ယာဉ် စုံ/မ စစ်ဆေးမှုနဲ့ မန္တလေးသူ မန္တလေးသား​တွေရဲ့ အခက်အခဲ

မန္တ​လေး၊ ဇွန်- ၃- ၂၀၂၆
KKA(VOM)
“စုံလား၊မလား”
အခုရက်ပိုင်း မန္တလေးမှာ မနက်မိုးလင်း အိမ်ကမထွက်ခင် ဒါမှမဟုတ် လမ်းမပေါ်တက်ခါနီးတိုင်း ဆိုင်ကယ်နဲ့ ကားမောင်းသူဟာ ခေါင်းထဲ အရင်ဆုံး‌ေရာက်လာတဲ့ အတွေးတစ်ခုပါ။ ၂၀၂၆ ခုနှစ်ရဲ့ ဇွန်လဆန်းပိုင်း ရောက်လာတာနဲ့အမျှ မန္တလေးမြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ ယာဉ်တွေကို စုံ/မ နံပါတ်ခွဲပြီး စစ်ဆေးဖမ်းဆီးတာတွေ သိသိသာသာလုပ်လာတာကို‌ေတွ့ရပါတယ်။ ဒီအခြေအနေက မြို့ခံလူထု၊ အထူးသဖြင့် နေ့စဉ်ရုန်းကန်နေရတဲ့ သာမန်လက်လုပ်လက်စား ပြည်သူတွေအတွက်တော့ တကယ့်ကို ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေရပါတယ်။
မန္တလေးဆိုတာက ဆိုင်ကယ်ကို အဓိကအားပြုပြီး သွားလာလှုပ်ရှားရတဲ့ မြို့ပါ။ ဒီလိုမြို့မျိုးမှာ ယာဉ်နံပါတ် စုံ/မ ခွဲပြီး ဖမ်းဆီးတဲ့ဒဏ်ကို အခံရဆုံးကတော့ ကျောင်းကြိုကျောင်းပို့ လုပ်နေရတဲ့ မိဘတွေပါပဲ။ ဇွန်လဆိုတာ ကျောင်းဖွင့်ရာသီဖြစ်လို့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ကလေးတွေကို ကျောင်းပို့၊ ကျောင်းကြို လုပ်ရတာ မိဘတွေရဲ့ အဓိကတာဝန်။ ဒါပေမဲ့ ကိုယ့်ဆိုင်ကယ်နံပါတ်က အဲဒီနေ့ရက်နဲ့ မကိုက်ညီလို့ လမ်းမှာအဖမ်းခံရမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ သွားလာနေရပါတယ်။
“ကလေးကျောင်းနောက်ကျမှာလည်း ပူရ၊ လမ်းမှာ အဖမ်းခံရရင်လည်း ဒဏ်ငွေက ဘယ်လောက်ဆောင်ရမလဲမသိ” ဆိုတဲ့ သောကတွေက မိဘတွေရဲ့ ပခုံးပေါ်မှာ အပိုဆောင်း အလေးချိန်တွေ ဖြစ်လာခဲ့ပါတယ်။
ကျောင်းပို့ကျောင်းကြိုတင်မကပါဘူး၊ ကျန်းမာရေးကိစ္စက ပိုလို့တောင် ဆိုးပါသေးတယ်။ ဆေးခန်းပြဖို့၊ ဆေးရုံသွားဖို့ အရေးပေါ်ကိစ္စရှိလာရင် “ဒီနေ့ စုံလား မလား” ရွေးနေဖို့ အချိန်မရှိပါဘူး။ မကျန်းမာတဲ့ လူနာကိုတွဲပြီး ဆေးခန်းသွားပြတဲ့အခါ လမ်းမှာ ယာဉ်စစ်ဆေးတာနဲ့ တိုးလို့ အချိန်ကြန့်ကြာတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေက ပြည်သူတွေကို လူမှုရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ တော်တော်လေး စိတ်ဒုက္ခရောက်စေပါတယ်။
လတ်တလော အဖမ်းခံရသူတွေကတော့ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာရော VOMရဲ့ မေးမြန်းမှုတွေမှာရော အခုလို ရေသား ပြောဆိုထားကြပါတယ်။
“မနေ့က ၁၂လမ်း၊၇၆လမ်းမှာ ဒေသန္တရဆေးခန်းကို ကလေးကာကွယ်ဆေးထိုးသွားတာတောင် ဖမ်းခံခဲ့ရတယ် ဆေး စာရွက် ပြတာလည်း မရဘူး။ဆိုင်ကယ်လိုင်စင်၊လူလိုင်စင်အကုန်ပါတယ်။စုံ/မ မှားလို့ အဖမ်းခံရတယ်။ရုံးသွားဆောင်ရမှာတဲရှင်။”
“ခု ကျောင်းဖွင့်ချိန်မှ စုံ/မ လာဖမ်းနေတယ်စဉ်းစဉ်းစားစားလည်း တွေးတောလုပ်ကြပါအုံး”
“ဆီရှားလို့ ဆီထည့်တာ ကို စုံ/မ ခွဲတာ လက်ခံပါတယ်”
“စီးတဲ့ ယာဉ် စုံ/မ ခွဲတာကတော့ ပိုက်ဆံပေါများနေတဲ့သူတွေကတော့ စုံရှိလို့ မ မရှိရင် တစီးထပ်ဝယ်လိုက်ရုံပဲပေါ့။အလုပ်သွားတဲ့သူ ရုံးတက်ရတဲ့သူ ကျောင်းပို့ကျောင်းကြို လုပ်ရတဲ့ သူတွေ က ဘယ်လို သွားကြရမှာလဲ။”
“ကျွန်တော်တို့က ဆိုင်ကယ်တစီးရှိတာ စုံရက်ရော မရက်ရော စီးပြီးအလုပ်သွားရတာပဲ။အခုလို ဖမ်းဖမ်းနေတော့ ဒုက္ခဖြစ်တယ်။”
ဒီအသံတချို့ဟာ ပြည်သူ့အသံပါပဲ။
အလုပ်သွားအလုပ်ပြန် ရုန်းကန်နေရတဲ့ ဝန်ထမ်းတွေ၊ ဈေးသည်တွေအတွက်လည်း ဒီစစ်ဆေးမှုတွေက နေ့စဉ်ဝင်ငွေကို ထိခိုက်စေတဲ့ အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ အလုပ်ချိန်မှီဖို့ အသည်းအသန် မောင်းနေရတဲ့ကြားထဲ လမ်းမှာ အဖမ်းခံရရင် အလုပ်နောက်ကျရုံတင်မကဘဲ တစ်နေ့တာ ရှာဖွေထားတဲ့ လုပ်အားခလေးပါ ဒဏ်ငွေထဲ ပါသွားနိုင်တဲ့အတွက် ရင်တထိတ်ထိတ်နဲ့ သွားလာနေကြရပါတယ်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းတယ်ဆိုတာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပေမယ့်၊ အခုလို ပြည်သူတွေ နေ့စဉ်စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးအတွက် အသည်းအသန် ရုန်းကန်နေရတဲ့ အချိန်မျိုးမှာ စုံ/မ ခွဲပြီး ခပ်စိပ်စိပ် ဖမ်းဆီးနေတာကတော့ သာမန်အခြေခံလူတန်းစားတွေအတွက်တော့ တကယ့်ကို ဖြေရှင်းရခက်တဲ့ အခက်အခဲကြီး ဖြစ်နေပါတယ်။
စည်းကမ်းထိန်းသိမ်းရေးနဲ့ ပြည်သူတွေရဲ့ အခြေခံ သွားလာရေး လိုအပ်ချက်ကြားမှာ မျှတတဲ့ ဖြေလျှော့မှု ဒါမှမဟုတ် ပိုမိုအဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ကတော့ လက်ရှိ မန္တလေးမြို့ခံတွေရဲ့ အသံတိတ် တောင်းဆိုချက်တစ်ခုပဲ ဖြစ်ပါတယ်။

မော်တော်ယာဉ်တွေ စုံ/မရက် ခွဲခြားအသုံးပြုရတဲ့စနစ်က ပြဿနာတစ်ရပ်ဖြစ်နေကြောင်း လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစံ(ခ)စိုင်းဆေးဟန်က မနေ့ ဇွန် ၂ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းတာလည်း လုပ်ခဲ့ပါသေးတယ်။
အဲဒီမေးမြန်းမှုကိုတော့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းကတော့ စုံ၊မ သတ်မှတ်မှုအနေနဲ့ စက်သုံးဆီ ချွေတာရေးကို နိုင်ငံတော်က ချမှတ်ထားတဲ့ မူဝါဒဖြစ်တယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW