လူမှုရေးပင်စင်ကို ဖုန်းငွေလွှဲစနစ်နဲ့ တစ်နှစ်ကို ကျပ် ခြောက်သောင်း ထောက်ပံ့မယ်

မေ ၂၅ – ၂၀၂၆
SS (VOM)
အသက် (၈၅) နှစ်ပြည့်ပြီးတဲ့ သက်ကြီးရွယ်အိုတွေအတွက် လူမှုရေးပင်စင်ကို ဖုန်းငွေလွှဲစနစ်နဲ့ တနှစ်စာ ကျပ် ခြောက်သောင်း ထောက်ပံ့မယ်လို့ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထားပါတယ်။
ဒီအစီအစဉ်အတွက် အကျုံးဝင်သူတွေကတော့ ခရစ်သက္ကရာဇ် ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက် (မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ်၊ တန်ခူး လဆန်း ၆ ရက်) မတိုင်မီ မွေးဖွားပြီး အသက် ၈၅ နှစ် ပြည့်ပြီးသူတွေဖြစ်ကာ ထောက်ပံ့ကြေး ရရှိဖို့အတွက် နေရပ်လိပ်စာရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး (ဒါမှမဟုတ်) လူမှုဝန်ထမ်းရုံးတွေမှာ လာမယ့် မေ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
တနှစ်စာ ရရှိမယ့်ငွေပမာဏကို တလ ၅၀၀၀ ကျပ်နှုန်းနဲ့ သုံးလပတ် နှစ်ကြိမ်ခွဲကာ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်မှစတင်ကာ ဖုန်းကို ငွေလွှဲစနစ်နဲ့ ထောက်ပံ့သွားမှာ ဖြစ်တဲ့အတွက် လက်ခံရယူလိုတဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို မိမိတို့ရဲ့ လက်ကိုင်ဖုန်းတွေမှာ ကြိုတင် ဖွင့်လှစ်ထားကြဖို့ အသိပေးထားပါတယ်။
“တနှစ်စာ ကျပ် ခြောက်သောင်းက အဆင်မပြေပါဘူး။ တလ သုံးသောင်းလောက်ဆို တော်သေးတယ်။ အခုက တလ ၅၀၀၀ တဲ့။ ဒီငွေပမာဏက မနက်စာ စားဖို့ဆိုရင်တောင် နှစ်ရက်လောက်နဲ့ ကုန်သွားမှာ။ မုန့်ဟင်းခါးတပွဲကို ပျမ်းမျှ နှစ်ထောင် ပေးနေရတဲ့ ခေတ်၊ တချို့နေရာတွေဆို နှစ်ထောင်နဲ့တောင် မရဘူး။ လက်ဖက်ရည်တခွက် ၂၅၀၀ ဖြစ်နေတဲ့ခေတ်မှာ ထောက်ပံ့ကြေး တလ ကျပ် ၅၀၀၀ နှုန်း ဆိုတာက လုံးဝ မဖြစ်သင့်ဘူးလို့ ထင်တယ်။ ဆေးဖိုးတောင် မရှိဘူး” လို့ ပြည်သူတယောက်က ပြောပါတယ်။
နောက်ထပ် ပြည်သူတယောက်ကလည်း အစိုးရအနေနဲ့ ထောက်ပံ့ကြေး ပေးမယ်ဆိုပါက ခေတ်ကာလနဲ့လျော်ညီတဲ့ ငွေကြေးပမာဏကို စဉ်းစားဖို့လိုသလို အသက် ၈၅ နှစ် ကန့်သတ်ထားတာကလည်း များလွန်းတယ်လို့ ပြောပါတယ်။
“ဌာနအနေနဲ့ တကယ်တမ်း စစ်တမ်းကောက်ကြည့်ပါဦးလို့ပဲ ပြောချင်တယ်။ တမြို့တရွာမှာ အသက် ၈၅ နှစ်ဆိုတာက ရှားလွန်းတယ်။ ၈၅ နှစ် သက်တမ်းပြည့်တဲ့သူ ၁၀ ယောက် ပြည့်အောင်တောင် မရှိနိုင်ဘူး။ အခုလို လုပ်ပေးနိုင်တာ ကောင်းပါတယ်။ ဒီအစီအစဥ်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် တလ ကျပ် ၅၀၀၀ ဆိုတာထက် တသောင်းလောက် ပေးရင်နိုင်ရင်တော့ မဆိုးဘူး။ နောက်တခု အသက် ကန့်သတ်ချက်ကလည်း သူများနိုင်ငံတွေမှာဆို အသက် ၆၀ ကစပြီး ထောက်ပံ့တာလေ။ ၆၅ ဒါမှမဟုတ် ၇၀ ဆို တော်သေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေမှုနဲ့ နှိုင်းယှဉ်မယ်ဆိုပါက လက်ရှိ အစိုးရရဲ့ ထောက်ပံ့ကြေး ကျပ် ခြောက်သောင်းဟာ ဆေးဖိုးဝါးခ အနည်းငယ် (ဒါမှမဟုတ်) အစားအသောက် အနည်းငယ်အတွက်သာ ဖူလုံနိုင်ပြီး နေ့စဉ်နဲ့ လစဉ် အခြေခံစရိတ်တွေကို လွှမ်းခြုံနိုင်ခြင်း မရှိဘူးလို့ ပြည်သူတွေက ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေ (ဒါမှမဟုတ်) နိုင်ငံတကာ ပင်စင် ထောက်ပံ့မှုတွေနဲ့ နှိုင်းယှဉ်ပါက မြန်မာနိုင်ငံရဲ့ ထောက်ပံ့ကြေးနှုန်းထားမှာ အလွန်နည်းပါးနေပေမယ့်လည်း အားသာချက်အနေနဲ့ သက်ကြီးရွယ်အိုတွေကို တိုင်းပြည်က အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းနဲ့ အနည်းဆုံး အလှူငွေ သဘောမျိုးနဲ့ နိုင်ငံတော်က တာဝန်ယူပေးခြင်းဟာ အပြုသဘောဆောင်တဲ့ အစီအစဉ်တခု ဖြစ်တယ်လို့ ပြည်သူတယောက်က ပြောပါတယ်။
ထောက်ပံ့ခြင်းအစီအစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သိရှိလိုပါက လူမှုဝန်ထမ်းဦးစီးဌာနရဲ့ Help Line ဖုန်းနံပါတ်တွေဖြစ်တဲ့ 1566၊ 09-889900033 ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW