အာမခံချက်မရေရာတဲ့ အာမခံကုမ္ပဏီများ

 

မေ ၂၇ – ၂၀၂၆
SN (VOM)
မြန်မာနိုင်ငံရဲ့ အာမခံကုမ္ပဏီတွေနဲ့ ဖောက်သည်တွေကြား လွဲမှားနေတဲ့ နားလည်မှုတွေ‌ကြောင့် အာမခံ ပြုလုပ်ထားသူတွေအနေနဲ့ နစ်နာမှု၊ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
အဓိက ပြဿနာကတော့ စာချုပ်ပါ စည်းကမ်းချက်တွေ (Terms & Conditions) ကို ဖောက်သည်က ဖတ်ရှု နားမလည်ခြင်းဖြစ်သလို ကုမ္ပဏီဘက်ကလည်း အာမခံထားသူကို စိတ်ရှည်လက်ရှည် ရှင်းပြနိုင်မှု အားနည်းခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် လျော်ကြေးငွေ ထုတ်ယူရာမှာ ကုမ္ပဏီက တောင်းဆိုတဲ့ သက်သေ အထောက်အထားတွေ ပြည့်စုံစွာ တင်ပြနိုင်ဖို့အတွက် အားနည်းချက်တွေ ဖြစ်လာတယ်လို့ သိရပါတယ်။
ကျန်းမာရေးအာမခံ ပြုလုပ်ထားသူ တယောက်က “အာမခံထားတဲ့အချိန်မှာ ရမယ့် အကျိုးခံစားခွင့်တွေကိုပဲ ရှင်းပြတာ။ တကယ် လျော်ကြေးပေးမယ်ဆိုတဲ့ အချိန်မှာကျတော့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ အကျုံးမဝင်ဘူးဆိုတာ ဖြစ်လာတယ်။ သူက အာမခံထားပြီး သုံးလ နောက်ပိုင်းကျမှ အကျိုးခံစားခွင့်က အကျုံးဝင်မှာပြောတယ်။ သုံးလအတွင်း ကျန်းမာရေးအတွက် ကုသစရိတ်တွေဘာတွေက အကျုံးမဝင်ဘူးပြောတယ်။ ကျွန်မဆို ရောဂါတခုဖြစ်တယ်။ ခွဲစိတ်ဖို့ဖြစ်လာတယ်။ ဆရာဝန်က ရောဂါကို စစ်ဆေးပြီး ဆေးမှတ်တမ်းမှာ ဒီရောဂါက ဖြစ်နေတာ တနှစ်လောက်ရှိပြီလို့ မှတ်ချက်ပေးလိုက်တယ်။ အဲဒါကို အာမခံကုမ္ပဏီက သူတို့ဆီအာမခံထားတာ တနှစ်မပြည့်သေးဘူး၊ အကျုံးမဝင်ဘူးဆိုပြီး ပယ်ချတယ်။ တချို့ရောဂါတွေကျတော့ သေချာ ဆေးစစ်ပြီးမှ သိရတာမျိုးလေ။ အဲဒါကို ဒီရောဂါက သူတို့ဆီ အာမခံမထားခင်ကတည်းက ဖြစ်နေတာကြောင့် ပယ်ချပါတယ်ဆိုတာမျိုး ကြုံတွေ့ရတယ်” လို့ ပြောပါတယ်။
ဒါအပြင် သားအိမ်ပြင်ပမှာ သန္ဓေသားတည်လို့ အရေးပေါ် ခွဲစိတ်ရသူတယောက် ဆိုရင်လည်း သက်ဆိုင်ရာကုမ္ပဏီက အာမခံကြေး ထုတ်ယူရာမှာ အဲဒီကုမ္ပဏီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ ကိုယ်ဝန်ဖျက်ချတဲ့အထဲမှာ အကျုံးဝင်တဲ့အတွက် အာမခံကြေး ထုတ်မပေးဘဲ ပယ်ချတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
“ဒါကြောင့် အဓိက ပြောချင်တာက ဆေးပညာပိုင်းဆိုင်ရာကို ကျွန်မတို့ နားမလည်ခဲ့ဘူး ဆိုရင်တောင်မှ ကျွန်မကို အာမခံထားဖို့ လက်ခံခဲ့တဲ့အချိန်က ကုမ္ပဏီက Medical Checkup တောင်မလုပ်ဘဲ လက်ခံခဲ့တာ။ လက်ခံတော့ ကိုယ်စားလှယ် (Agent) က လက်ခံတယ်။ ပယ်ချတော့ သူတို့ရဲ့ ရုံးချုပ်ကဆိုပြီး ပယ်ချတယ်။ အဲဒီမှာ အငြင်းပွားစရာတွေ ဖြစ်လာတာပေါ့” လို့ ကျန်းမာရေးအာမခံ ပြုလုပ်ထားသူက ပြောပါတယ်။
အာမခံထားတာနဲ့ ပတ်သက်လို့ အဖြစ်အများဆုံး လွဲမှားမှုတွေနဲ့ သတိပြုစရာတွေကတော့ ဝယ်ယူစဉ်က အာမခံချက်နဲ့ လျော်ကြေးထုတ်ချိန် အချက်အလက် ကွာခြားသွားခြင်းဖြစ်ပါတယ်။ ဖောက်သည်ဘက်မှ အာမခံ ဝယ်ယူစဉ်က ကိုယ်စားလှယ် (Agent) ပြောကြားခဲ့တဲ့ စကားတွေကိုသာ အထင်အရှား မှတ်ယူတတ်ကြတယ်လို့ သိရပါတယ်။
“ကုမ္ပဏီရဲ့ Agent က သေသေချာချာ မရှင်းပြဘူး။ အာမခံရဲ့ ပေါ်လစီကို သေချာချပြပြီးတော့ သာမန်လူ နားလည်အောင် မရှင်းပြဘူး။ သူတို့ရဲ့ ရုံးသုံး စကားလုံး အကြီးကြီးတွေနဲ့ပြောတော့ ကိုယ်တွေက နားမလည်၊ နားမလည်လို့ ပြန်မေးတော့လည်း သူတို့က သေချာ မပြောတတ်ဘူး။ နောက်တခုက သူက ဘယ်လောက်ထားပြီးရင် ဘယ်ကာလမှာ ထုတ်လို့ရမယ်ဆိုတာမျိုးတွေလည်း သေချာ မရှင်းပြဘူး။ အဲဒီမှာ ကိုယ်က အာမခံကို ငါးနှစ်ပဲထားမယ်ဆိုပြီး လုပ်လိုက်တာ။ တကယ်တမ်း ပေါ်လစီစာရွက်တွေဘာတွေ ထွက်လာတော့ ကိုးနှစ် ဖြစ်နေတယ်။ ဒီ ကိုးနှစ် ဆိုတာကြီးက ကျွန်မတို့နိုင်ငံမှာ ငွေကြေးဖောင်းပွမှုဆိုတာက ရှိသေးတယ်လေ။ အာမခံထားတယ်ဆိုတာက သူများနိုင်ငံတွေသာ အဆင်ပြေတာ။ ဒီမြန်မာပြည်မှာကျ အဆင်မပြေဘူး” လို့ အသက်အာမခံ ပြုလုပ်ထားသူ တယောက်က ပြောပါတယ်။
သူမအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်မှစတင်ကာ သိန်း ၃၀၀ အာမခံထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းအရ အဲဒီ ငွေကြေးပမာဏဟာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ ကိုးနှစ်ကာလ သက်တမ်းပြည့်ချိန်မှာ မည်သည့်တန်ဖိုးမျှ ရှိတော့မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။
“ဒီအာမခံက ကိုးနှစ်ကြီး ဖြစ်သွားတဲ့အတွက် ကုမ္ပဏီကို ပြောတော့ Agent က သေချာမရှင်းပြဘူးလား မေးတယ်။ ဟုတ်တယ်၊ မရှင်းပြဘူး ပြောတော့လည်း ဘာမှ ပြန်မလုပ်ပေးဘူး၊ တာဝန်ယူမှု မရှိဘူး။ ပေါ်လစီက စာရွက်ထွက်သွားပြီဆိုတော့ ပြင်လို့မရတဲ့သဘောမျိုး ပြောတယ်။ အဲဒီတော့ ပေးသာပေးနေရတာ၊ အဆင်မပြေဘူး။ အဲဒီတော့ ကျွန်မက ဒီငွေကိုပြန်ထုတ်ချင်တယ်။ ဒါပေမယ့် ပြန်ထုတ်မယ်ဆိုရင်လည်း သုံးနှစ်ပြည့်အောင် ဖြည့်ပြီးမှ ထုတ်လို့ရမယ်တဲ့။ ထုတ်လို့ရှိရင်လည်း သူတို့ရဲ့အာမခံ စည်းမျဉ်းစည်းကမ်းပိုင်းအရ ဥပမာ အခုထိ ထည့်ထားတဲ့ ငွေပမာဏက သိန်း ၁၀၀ လောက်ရှိတယ်ဆို အဲဒီ သိန်း ၁၀၀ လုံး ပြန်မရဘူး။ ရာခိုင်နှုန်းတခု လျှော့ပြီးမှ ပြန်ရမယ်ပြောတယ်။ ကုမ္ပဏီအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု တအားကိုနည်းတယ်” လို့ သူက ပြောပါတယ်။
ကုမ္ပဏီဘက်က စာချုပ်စာတမ်း (Policy Document) ပါ စည်းကမ်းချက်တွေနဲ့ ချန်လှပ်ထားတဲ့ အချက်တွေ (Exclusions) အပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ အာမခံထားချင်သူတွေအနေနဲ့ ကိုယ်စားလှယ်ရဲ့ နှုတ်ပြောစကားထက် စာချုပ်စာတမ်းကိုသာ ဦးစားပေးဖတ်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
“အာမခံထားမယ့် သူတွေအနေနဲ့ သေသေချာချာ သူတို့ရဲ့ပေါ်လစီကို စုံစမ်းပါ။ သူတို့ပြောတာ တခုတည်းပဲ မယုံဘဲနဲ့၊ သေချာကို နားလည်အောင် လုပ်ပြီးတော့ သူတို့ကုမ္ပဏီကိုသွားမေး၊ ကုမ္ပဏီရဲ့ အခြေအနေကိုလည်း ကြည့်။ နောက်ပြီး သူများတွေ အာမခံထုတ်တဲ့အချိန်ကျရင် ဘယ်လို အခက်အခဲရှိသလဲ ဆိုတာစုံစမ်း။ ကုမ္ပဏီပြောစကား တခုတည်း မဟုတ်ဘဲနဲ့ ဒီကုမ္ပဏီမှာ အာမခံထားဖူးသူတွေ၊ ငွေထုတ်ဖူးတဲ့သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း အကုန်လုံး သေချာစုံစမ်းပြီးမှ အာမခံထားစေချင်တယ်“ လို့ သူက ပြောပါတယ်။
ဒီလို ကျန်းမာရေးအာမခံသာမက တချို့ကားပိုင်ရှင်တွေဆိုလည်း အာမခံထားတုန်းက အလုံးစုံဆိုပေမယ့် မတော်တဆမှုဖြစ်တဲ့အခါမှ  ဒီဖြစ်စဉ်က အကျုံးမဝင်ဘူး အာမခံထားတုန်းက ကိုယ်စားလှယ်ကပြောတာနဲ့ အာမခံကုမ္ပဏီရဲ့တုံ့ပြန်မှုတွေမတူညီတာကြောင့် နစ်နာရသူတွေရှိကြောင်းလည်းသိရပါတယ်။
ဒါနဲ့ပတ်သက်လို့ အာမခံကုမ္ပဏီတခုမှ တာဝန်ရှိသူတယောက်ကတော့ လျော်ကြေး တောင်းခံမှု လုပ်ထုံးလုပ်နည်း (Claim Process) ကြန့်ကြာတာဟာ ဖောက်သည်ဘက်မှ မတော်တဆမှု (ဒါမှမဟုတ်) ရောဂါဖြစ်ပွားတာနဲ့ ကုမ္ပဏီတွေဘက်က လျော်ကြေးငွေ လျင်မြန်စွာ ထုတ်ပေးရမယ်လို့ ယူဆထားတတ်ကြတဲ့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
“အမှန်က အဲဒီလို မဟုတ်ပါဘူး။ ကုမ္ပဏီဘက်ကလည်း လုပ်ငန်း Process အရ သွားရတဲ့အပိုင်းတွေ ရှိပါတယ်။ တခုခု ဖြစ်ပြီဆိုတိုင်း ချက်ချင်း ငွေထုတ်ပေးလို့ မရပါဘူး။ ကုမ္ပဏီဘက်က မူလစာချုပ်ပါအတိုင်း ဆေးရုံ၊ ဆေးခန်း တင်ထားတဲ့ စာရွက်စာတမ်း အပြည့်အစုံ၊ မတော်တဆမှုအတွက်ဆိုလည်း ရဲစခန်းထောက်ခံချက်နဲ့ တခြားလိုအပ်တဲ့ အထောက်အထားတွေကို စိစစ်ပြီးမှသာ လျော်ကြေးကို ထုတ်ပေးရတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ကိုယ်စားလှယ် (Agent) တွေကို