သူတို့အိမ် အခန်း (၁၂၈)

ဆူးငှက်

ကျွန်ုပ်တို့၏ ယုံကြည်ချက် တဲ့
————————————–

“ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ၏ နိုင်ငံသား လုပ်သားပြည်သူများ ဖြစ်ကြကုန်သော ကျွန်ုပ်တို့သည် ဤကမ္ဘာ၌ လူတို့၏ အားနည်းချက်များကို အမြတ်ထုတ်၍ မသိနားမလည်သော လူများစုအပေါ်တွင် စာနာမှု ညှာတာ ထောက်ထားမှု စသည့် ကောင်းမြတ်သောတရားများကို မျက်ကွယ်ပြု၍ မတရားသဖြင့် ချယ်လှယ်နိုင်ကြသော ဝိသမလောဘသားများ၏ ဝိသမစီးပွားရေးစံနစ်ဆိုးများ ရှိနေသရွေ့ ကာလပတ်လုံး လူသားအပေါင်းသည် လူမှုဒုက္ခများမှ မလွတ်မြောက်နိုင်ဟု အလေးအနက် ယဲုကြည်သည်။ ထို့ကြောင့် ဤ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် တွင် လူလူချင်း မတရားချယ်လှယ်၍ မတရားစီးပွားရှာစားသော ဝိသမစံနစ်များကို ချုပ်ငြိမ်းစေပြီး တရားမျှတမှုကို အခြေခံသော ဆိုရှယ်လစ် စီးပွားရေးစနစ်ကို တည်ဆောက်နိုင်မှသာလျှင် တိုင်းရင်းသား ပြည်သူအပေါင်းသည် လူ့ပရောဂကြောင့် ပေါ်ပေါက်လာရသော လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ကြလျက် ဗြဟ္မစိုရ်တရားများ ထွန်းကားနိုင်မည့် သာယာဝပြောသော လူ့ဘောင်သစ်ကြီးသို့ ရောက်ရှိနိုင်မည်ဟု အလေးအနက် ယုံကြည်သည်။ ဤသို့ ယုံကြည်သည့် အတိုင်း ဆိုရှယ်လစ်ပန်းတိုင်သို့ မရောက် ရောက်အောင် ချီတက်ကြမည်ဟု အလေးအနက် အဓိဋ္ဌာန် ပြုသည်။”

ထိုဆိုင်းဘုတ်အောက်က ထိုနေရာ
——————————————-

အထက်ပါစာသားများကို ဘောင်ကွပ်ကာ ပေါလစ်သုတ်ထားသည့် ၆ပေ×၃ပေ အထပ်သား ဆိုင်းဘုတ်ကြီးတွင် ကျွန်ုပ်တို့၏ ယုံကြည်ချက် ဟု ခေါင်းစည်းတပ်ကာ ဆေးအဖြူဖြင့် သပ်ရပ်စွာ ရေးထားသည်။ ထိုဆိုင်းဘုတ်ကြီး၏ ဘေးတစ်ဖက်တစ်ချက်မှာက ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဦးနေဝင်းပုံကိုလည်း ချိတ်ဆွဲ ထား၏။ ထိုဆိုင်းဘုတ်ကြီး အောက်မှာ ပြတင်းပေါက် တစ်ပေါက်ရှိပြီး ပြတင်းပေါက်ရှေ့မှာ ၂ုပေခွဲ× ၄ပေ အရွယ် စာပွဲနှင့် ထိုင်ခုံရှိသည်။ စာပွဲက အသစ်မို့ ပေါလစ်ရောင်က သစ်လွင်နေသည်။

စာပွဲ၏ ညာဘက်ထိပ်တွင် သော့ခတ်၍ ရသော သေတ္တာ အနီရောင်တယ်လီဖုန်းတစ်လုံး ရှိသည်။ စာပွဲ၏ ဘယ်ဘက်ခြမ်းတွင် လယ်ဂျာစာအုပ်များနှင့် ဖိုင်တချို့လည်း ထပ်ထားပါ၏။ စာပွဲက ညာဘက်တွင် အံဆွဲ၃လုံး ဆင့်ထားကာ အံဆွဲတိုင်း သော့များပါသည်။ ထိုအံဆွဲများတွင် အောက်၂ဆင့်က အရေးကြီး စာရွက်စာတမ်းများနှင့် ဖိုင်များရှိကာ အပေါ်အံဆွဲမှာ ရာဘာတံဆိပ်တုံးများ မင်ခွက်များ ချုပ်စက်နှင့် မျဉ်းလုံးပေတံ ခဲတံ ဖောင်တိန်စသည့် ရုံးသုံးစာရေးကိရိယာများရှိသည်။ ဘယ်ဘက်မှာက သော့ခတ် တံခါးရွက်နှင့် အဆင့် တစ်ဆင့်ပါကာ ထိုအထဲတွင် ငွေစာရင်းစာအုပ် နှင့် ပြေစာစာအုပ်များရှိသည်။
ပြတင်းပေါက်၏ ဝဲဘက်ဘေးမှာ ကျွန်းဗီရိုတစ်လုံးရှိသည်။ ထိုဗီရိုထဲမှာတော့ လယ်ဂျာ စာအုပ်၊ ငွေစာရင်းစာအုပ်၊ ပြေစာစာအုပ် အဟောင်းများနှင့် ဖိုင်များရှိသည်။ စာပွဲ၏ ညာဖက်က အဆောက်အအုံ၏ မျက်နှာစာနံရံနှင့် ပြတင်းပေါက်၊ လူဝင်ပေါက် တံခါးမကြီးတို့ ရှိသည်။ စာပွဲ၏ ဘယ်ဘက်မှာက ထောင့်ချိုး နေရာချထားသော နောက်ထပ်စာပွဲတစ်လုံးရှသည်။ ထိုစာပွဲက ပုံမှန်အရွယ် ရုံးစာပွဲ ဖြစ်သည်။ ထိုစာပွဲနှင့် တန်းလျက်က အရွယ်တူ နောက်ထပ် စာပွဲ တစ်လုံးရှိသေးသည်။ ထိုစာပွဲ၂လုံးအပေါ်တွင်လည်း ဆိုင်းဘုတ်ဇယားတစ်ချပ် ချိတ်ဆွဲထားပါသေး၏။ ထိုဆိုင်းဘုတ်ဇယားကလည်း ၆ပေ×၃ပေ အရွယ် ဖြစ်ကာ အစိမ်းရင့်ရောင် အောက်ခံတွင် အဖြူရောင် ဇယားကွက်နှင့် စာလုံများ ရေးဆွဲထားသည်။ ခေါင်းစည်းက လုပ်ငန်းနာမည်နှင့် “ဖွဲ့စည်းပုံ” ဟု ရေးထား၏။ ထိုဇယားဆိုင်းဘုတ်က လတ်တလော ရေးဆွဲထား၍ သစ်လွင်နေသည်။ ၁၉၈၁ သြဂုတ်လ လလယ်တွင် ကျွန်တော်သည် ကျွန်ုပ်တို့၏ ယုံကြည်ချက် ဟူသော ဆိုင်းဘုတ်ကြီးအောက်က အလုပ်စာပွဲသစ်သို့ ရောက်ရှိသွားတော့၏။

ချူချာတဲ့ ကျွန်တော်
————————–

အဖြစ်က ဒီလိုပါ။ ထိုနှစ် သင်္ကြန်ပြီးကတည်းက ကျွန်တော်ချူချာသည်။ ခဏခဏ ဖျားနေသောကြောင့် လှဂုဏ်ရည်သို့ ပုံမှန် မသွားနိုင်ခဲ့ပေ။ မေလဆန်းလောက် ရောက်တော့ ဘုရားကြီး သာသနာ၂၅၀၀ ခန်းမဘက်မှာ အလှူတစ်ပွဲကို ကိုကျော်ဝင်းကြီးနှင့် ဓာတ်ပုံရိုက်အပြန် ၈၂လမ်းနှင့် လမ်း၃၀ထောင့်အရောက် စက်ဘီးကိုပင် မနင်းနိုင်တော့ဘဲ ဆင်းကာ လမ်းဘေးမှာ ထိုးအန်တော့သည်။ မျက်လုံးတွေလည်း ပြာဝေနေသည်။ ထို့ကြောင့် လှဂုဏ်ရည်ရောက်တော့ အမှောင်ခန်းဘေးက ခုတင်မှာ ခဏမှေးလိုက်ရသည်။ ကိုယ်တွေလည်း ပူလာ၏။ မမဒေါ်ဒွဲဘူက ကော်ဖီနှင့် ဆေးတိုက်ပြီး ကိုကျော်ဝင်း ပြန်ရောက်သည်နှင့် ခွင့်တိုင်ကာ အိမ်ပြန်ခဲ့ရသည်။ ထိုအဖျားက အတော်တာရှည်သွားသည်။ ဘီလူးမညောင်ပင်နားက အမေ့ဆီဖောက်သည် ဆရာဝန်ကြီး ဒေါက်တာအောင်သန်းထံ ပြရသည်။ ဆရာက အရင် ဖျားတာ ဒီလောက် တာမရှည်ပါဘူး ဟု ပြောကာ သေချာကုသပေးပါသည်။

အဖျားသက်သာပျောက်ကင်းပြန်တော့ အားပြန်မွေးရလို့ နားရပြန်၏။ အရင်လတွေကလည်း ခဏခဏ နားရသော်လည်း ကိုကျော်ဝင်းက လစာကို အပြည့်ပေးသည်။ အခုလလည်း ဖျားပြန်တာ တာရှည်တော့ နားရက်များသည်။ သို့သော် ကိုကျော်ဝင်းက လစာကို ပုံမှန်အတိုင်း မှာ အားနာလှသောကြောင့် တစ်လလုံး နားရက်ဖြင့် လစာမယူဘဲ ငြင်းတာပေါ့ဟု အဘက ပြောပြီး အိမ်မှာပဲ နားစေသည်။ လှဂုဏ်ရည်တွင် ကာလာဓာတ်ပုံ ဆေးကူးအပြင် ဗီဒီယိုလုပ်ငန်းပါ တိုးချဲ့လိုက်သော်လည်း ကိုကျော်မင်းက အင်းစိန်က ပြန်ရောက်ပြီ။ ထို့ပြင် ကိုကျော်မင်းအောက် ကိုကျော်လင်းကလည်း ကျောင်းပြီးပြီမို့ အိမ်အလုပ်ကူနေပြီ။ ကိုကျော်မင်းကလည်း သူနှင့် ကျောင်းနေဖက် သူငယ်ချင်း မြောက်ပြင်ထားဝယ်ရပ်က ကိုသိန်းဆွေကိုလည်း ခေါ်ထားပြီ။ နောက်ထပ် ကိုကျော်မင်းမိတ်ဆွေ၏ ညီ၂ယောက်လည်း ပညာသင်အဖြစ် ရောက်လာကြသည်။ ထို့ကြောင့် ကျွန်တော်လည်း နောက်ဆံမတင်းဘဲ နားဖြစ်တာ ဖြစ်သည်။ အမှန်က ကျွန်တော်သည် အစားကို ပုံမှန်မစားဘဲ လက်ဖက်ရည်နှင့် ပြီးတာ များကာ ကိုယ်ခံအား နည်းတာမျိုးဖြစ်သည်။ ထို့ကြောင့် ဒေါက်တာဦးအောင်သန်းက ဘားပလက် စီဗစ် ဖောလစ်အက်ဆစ်စသော ဆေးတွေ ပုံမှန်သောက်ခိုင်းကာ နားစေသည်။

ညီအစ်ကိုတွေ ဓာတ်ပုံပိုး ဝင်ကြပုံ
————————————-
ထိုစဉ်ကာလမှာပင် မုံရွာက အစ်ကိုဝမ်းကွဲ ကိုမောင်ဝင်းကလည်း ကျွန်တော်နှင့် အတူ ဦးဇော်ဝင်း၏ 120 MM ဂျာမာန်ကင်မရာလေးကို ကိုင်ဖြစ်နေကြလို့ သူလည်း ဓာတ်ပုံပိုး ဝင်ကာ Nikon FM အသစ်တစ်လုံးနှင့် မီးခွက်ပါ တစ်စုံ ဝယ်ရာ ကိုကျော်ဝင်းက တာဝန်ယူ မှာပေး၏။ သူကလည်း ၁၉၇၇ခုကတည်းက အိမ်ထောင်ကျသည်။ အိမ်ထောင်ဖက်က အရင် မမခင်ရီတို့ အလယ်ရပ်တွင် နေစဉ် အိမ်ချင်းကပ်ရက်က မရီရီမြင့် ဖြစ်သည်။ သူတို့မိသားစုကလည်း အလွန်သဘောကောင်းကြ၏။ မမခင်ရီတို့ မိသားစုနှင့်သာမက ကျွန်တော်တို့နှင့်ပါ မောင်နှမများပမာ ရင်းနှီးကြသည်။ မရီရီမြင့်က အတော်ချောသည်။ သူ့ အိမ်နာမည်က မအင်အင်း၊ သူ့အစ်မ အပျိုကြီးက မတိုင်တိုင်း၊ သူ့တို့မှာ မောင်နှစ်ယောက်လည်းရှိသည်။ ကိုမောင်ဝင်းက မအင်အင်း အပျိုကတည်းက ရုပ်ချောသူမို့ ဓာတ်ပုံကင်မရာအစွမ်းပြရာမှ အိမ်ထောင်ကျပြီးသောအခါ ကင်မရာကို စီးပွားဖြစ်ကိုင်တော့၏။ သူ့ဓာတ်ပုံလုပ်ငန်း အမည်ကို ဦးဇော်ဝင်းက Flowery ပန်းဝေဝေ ဓာတ်ပုံဟု အမည်ပေးသည်။

ကိုမောင်ဝင်းရော မရီရီမြင့်ရော မုံရွာမှာ မိတ်များသူမို့ အလှူမင်္ဂလာပွဲများ ဓာတ်ပုံရိုက်ပြီး မန္တလေးက လှဂုဏ်ရည်မှာပဲ ဖလင်ဆေး ပုံကူးသည်။ ထို့ကြောင့် ကိုမောင်ဝင်းလည်း ကင်မရာကိုင်မှ မုံရွာနှင့် မန္တလေးကို လွန်းထိုးနေရ၏။ ထိုစဉ်က ကိုမောင်ဝင်း၏ Nikon FM အသစ်က ၆၅၀၀ိ/ ပေးရသည်။ ကိုမောင်ဝင်း ကင်မရာဝယ်ပြီး မကြာမီမှာပင် ဆရာကြီးဦးချစ်ဝိန်က ကိုကျော်ဝင်းကို Pentax အသစ်တစ်လုံး ဝယ်ခိုင်း၏။ ထိုအခါ ကိုကျော်ဝင်းက ကျွန်တော့်ကို “မင်းလည်း ကင်မရာတစ်လုံး ဝယ်ထားပါလား၊ အန်ကယ်ဦးချစ်ဝိန်အတွက် Pentax အသစ်တစ်လုံး နိုင်ငံခြားက မှာရမှာ၊ တစ်လက်စတည်း မှာလိုက်ရအောင်” ဟုပြောသည်။ ကျွန်တော်လည်း မှာမယ်ဗျာဟု ဆိုသောကြောင့် Pentax MG အသစ်တစ်လုံး ဝယ်လိုက်သည်။ မှတ်မှတ်ရရ ၃၀၀ဝိ တဲ့။ ထို့နောက် 200 MM တယ်လီတစ်လုံးကိုလည်း တိုးရစ်တစ်ယောက်ဆီက ၂၀၀ဝိ နှင့် ဝယ်ထားလိုက်သေးသည်။

ထိုသို့ဖြင့် သြဂုတ်လကုန်အထိ နာမည်ဟု ဆးုံဖြတ်ပြီး အိမ်မှာ နေစဉ် အစ်ကိုဝမ်းကွဲများ ဖြစ်ကြသော ကျော်ကျော်(ကိုကျော်)၊ ကိုဉာဏ်ဝင်းနှင့် ကိုဌေးအောင်တို့က အိမ်ကိုလာ၍ အဘကို အလုပ်ကိစ္စတစ်ခုပြောကြ၏။ သူတို့ ၃ယောက်စလုံးက သင်္ဘေတန်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ထားသော ကျွန်တော်တို့က လုပ်သားဆိုင်ဟု ခေါ်သည့် လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ်သမဝါယမအသင်း၏ တာဝန်ရှိသူများဖြစ်သည်။ ကျော်ကျော်(ကိုကျော်)က ဒု-ဥက္ကဋ္ဌ၊ ကိုဉာဏ်ဝင်းက အတွင်းရေးမှူး နှင့် ကိုဌေးအောင်က ဆိုင်တာဝန်ခံဖြစ်သည်။ လုပ်သားဆိုင်၏ မူလ လက်ဟောင်း အမာခံများလည်းဖြစ်သည်။

အငယ်တန်းမန်နေဂျာ တဲ့
—————————–

သူတို့က အသင်းက အောင်မြင်နေသည်မို့ တိုးချဲ့အဆင့်မြှင့်ရန် အထက်က ညွှန်ကြားသောကြောင့် အသင်း ဖွဲ့စည်းပုံကို အသစ်ရေးဆွဲ အတည်ပြုပြီး ဖြစ်ကြောင်၊ ထိုဖွဲ့စည်းပုံအသစ်အရ အငယ်တန်းမန်နေဂျာ ရာထူး ပါရှိလာကြောင်း၊ ထိုရာထူးက ဘွဲ့ရလည်း ဖြစ်ရန်လိုသောကြောင့် အသင်းကော်မီတီက အစည်းအဝေးတွင် မောင်ကျော်ဆန်း နှင့် အသင့်တော်ဆုံးမို့ ဦးလေးဦးပေါလူအနေဖြင့် မောင်ကျော်ဆန်းကို ခန့်ထားရန် သဘောတူ ပေးပါအကြောင်း လာပြောကြသည်။ အဘကလည်း “ဒို့ကတော့ ဘာမှ နားမလည်ပါဘူးကွာ၊ မင်းတို့လူပဲ မေးကြည့်ပေါ့၊ သူက လုပ်ချင်ရင် ဒို့က သဘောတူပြီးသားပဲ” ဟု ဆိုသည်။

ကိုဌေးအောင်တို့က ကဲ မင်းကဘယ်လိုလဲဟု မေးတော့ ကျွန်တော်ကလည်း လုပ်မယ်ဗျာဟု ခေါင်းညိတ် လိုက်သည်။ ထိုအခါ ကိုဌေးအောင်တို့က “ကိုင်း ဒါဆို နက်ဖြန်ကစပြီး ရုံးတက်တော့” ဟု ချက်ချင်း အလုပ်ခန့်လိုက်တော့သည်။ ထို့ကြောင့် လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ်သမဝါယမအသင်းတွင် ကျွန်တော်သည် အငယ်တန်းမန်နေဂျာဟူသော ရာထူးဖြင့် “ ကျွန်ုပ်တို့၏ ယုံကြည်ချက်” ဆိုင်းဘုတ်အောက်က ရုံးစာပွဲ အသစ်တွင် အလုပ်ဝင်လိုက်တော့သည်။

ပါတီဝင်မဟုတ်ပါ
—————————

ကျွန်တော်က ကျွန်ုပ်တို့ယုံကြည်ချက်ဆိုင်းဘုတ်အောက်မှာ အလုပ်ဝင်သည်ဆိုတော့ မိတ်ဆွေ စာဖတိ ပရိသတ် များက ကိုယ့်လူကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တင်းပြည့်ပါတီဝင် လောက် အဆင့်နေမှာဟု တွက်ဆကြပေမည်။ ကျွန်တော် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တင်းပြည့်ပါတီဝင် မပြောနှင့် အရန်ပါတီဝင်လည်းမဟုတ်၊ ပါတီဝင် လျှောက်လွှာပင် မတင်ခဲ့ဖူးပါ။ (ယခုအချိန်ထိလည်း မည်သည့်ပါတီမှ မဝင်ခဲ့ဖူးပါ)။

ထိုခေတ်က ပါတီဝင်ဖြစ်မှ အလုပ်ရသည်ဆိုသည်မှာ မှန်ပါသည်။ သို့သော် ယခုအလုပ်က လူကြီးများသည် ဦးလေးများ အစ်ကိုများမို့ သူတို့က နားလည်စွာ လိုက်လျောကြလို့ ဖြစ်သည်။ သူတို့ကိုယ်တိုင်ကတော့ တင်းပြည့်ပါတီဝင်များ ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ရိုးရီုးသားသား ယုံကြည် လက်ခံသူများ ဖြစ်ကြပါသည်။

စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ
————————————————

ကျွန်တော် ဖိနပ်ကုန်ထုတ် သ/မ သို့ အလုပ်ဝင်ပြီး မကြာမီပင် ယခင် အလုပ်သမား ကောင်စီများကို အလုပ်သမား အစည်းအရုံး အဖြစ် ပြောင်းလဲ ဖွဲ့စည်းသောအခါ ဖိနပ်ကုန်ထုတ်သ/မ ကလည်း အစည်းအရုံးအသစ် ပြန်လည် ဖွဲ့စည်းရသည်။ အနောက်တောင်မြို့နယ် အခြေခံ အလုပ်သမားအစည်းအရုံး အမှတ် ၁၄ (ဟု ထင်သည်) အဖြစ် ဖွဲ့စည်းတော့ ကျွန်တော်က အမှုဆောင်ထဲပါလာသည်။ ထို့ကြောင့် အလုပ်သမားအစည်းအရုံးနှင့် ပတ်သက်၍လည်း လေ့လာရ အစည်းအဝေးတွေ တက်ရသည်။ ထို့ကြောင့်လည်း အလုပ်သမားအစည်းအရုံး၏ ရှေ့လုပ်ငန်းစဉ်များ ဆိုသည်ကို လေ့လာထားရ၏။ ထိုရှေ့လုပ်ငန်းစဉ်များကို ဒုတိယအကြိမ် အလုပ်သမားအစည်းအရုံး ညီလာခံက ချမှတ်ခဲ့သည်ဟု ဆိုသည်။ ကျွန်တော်ကတော့ အလုပ်သမားအစည်းအရုံးနှင့် ပတ်သက်၍ ပြောရဆိုရ အစီရင်ခံစာ ရေးရဖန်များတော့ ထိုရှေ့လုပ်ငန်းစဉ် ၄ရပ်၏ အတိုချုပ်ကို “စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ” ဟု မှတ်ထားလိုက်သည်။ ထို ၄ချက်ကို အခြေခံပြီး စပ်ဟပ် ဖြတ်ညှပ်ကပ်ပြီး မိန့်ခွန်းတွေ အစီရင်ခံစာတွေ ရေးရသည်။

စတုတ္ထ၄နှစ် စီမံကိန်း
—————————-

ထိုအချက်၄ချက်၏ အချုပ်ကလည်း ယခင် အလုပ်သမားကောင်စီခေတ်က ပေါ်ပေါက်ခဲ့သော နာမည်ကျော် အလုပ်သမားသပိတ်များကဲ့သို ထပ်မံမပေါ်ပေါက်စေရန်နှင့် ပေါ်ပေါက်ပါက အချင်းချင်း ထိန်းချုပ်ခြင်းနှင့် အစိုးရက အရေးယူနိုင်စေခြင်းတို့အတွက် အလုပ်ခွင် စည်းကမ်းဟူသော စကားလုံးနောက်ကွယ်မှ စာချုပ်ဖြင့် ထိန်းချုပ်ခြင်း အပါအဝင် မက်လုံးပေးမှုများပဲ ဖြစ်သည်။ ထို့ပြင် ၁၉၈၁ခုနှစ် သြဂုတ်လတွင် ကျင်းပသည့် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ဦးနေဝင်းက သမ္မတရာထူးက အနားယူပြီး စတုတ္ထ၄နှစ်စီမံကိန်းဟူသည်ကို ချမှတ်ခဲ့သည်။
တကယ်တော့ ထိုးကျနေသော တိုင်း ပြည်၏ စီးပွားရေးကို လျစ်လျူရှုကာ ချမှတ်ခဲ့သည့် အနှစ်၂၀ စီးပွားရေး စီမံကိန်း၏ စတုတ္ထ၄နှစ် စီးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ရန်ဟု တရားခံရှာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဖိနပ်ကုန်ထုတ် သ/မအနေနှင့် အထူးအထွေ ပြဿနာမရှိပါ။ အလုပ်သမားက ဝန်ထမ်းအပါအဝင် ၅၀ ကျော် ၆၀ခန့်သာရှိပြီး အချင်းချင်းလည်း ငယ်မွေးခြံပေါက်များမို့ ကိုယ့် အလုပ်ခွင်အတွက်ပဲ အရုံစိုက်ကြသည်။ အများစုကလည်း ပါတီဝင်များဖြစ်ကာ ဦးဆောင်လူကြီးများကိုလည်း ယုံကြည်လေးစားကြသောကြောင့် ဖြစ်သည်။

သက်သာရန်ပုံငွေ
———————–

ဦးဆောင်လူကြီးများကလည်း ကိုယ်နှင့် ဘဝတူ ဖိနပ်ချုပ်အလုပ်သမားများပဲမို့ ဘဝတူချင်း အပြန်အလှန် နားလည် သဘောပေါက်ကြသည်။ ဖိနပ်ကုန်ထုတ်သ/မတွင် “စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ” တွင် သက်သာဟူသော ကဏ္ဍ၌ အလုပ်သမားများအတွက် အထောက်အပံ့ဖြစ်အောင် အများဆုံးစီစဉ်ပေးနိုင်ခဲ့သည်။ ထိုစဉ်က ဖိနပ်ထုတ်လုပ် ရောင်းချမှု လုပ်ငန်းကလည်း အောင်မြင်ခဲ့ရာ အကျိုးအမြတ်များကို သမဝါယမဥပဒေနှင့်လည်း ကိုက်ညီအောင် ထိုက်သင့်စွာ စာရင်းဖော်ပြီး အလုပ်သမားများအတွက် သက်သာရံပုံငွေကို ခိုင်မာစွာ ထူထောင်ထားသည်။
ထိုရံပုံငွေက အလုပ်သမားများအတွက် တစ်ဦးလျှင် လက်ဖက်ရည်တစ်ခွက် (သို့မဟုတ်) နံပြားတယှက် အခမဲ့ သောက်သုံးနိုင်သော တိုကင်အပြား ၃၀ကိုလည်း တစ်လတစ်ကြိမ် ပေးသည်။ အကယ်၍ တိုကင်ကုန်ပါက လက်ဖက်ရည် တစ်ခွက် ပြား ၆၀၊ နံပြားတယှက် ပြား၆၀ ဖြင့် ဝယ်ယူသောက်သုံးနိုင်၏။ ထိုသက်သာခေါင်းစဉ်အောက်တွင် လက်ဖက်ရည်ဆိုင်နှင့်အတူ ဖိနပ်လက်လီ အရောင်းဆိုင်တစ်ဆိုင်၊ ဈေးချို အယ်လ်ရုံထဲတွင်လည်း ဖိနပ်အရောင်းဆိုင် တစ်ဆိုင်ရှိသည်။ ထိုဆိုင်မျာက အကျိုးအမြတ်များက အလုပ်သမား သက်သာရံပုံငွေသို့ ရောက်၏။

မြို့နယ် လုပ်ငန်းစစ်ဆေးရေးနှင့် စာရင်းရုံးက လာစစ်မှာတဲ့
——————————————————————-

ဖိနပ်ကုန်ထုတ် သ/မ သို့ ကျွန်တော် ရောက်ပြီး မကြာမီ အသင်းကို မြို့နယ်လုပ်ငန်းစစ်ဆေးရေးနှင့် စာရင်းရုံးက လာရောက်စစ်ဆေးမည့် အကြောင်း စာဝင်လာ၏။ ယခင်နှစ်များကတော့ ဌာနတွင်း စာရင်းစစ်ကပဲ စစ်သတဲ့။ ယခု စစ်မှာက လုပ်ငန်းစစ်ဆေးရေးနှင့် စာရင်းရုံးတဲ့။ ထိုအဖွဲ့က ယခုနှစ်မှ စတင်စစ်မည်မို့ အစစ ကြိုတင်ပြင်ဆင်ရသည်။ ထို့ကြောင့် ဝန်ထမ်းဖွဲ့စည်းပုံအသစ်ကို ၆ပေ×၄ပေ ၃ထပ်ပြားပေါ် ပြန်ရေးခြင်းဖြစ်သည်။ ထိုဆိုင်းဘုတ်က အသင်း၏ သက်သာဆိုင်လုပ်ငန်းက စာရေးဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုသိန်းထွန်း၏ လက်ရာဖြစ်သည်။ ကိုသိန်းထွန်းက အသက်ငယ်ရွယ်သော်လည်း ထ်ူစဉ်ကတည်းက အိမ်မှာပင် စီးပွားရေးပန်းချီလုပ်ငန်းကို လုပ်ကိုင်အောင်မြင်နေသည့် ပန်းချီဆရာဖြစ်နေပါပြီ။ သူ့ ပန်းချီဆရာနာမည်က မောင်စစ်မုန်း ဖြစ်သည်။ (ယခုထိ ဖိုင်းအတ် ပန်းချီဆရာအဖြစ် အောင်မြင်နေသူ ဖြစ်ပါသည်)။ ကိုသိန်းထွန်းက အသင်းဆိုင်းဘုတ်ကိုလည်း အသစ်ပြန်ရေးသည်။ ထို့ပြင် အသင်း၏ အမှုဆောင်များ အမည်၊ ရာထူးများဖော်ပြသည့် ဆိုင်းဘုတ်နှင့် ကျွန်ုပ်တို့၏ ယုံကြည်ချက် ဆိုင်းဘုတ်များကိုလည်း ပြန်ရေးသည်။

ထိုစဉ် ပန်းချီကို မတောက်တခေါက်ရေးသူ ကျွန်တော်က တစ်ဖက်ချော ဂျပ်စက္ကူပေါ်မှာ အလုပ်ရုံရှိ အသင်းသား အလုပ်သမားများကို အဖွဲ့ခွဲများ ခွဲထားသည့် ဇယားအား ရေးသည်။ အဖွဲ့ခွဲက ၄ဖွဲ့ရှိသည်။ အလုပ်သမားအစည်းအရုံး၏ စည်းရုံး၊ စည်းကမ်း၊ ကုန်ထုတ်၊ သက်သာ လုပ်ငန်း၄ရပ်အတွက် အဖွဲ့ခွဲ တစ်ဖွဲ့စီတွင် ခေါင်းဆောင်တစ်ဦး နှင့် အဖွဲ့ဝင်များ စာရင်းဖြစ်သည်။ ထိုစာရင်းက အရေးပေါ် စီစဉ်ရသည်မို့ ဆိုင်းဘုတ်များနှင့် အချိန်မီ ပြီးစီးရေး တာဝန်ယူ ထားရသည့် ကိုသိန်းထွန်းကို အလုပ်မပိစေဘဲ ကျွန်တော်က တာဝန်ယူလိုက်ခြင်း ဖြစ်သည်။ ကျွန်တော်က ထိုစာရင်းကို ရေးရာတွင် လက်စွမ်းပြသည့် အနေနှင့် လူစာရင်း၏ ဘေးပတ်လည်မှာ ဖိနပ် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို အလုပ်သမားများက တဆင့်ချင်း ပြုလုပ်နေပုံ လိုင်းစကက်ချ်များဖြင့် ရေးဆွဲ သရုပ်ဖော်ထားသည်။ ထို ကားချပ်ကြီးအား စာပွဲထိပ် တယ်လီဖုန်းဘေးက နုံရံမှာ ကပ်ထားလိုက်သည်။ ထိုသို့ အလုပ်ရုံ၏ အင်္ဂါနှင့် အညီ သပ်ရပ်ပြည့်စုံမှုကို ကိုသိန်းထွန်း၊ ကျွန်တော်နှင့် အတူ သက်သာဆိုင်၏ စာရေးဝန်ထမ်းတစ်ဦးဖြစ်သူ ကိုထွန်းထွန်း(ယခု တယော ထွန်းထွန်း)တို့က ဆောင်ရွက်ကြသည်။ စာရင်းပိုင်းနှင့် ပတ်သက်၍ တာဝန်ခံ ကိုဌေးအောင်နှင့် အမှုဆောင်များက ပြင်ဆင်ထားကြ၏။

မြို့နယ်လုပ်ငန်းစစ်ဆေးရေးနှင့် စာရင်းရုံးက စစ်မည်ဆိုတော့ အစစ အဆင်ပြေစေရန် အမှုဆောင် အဖွဲ့က ပြင်ဆင်ထားသော်လည်း စိုးရိမ်နေကြ၏။ တကယ်တော့ စိုးရိမ်သည် ဆိုသည်မှာ စာရင်းများ မမှန်မကန်လို့ စိုးရိမ်ခြင်းမျိုး မဟုတ်ပေ။ စာရင်းများက အားလုံးပြည့်စုံ မှန်ကန်ပါသည်။

သူတို့စိုးရိမ်သည်က ဥက္ကဋ္ဌကအစ အမှုဆောင်များ အားလုံးက ယခင်ကတည်းက ဖိနပ်ချုပ် အလုပ်သမား များဖြစ်သည်။ ကျောင်းစာကလည်း ဘုန်းကြီးကျောင်းထွက်များပဲ ဖြစ်ကြသည်။ ထိုအခါ စာရင်းရုံးက ဘွဲ့ရ စာရင်းစစ်များ နှင့် အပြောအဆို မတတ်ကျွမ်းမှာလို့ အဆင်မပြေဖြစ်မှာပဲ စိုးရိမ်ကြသည်။ ထို့ကြောင့် အလုပ်ရုံ နှင့် စာရင်းပိုင်းကို စံနစ်တကျ အဆင်သင့် ပြင်ဆင် ပြုစုထားပြီး စာရင်းစစ်အဖွဲ့နှင့် ဆက်ဆံရေးအား ကျွန်တော့်ကို တာဝန်ပေးခဲ့သည်။ စာရင်းစစ်အဖွဲ့ စတင်ဝင်ရောက်မည့် နေ့ကစ၍လည်း အလုပ်သမားများအားလုံး ယခင်ရက်များကလို အင်္ကျီကိုယ်တုံးလုံး ချွတ်နှင့် အလုပ်မလုပ်ကြစေဘဲ အနည်းဆုံး လက်စက စွပ်ကျယ်များ ဝတ်ဆင်ကာ အလုပ်လုပ်ကြရန် ညွှန်ကြားထားသည်။

စာရင်းစစ်အဖွဲ့အတွက် အပြင်အဆင်
——————————————-

ဤသို့ဖြင့် စာရင်းစစ်အဖွဲ့ လာမည့်နေ့ ရောက်ပြီ။ ကြိုတင် ပေးပို့ထားသော ရုံးစာအရ ယခု လာမည့် စာရင်းစစ်အဖွဲ့က အလွန် တိကျ သေချာ သတဲ့။ ကိုယ့်ဘက်က အမှားရှိလျှင် ဘာမှ ညှိလို့နှိုင်းလို့ မရဘူးတဲ့။ အမှုဆောင် အဖွဲ့က ထိုနေ့ မနက်ကတည်းက သားရေစက်ရုံသွားဖို့၊ တိုင်းသ/မရုံးသို့ နို့ဆီပါမစ်ထုတ်ရန် သွားဖို့၊ ဖိနပ်သဲကြိုးအတွက် ကတ္တီပါအစတွေကြည့်ရန် အရိုးလေးနားက ဆိုင်သို့ သွားရမှာမို့ စသည်ဖြင့် အကြောင်းပြချက် အသီးသီးဖြင့် ထွက်ကြပြီ။ အလုပ်ရုံမှာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တာဝန်ခံပဲ ကျန်ရစ်သည်။

အတွင်းရေးမှူးက ဖိနပ်ချုပ်အလုပ်နှင့်မို့ သူ့ အလုပ်ခုံနေရာမှာပဲ ရှိသည်။ ထို့ကြောင့် ရုံးခန်းထဲမှာ အစီအရီ ထပ်ထားသော စာရင်းစာအုပ်များ၊ အစည်းအဝေး မှတ်တမ်းများ၊ ဖိုင်များနှင့် ဥက္ကဋ္ဌ၊ တာဝန်ခံနှင့် ကျွန်တော်တို့ ၃ယောက်က ပေါက်စီ၊ စမူဆာ၊ ဆိတ်သားပတ်၊ နနွင်းမကင်း၊ ပန်းသီး စပျစ်သီး စသော စားဖွယ်သောက်ဖွယ်များနှင့် ၂၆ဘီလမ်းပေါ်ရှိ အကောင်းကြိုက်ကဖေးက ဘူးနို့ဆီနှင့် ဖျော်သည့် ရှယ်လက်ဖက်ရည် ဓာတ်ဘူးတစ်ဘူး၊ လက်ဖက်ရည် မကြိုက်ပါက ထိုဆိုင်မှပင် ဝယ်ထားသော အိန္ဒိယကလာသည့် နက်စ်ကာဖီမှုန့်နှင့် ဖျော်သည့် ကော်ဖီဓာတ်ဘူးတစ်ဘူး၊ စတီးဓာတ်ဘူးတစ်ဘူးနှင့် ထည့်ထားသော ဦးကာက လက်ဖက်ခြောက်အကောင်းစားနှင့် နှပ်ထားသည့် ရေနွေးကြမ်း ဓာတ်ဘူးနှင့် ပန်ကန်လုံးအသစ်များနှင့် အတူ ပခုက္ကူ ချည်လက်သုတ်ပုဝါအသစ်ကိုလည်း ခေါက်၍ ချထားပေးသည်။

စာရင်းစစ်အဖွဲ့ လာပြီ
————————

ထိုနေ့က နံနက် ၁၀နာရီ မထိုးမီပင် စာရင်းစစ်အဖွဲ့ ရောက်လာသည်။ သူတို့ ရုံးနှင့် အလုပ်ရုံက မဝေးလှသောကြောင့် ဆိုင်းတန်းရုပ်ရှင်ရုံ ဝင်းကို ဖြတ်ကာ ခြေကျင်လျှောက်လာကြပုံရသည်။ စာရင်းစစ်အဖွဲ့ဟု ဆို၍ အများကြီးပါလာမည် မှတ်သော်လည်း ၂ယောတည်း လာကြသည်။ ၂ယောက်စလုံးက ၃၀ကျော် ၄၀ ဝန်းကျင်ပဲရှိသည်။ စာရင်းရုံး ယူနီဖောင်း ဖြစ်သည့် အင်္ကျီအဖြူနှင့် ထဘီ နီညိုများဝတ်ဆင်ကာ လက်ထဲမှာ ရုံးသုံးဆွဲခြင်းနှင့် ရုံးစာအုပ်များပဲပါသည်။

၂ယောက်စလုံးက တည်တည်ခံ့ခံ့နှင့်မို့ တက္ကသိုလ်က ပါမောက္ခဆရာမကြီးများနှင့်ပင် တူနေသေး၏။ စာရင်းစစ်အစ်မကြီး ၂ယောက်ကို ကျွန်တော့်စာပွဲတွင် နေရာချပေးသည်။ ထို့နောက် အနားမှာ အသင့်စောင့်နေသည့် ဥက္ကဋ္ဌနှင့် တာဝန်ခံကို ကျွန်တော်ကပဲ မိတ်ဆက်ပေးသည်။ ထို့နောက် အလုပ်ရုံတွင်း အလုပ်လုပ်နေသော အတွင်းရေးမှူးကို ခေါ်ကာ မိတ်ဆက်ပြီး ကျွန်တော်ကလည်း ကိုယ့်က်ုကိုယ် မိတ်ဆက်ရသည်။

အိမ်ကတည်းက ပြည့်စုံအောင် စားသောက်ပြီးသားမို့ ဘာမှ မလိုပါ
————————————————————————–

ထို့နောက် စာရင်းစစ်အဖွဲ့ကလည်း မိတ်ဆက်အပြီး ဥက္ကဋ္ဌက စာပွဲပေါ်ရှိစားသောက်ဖွယ်ရာများကို သုံးဆောင်ဖို့နှင့် ဓာတ်ဘးူထဲက ကော်ဖီနှင့် လက်ဖက်ရည်ကလည်း အလုပ်ရုံရှိ သက်သာဆိုင်မှ မဟုတ်ဘဲ အကောင်းကြိုက်ကဖေးက ဘူးနို့ဆီနှင့် ဖျော်သည့် လက်ဖက်ရည်နှင့် နိုင်ငံခြားကလညသည့် ကော်ဖီမှုန့်နှင့် ဖျော်သည့် ကော်ဖီကိုလည်း ကြိုက်ရာသုံးဆောင်နီုင်ကြောင်း ဧည့်ခံပြီး နေ့လယ်စာကိုလည်း ဆိုင်းတန်းက ရတနာပုံစာပွဲရုံမှ တရုတ်ထမင်းဟင်း မှာထားကြောင်း အားပါးတရပြောသည်။

ထိုအခါ စာရင်းစစ်အဖွဲ့၏ ခေါင်ဆောင်ဖြစ်သူက ခြင်ထဲပါလာသည့် ယပ်တောင်လေးနှင့် လမ်းလျှောက်လာလို့ စို့နေသော ချွေးတတိရန် ယပ်ခတ်ရင်း “ဥက္ကဋ္ဌကြီး၊ ကျွန်မ ကြိုပြောထားပါ့မယ်။ ကျွန်မတို့ မနက်စောစာကို အိမ်က ပြည့်ပြည့်စုံစုံ စားခဲ့ကြပြီးပါပြီ။ လက်ဖက်ရည်ကိုလည်း ရုံးက သောက်ခဲ့ကြပြီးပါပြီ။ ဒီဟာတွေအားလုံး ဓာတ်ဘူးတွေရော အကုန်ပြန်ယူသွားပြီး အလုပ်သမားတွေပဲ ကျွေးလိုက်ပါ။ ကျွန်မတို့က ရေနွေးကြမ်းဆို လုံလောက်ပါပြီ။ နောက် ကျွန်မတို့မှာ အိမ်က ထမင်းဘူးတွေ ပါပါတယ်။ ဘယ်ဆိုင်က ဘာမှ မမှာပါနဲ့၊ ကျွန်မတို့ ထမင်းဘူးပဲ စားမှာပါ။ တစ်ခုပါပဲ နေ့လယ်ပိုင်း လက်ဖက်ရည် တစ်ခွက်ပဲ သောက်ပါ့မယ်။ ဒါကလည်း အလုပ်ရုံက သက်သာ လက်ဖက်ရည်ပဲ သောက်ချင်ပါတယ်၊ ကျွန်မတို့အတွက် ဘာမှ မလိုပါဘူး၊ ကျွန်မတို့က စာရင်းစစ်ဖို့ တာဝန်နဲ့ လာတာပါ” ဟု ခပ်ပြတ်ပြတ်ပြောတော့ ဥက္ကဋ္ဌလည်း ဘာမှ ဆက်မပြောသာ။ ကျွန်တော်လည်း နဖူးက ချွေးစို့သွား၏။

ကျွန်တော်က တာဝန်ယူ ဖြေရမည်
—————————————–
ထို့နောက် ဥက္ကဋ္ဌ က အခု ဝယ်ထားတာလေး သုံးဆောင်ပါဦးဟု ပြောသည်ကိုပင် လက်မခံဘဲ စာပွဲပေါ်က အစားအသောက်များကိုပဲ အလုပ်သမားများကို ကျွေးလိုက်ဖို့ပဲ ပြော၍ တစ်ယောက်ခေါ်ကာ သိမ်းဆည်းစေလိုက်ရ၏။ ဥက္ကဋ္ဌက သူလည်း ပါတီယူနစ်သို့ အစည်းအဝေးသွားစရာ ရှိသောကြောင့် လိုအပ်သည်များမေးမြန်းနိုင်ရန် ကိုကျော်ဆန်းက ဘေးမှာ အဆင်သင့် ရှိနေမှာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက အတွင်းရေးမှူးနှင့် တာဝန်ခံလည်း ရှိပါကြောင်း ပြောကာ လစ်တော့သည်။

အတွင်းရေးမှူး ကလည်း သူ့အလုပ်ခုံ ပြန်သွားပြီ။ တာဝန်ခံကလည်း ယနေ့ပို့ရမည့် ကုန်ချောများအတွက် စစ်ဆေး ပြေစာဖြတ်ဖို့ နောက်က ပစ္စည်းလှောင်ခန်းထဲ ဝင်သွားပြီ။ ကျွန်တော်က စာရင်းစစ် အစ်မကြီး၂ယောက်နှင့် မလှမ်းမကမ်းက ခွေးခြေလေးပေါ် ထိုင်ရင်း တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲ ဖြေအပြီး ဆရာကြီးများထံ ဗိုက်ဘာ နှုတ်မေးခွန်းဖြေစဉ် ကကဲ့သို့ ရင်ခုန် စိတ်မောစွာ မျက်လုံးလေး ကလယ်ကလယ်နှင့် စောင့်နေရတော့၏။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW