ဇွန် ၃ ၊ ၂၀၂၆
CC (VOM)
ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီးနောက် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးပြန်လည် စတင်နေပြီဖြစ်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။
မြဝတီနယ်စပ်ကနေ ထိုင်း မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပြန်စပြီးနောက် မနေ့ကဇွန် ၂ ရက်နေ့မှာ မြဝတီမြို့၊ အာရှလမ်း၊ ရင်ကွဲတောင်နေရာ ကွင်းကလေးကုန်းအဆင်း၊ မိုင်တိုင်အမှတ် ၁၆၁/၄ မှာ ပြောင်းတင်လာတဲ့ တွဲကားတစီး တိမ်းမှောက်ပြီး ယာဥ်မောင်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
” လမ်းချော်ပြီး ကားမှောက်တယ်လို့ ယူဆရတယ်။ ကားသမားက ကားအောက်မှာ ပိနေလို့ တော်တော်လေး ထုတ်ယူရတယ်။ ကားဝိတ်က များနေတာကိုး ။ မိုးရာသီရောက်ရင် အရင်ကလည်း ကားတွေလမ်းချော်ပြီး မှောက်လေ့ရှိတယ်။ ” ဒေသခံ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ် ။
ဒါကြောင့် မြဝတီနယ်စပ်ကနေ ကုန်သွယ်မယ့်သူတွေအနေနဲ့ ကား နဲ့ ဝန်ကို ချိန်ဆပြီးမှ တင်စေလိုကြောင်း ၊ လမ်းတလျှောက်မောင်းနှင်ရာမှာလည်း သတိထား မောင်နှင်ကြဖို့ လိုအပ်တယ်လို့ အကြံပြု ပြောပါတယ်။
လက်ရှိမှာ မြဝတီနယ်စပ်ကနေ ထိုင်းကို ပြောင်း၊ ထောပတ်သီး၊ ကွမ်းသီး၊ နနွင်းတက် နဲ့ ကြက်သွန်နီတွေကို တင်ပို့မှု ရှိနေပြီး သွင်းကုန်အနေနဲ့ ထိုင်းဘတ်ငွေသန်း ၆၂၀ တန်ဖိုးရှိ သွင်းကုန်လိုင်စင်လည်း ခွင့်ပြုထုတ်ပေးထားရှိတယ်လို့ သိရပါတယ်။
သွင်းကုန်ပစ္စည်းတွေကို လိုင်စင်ခွင့်ပြုပေးတဲ့နေရာမှာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းနဲ့ စက်မှုကုန်ကြမ်းတွေ ဖြစ််တယ်လို့ သိရပါတယ် ။
မြဝတီနယ်စပ်ကနေ ပို့ကုန်တင်ပို့ခြင်း သွင်းကုန်တင်သွင်းတဲ့အခါမှာ လမ်းပိုင်းမှာရှိတဲ့ တံတားတဆင်းပြုပြင်နေတာကြောင့် ပုံမှန်သယ်ယူနေကြ တန်ချိန်ပမာဏထက် လျှော့ချပြီး တန် ၄၀ လောက်သာ သယ်ယူရခြင်းနဲ့ လမ်းပိုင်းစစ်ဆေးမှု ကြာချိန်ကလွဲလို့ လတ်တလောမှာ ကုန်သွယ်မှု အဆင်ပြေတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။
” ပြောင်းကားတွေ သွားနေပြီ ။ ကားအစီး ၂၀ လောက်တောင် ရောက်သွားတဲ့အခြေအနေရှိတယ်။ လမ်းခရီးကတော့ အများစု တရက်နဲ့ရောက်ပါတယ်။ မနက်သွား ညနေရောက်ပေါ့ ။ တွဲကားတွေကတော့ ကုန်ပစ္စည်း ပါတော့ စစ်ဆေးမှုကြာတာတော့ရှိနိုင်တယ်။ ကျန်တာက လမ်းခရီးမှာတံတားတခုက ပျက်နေတော့ တန်ချိန် လျှော့ချသယ်ရတာမျိုးရှိတယ် ။ ” လို့ ပြောင်းကုန်သည် တယောက်က ပြောပါတယ်။
ထိုင်း – မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကို မေ ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ် လိုက်တာပြီး ကုန်သွယ်မှုကတော့ ဒီရက်ပိုင်းမှာမှ စတင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ချစ်ကြည်ရေးတံတား အမှတ် ၂ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ကစပြီး မြန်မာဘက်ခြမ်း အာဏာပိုင်တွေက ပိတ်ခဲ့တာဖြစ်ပါတယ်။ ပိတ်ထားပြီး ၉ လကျော်အကြာမှာ ပြန်ဖွင့်လှစ်ပြီး ကုန်သွယ်မှု ပြန်လည်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြဝတီ အာရှလမ်းမကြီးကိုလည်း ပြန်လည်ဖွင့်လှစ်ပေးထားပြီး သွားလာခွင့်ပြုထားတာကြောင့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်ပြီးအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။
ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးကဏ္ဍမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးက ကုန်သွယ်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဇူဘိုင် /Zrescue