ကုမ္ပဏီကိုယ်စား အာမခံစာချုပ်တွေ လက်ခံခြင်း၊ ရှင်းပြခြင်းတို့ကို လုပ်ပိုင်ခွင့် ပေးထားပေမယ့်လည်း အာမခံပေါ်လစီ စာချုပ်တွေကို တိုက်ရိုက် လက်မှတ်ရေးထိုးခွင့်ကိုတော့ သက်ဆိုင်ရာကုမ္ပဏီရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကသာ မြန်မာ့အာမခံဥပဒေအရ ဆောင်ရွက်ပေးရတာလို့ သူက ပြောပါတယ်။
ဒါအပြင် စီးပွားရေးပညာရှင် တယောက်ကလည်း လက်ရှိ မြန်မာပြည်ရဲ့ အာမခံလုပ်ငန်းနဲ့ ပတ်သက်လို့ “လက်ရှိ ဒီနိုင်ငံမှာက ငွေကြေးဖောင်းပွမှုနှုန်းတွေ မြင့်တက်နေတာဖြစ်တယ်။ ဒီငွေကြေးဖောင်းပွမှုကြောင့် အချိန်ကြာလာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်၊ ငွေကြေးတန်ဖိုး ကျဆင်းသွားစေမယ်။ ဒီဖြစ်စဉ်ဟာ လက်ရှိ အာမခံ ပြုလုပ်ထားသူတွေ ပေးဆောင်နေရတဲ့ အာမခံကြေးနဲ့ အကျိုးခံစားခွင့်တွေအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေတာပါ” လို့ ပြောပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်မားလာတဲ့အခါ အာမခံကြေး (Insurance Premium) တန်ဖိုး ကျဆင်းခြင်းလာတတ်တယ်လို့ ဆိုပါတယ်။ အရင်က ပုံမှန်ပေးသွင်းနေကျ အာမခံကြေးပမာဏရဲ့ ဝယ်ယူနိုင်စွမ်းအားလည်း ကျဆင်းသွားတတ်ကာ အကျိုးခံစားခွင့် (Benefit Payout) အပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ ငွေကြေးဖောင်းပွမှုနှုန်း အလွန်မြင့်မားနေပြီး အာမခံ လုပ်ငန်းကဏ္ဍဟာလည်း အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ သိရပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ပျမ်းမျှအားဖြင့် ၁၉ ရာခိုင်နှုန်းဝန်းကျင် ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် အသက်အာမခံ (ဒါမှမဟုတ်) ရေရှည်အာမခံတွေရဲ့ အနာဂတ်ကာလ ထုတ်ယူရမယ့် ငွေပမာဏမှာ ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်း တွက်ချက်ထားဖို့လိုတယ်လို့ သူက ပြောပါတယ်။ အဲဒီလိုမှ ပြုလုပ်မထားဘူးရင်တော့ လတ်တလော လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လွှမ်းခြုံနိုင်စွမ်း မရှိနိုင်တော့သလို မြန်မာပြည်က အာမခံကုမ္ပဏီနဲ့ ဖောက်သည်ကြားမှာ နားလည်မှုတွေ ဆက်လက် ကွဲလွဲနေနိုင်တယ်လို့ စီးပွားရေးပညာရှင်က ထောက်ပြ ပြောဆိုထားပါတယ်။         ။
Photo – CJ
#voiceofmyanmar #VOM #အာမခံကုမ္ပဏီ #လျော်ကြေး #ငွေကြေးဖောင်းပွမှု #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW