဆုံးသွားမှ ဟာ.. မှတ်မိပြီဗျ။ ကိူအံ့မောင်က ပြောဖူးတယ်။ ဒေါ်အမာတု့ို့ ဦးလှတို့ ကိုယ်တိုင် အားပေးတဲ့ စာအုပ်လို့ ပြောတယ်။ ဟုတ်တာပေါ့ဗျာ။ ဘာလို့များ ဒီလောက် ကြာနေရတာလဲ။ နေဦးဗျ။ ကိုထင်ကြီးက ကျွန်တော်နဲ့ အလွန်ရင်းနှီးတယ်၊ စာပေဗိမာန်မှာ သူထိုင်မယ် ထင်တယ်။ သူ့ဆီ ဝင်တွေ့လိုက်ပါ။ ကျွန်တော် သူ့ကို ဖုန်းကြိုဆက်ထားမယ် ဟု ပြောသည်။
မုံရွာအကြောင်း၊ မန္တလေးအကြောင်း
———————————————-
ထို့နောက် မန္တလေးသို့ ၁၉၅၀ကျော်က ရောက်ဖြစ်ပုံအကြောင်း၊ မုံရွာက လယ်တီ ဆရာတော်အကြောင်း၊ ဦးအံ့မောင်နှင့် အတူဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး အဖွဲ့အစည်း အကြောင်း၊ လူထုဦးလှ လူထုဒေါ်အမာအကြောင်း၊ မြို့မငြိမ်းအကြောင်း မြမျိုးလွင် အကြောင်း စုံလင်စွာ ပြော၏။ ဆရာဒဂုန်တာရာက ဇာပေါက်စွပ်ကျယ် အဖြူ လက်စက ကို ဝတ်ထားကာ ပုဆိုးက အဖြူခံ ခရမ်းရင့် ကွက်စိပ်နှင့် ဖြစ်၏။ ဆံပင်က ဂုတ်ပေါ်ဝဲလု ရှည်သည်။ ဖိနပ်က ရာဘာကွင်းစွပ် အသားရောင်အရင့် ဖြစ်ကာ သတိထားမိသည်က ဖိနပ် ၂ဖက်စလုံး၏ ခြေကွင်း တစ်ဖက်စီဘေး ထိပ်မှာ အပ်ချည် အနီရောင်လေးနှင့် တုပ်ထားခြင်း ဖြစ်သည်။ သည်အိမ်မှာ သည်လို ဖိနပ်ဆင်တူတွေ ရှိလို့ အမှတ်အသား လုပ်ထားပုံရသည်။ စကားအတော်ပြောပြီး ကျွန်တော်တို့က ပါလာသည့် ပုဆိုး၊ ဝက်အူတောင့်၊ ထိုးမုန့် စသော အစားအသောက်များနှင့် ကန်တော့ကြတော့ ဆရာက အားနာလို့ အတန်တန်ငြင်းသည်။
ကျွန်တော်တို့က ကန်တော့အပြီး နှုတ်ဆက်ကာ ပြန်တော့ တံခါးဝ အရောက်မှာပင် မင်းသားကြီးက ကျွန်တော် မေ့ကျန်ခဲ့သော လျှာထိုးဦးထုပ်လေး ခေါင်းပေါ်ဆောင်းကာ ဘယ်လိုလဲကွ၊ မင်းက ဦးထုပ်လည်း လက်ဆောင် ပေးခဲ့တာလား ဟဲ..ဟဲ..ဟဲ ဟု ရယ်ရင်း ထွက်လာကာ ဦးထုပ်လေး ပြန်ပေးလိုက်သည်။ ကျွန်တော်တို့က သုံဘီးပေါ်တက်ပြီး အပေါက်ဝက ရပ်ရင်း ကြည့်နေသည့် ဆရာဒဂုန်တာရာနှင့် မင်းသားကြီးကို လက်ပြ နှုတ်ဆက် လိုက်သည်။ သုံးဘီးလေးက စက်သံညှစ်၍ တဒီးဒီး အော်ကာ လမ်းလေးအတိုင်း ဝင်းပေါက်အတက်ဆီ ရုန်း၍တက်သည်။ မိုးကာ အစုတ်လေးကလည်း တလွင့်လွင့် နှုတ်ဆက်လို့။
ဆူးငှက်
