မေ ၂၁ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မနေ့ မေ ၂၀ ရက်၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့နယ်၊ မန်ဖာကျေးရွာဝန်းကျင်မှာ မနေ့ မနက် ၁၀ နာရီကျော်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့သိရပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အကျဉ်းထောင်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးပေါ် ကျရောက် ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
“သေတာက စစ်သုံ့ပန်း ငါးယောက်နဲ့ PDF နှစ်ယောက်ပါ။ နေရာမှာပဲ ပွဲချင်းပြီး ဖြစ်သွားတာ။ အင်းတော်ကို အစိုးရတပ်က သိမ်းထားပေမယ့် တိုက်ပွဲတွေကတော့ ရှိနေသေးတယ်။ အခုလက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက မြို့နဲ့ ၂ မိုင်ပတ်လည်လောက်ပဲ ဝေးတာ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကို အထူးဂရုစိုက်ကြဖို့လိုတယ်” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
အစိုးရတပ်တွေဟာ အင်းတော်မြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ ကျေးရွာတွေမှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာဖြစ်ကာ အဲဒီတပ်တွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ဝင်ရောက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
“အင်းတော် သိမ်းပြီးနောက်ပိုင်း မေ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲပြန်ဖြစ်နေတာ။ လက်နက်ကိုင်တပ်တွေက အစိုးရတပ် စစ်ကြောင်းရှိတဲ့နေရာတွေ၊ အထိုင်ချထားတဲ့ ရွာတွေကို လိုက်ပြီးတိုက်ခိုက်နေတာ။ တိုက်ပွဲဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာတာကို တွေ့ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကတော့ အင်းတော်မြို့နဲ့ မဲဇာရွာကြားမှာရှိတဲ့ ပေပင်၊ နတ်မဟုတ်ကြီး၊ နတ်မဟုတ်လေး၊ တည်ပင်၊ သီပေါ၊ ပေပင် အစရှိတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ပြင်ဆင်ခဲ့တာမှာ ဖေဖော်ဝါရီလမှာ ဗန်းမောက်၊ မတ်လမှာ ထီးချိုင့်၊ ဧပြီလမှာ ကသာမြို့နဲ့ အင်းတော်မြို့တွေကိုထိန်းချုပ်ခဲ့သလို အခု မေလ အစောပိုင်းမှာတော့ မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အစိုးရတပ်က မန္တလေး – မတ္တရာ – ထီးချိုင့် – အင်းတော် – မိုးညှင်း – မြစ်ကြီးနားလမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့သလို သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တွေမှာလည်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။
Photo – CJ
