ကျောင်းသုံးပုံနှိပ်စာအုပ် အပြည့်အဝမပေးနိုင်တဲ့ ကျောင်းတချို့ ရှိနေ

ဇွန် ၃ – ၂၀၂၆
SS (VOM)
အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံး ပုံနှိပ်စာအုပ်တွေ အခမဲ့ ထောက်ပံ့ပေးတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ပုံနှိပ်စာအုပ် အပြည့်အဝ မပေးနိုင်တာတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
ကျောင်းအပ်နှံမှု နောက်ကျတဲ့ ကျောင်းသား၊ ကျောင်းသူ အများစု ပုံနှိပ်စာအုပ် မရရှိသေးတာလို့ သိရပြီး VOM က ရရှိတဲ့ သတင်း အချက်အလက်တွေအရ ကော့ကရိတ်နဲ့ မန္တလေးမြို့က ကျောင်းတချို့မှာ ကျောင်းသားဦးရေအလိုက် ပုံနှိပ်စာအုပ်တွေ ပေးဝေနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
“ကော့ကရိတ် အ.ထ.က (၂) ကျောင်းမှာ ပုံနှိပ်စာအုပ် အပြည့်အဝမရှိပါဘူး။ အဲဒါကြောင့် ကလေးတွေမှာ ပုံနှိပ်စာအုပ်မရှိကြဘူး။ ကျောင်းစတက်တဲ့နေ့မှာ ဆရာမက ကလေးကို စာအုပ်ပါလားမေးပါတယ်။ ကလေးကလည်း ကျောင်းကမပေးလို့ မပါဘူးလို့ မပါဘူးလို့ ဖြေပါတယ်။ အဲဒါကို ဆရာမက ကလေးကိုရိုက်ပါတယ်။ ၁၀ ချက်မကပါဘူး။ ကလေးက လက်နဲ့ကာတော့ လက်ကိုဖယ်ပြီးရိုက်ပါတယ်။ Grade – 9 ကလေးတွေပါ၊ ငယ်ပါသေးတယ်။ အခုခေတ်ပညာရေးမှာ ကလေးတွေကို မရိုက်ရဘူးဆိုတာ ပါတယ်။ ဒါပေမယ့် အဲဒီလို ရိုက်နေသေးတာတွေ ရှိနေသေးတယ်” လို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ ဒေသခံတယောက်က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ပညာ‌ရေးဝန်ထမ်းတယောက်ကတော့ ကျောင်းသား၊ ကျောင်းသူတွေကို အကြမ်းဖက်ခြင်းမပြုဘဲနဲ့ စည်းကမ်းထိန်းသိမ်းခြင်း နည်းလမ်းနဲ့ပဲ ပညာသင်ကြားပေးရမှာဖြစ်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မည်သည့်အကြောင်းပြချက်နဲ့မျှ ရိုက်နှက်ဆုံးမခွင့် (ဒါမှမဟုတ်) ကိုယ်ထိလက်ရောက် အပြစ်ပေးခွင့် လုံးဝ (လုံးဝ) မရှိဘူးလို့ ပြောပါတယ်။
“ကျောင်းသားကို ရိုက်တာက ဥပဒေအရ အပြစ်ရှိတယ်၊ မလုပ်သင့်ပါဘူး။ အခုလိုမျိုး ပုံနှိပ်စာအုပ် ပါမလာလို့ ရိုက်တယ်ဆိုတာမျိုးကတော့ ပိုပြီး မဖြစ်သင့်ဘူး။ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ လုပ်ရပ် ဖြစ်တယ်။ ဒီလို အကြောင်းကြောင့် အရိုက်ခံရတယ်ဆိုတာကလည်း ကလေးအတွက် စိတ်ဒဏ်ရာ ကြီးမားသွားနိုင်တယ်ပေါ့။‌ နောက်တချက်က ပုံနှိပ်စာအုပ်တွေက တချို့ကျောင်းတွေမှာ ခွဲတမ်း အလုံအလောက် မရကြတာရှိတယ်။ ‘လက်ဆင့်ကမ်းသုံးစွဲတဲ့စနစ်’ ကလည်း စာအုပ်တွေ အပြည့်အစုံ မရှိကြတော့တာများတယ်။ ဟောင်းနွမ်း၊ စုတ်ပြဲနေတဲ့ စာအုပ်တွေ ရှိနေတော့ ဒါတွေကို အစားထိုးပေးဖို့ မလုံလောက်ဘူး၊ စာအုပ်တွေ အဆင်သင့် ရှိမနေဘူးပေါ့။ ဒါကြောင့် အခုလိုမျိုး ပြဿနာတွေ ဖြစ်လာရတာ” လို့ ပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်း၊ မန္တလေးမြို့မှာလည်း မေလ ၂၅ ရက်နေ့ကစပြီး ကျောင်းအပ်နှံတဲ့ ကျောင်းသား၊ ကျောင်းသူတွေလောက်သာ ကျောင်းသုံးပုံနှိပ်စာအုပ်တွေ ရရှိကြပေမယ့် အခု ဇွန်လထဲမှာ ကျောင်းအပ်နှံသူတွေကတော့ စာအုပ်တွေ မရကြဘူးလို့ သိရပါတယ်။
“ကျောင်းအပ်တာနောက်ကျရင် ကျောင်းက စာအုပ်မပေးဘူး။ မေ ၂၅ ရက်နေ့ကနေ စအပ်တဲ့ကလေးတွေကတော့ ရတယ်၊ မှန်တယ်။ အခု ကျောင်းဖွင့်တဲ့အချိန် အပ်တဲ့ကလေးတွေကတော့ မရကြဘူး။ ကျောင်းက စာအုပ်တွေက ရောင်းစားလိုက်တာလား၊ ခွဲတမ်းမ​​လောက်တာလား၊ ဘယ်ရောက်သွားတာလဲ မပြောတတ်ဘူး” လို့ မန္တလေးမြို့က ကျောင်းသားမိဘတယောက်က ပြောပါတယ်။
အစိုးရအနေနဲ့ မူလတန်း ကျောင်းသားတဦးကို ကျောင်းသုံးပုံနှိပ်စာအုပ် တစုံ၊ ဗလာစာအုပ် တဒါဇင်၊ ကျောင်းဝတ်စုံ တစုံနဲ့ ခဲတံ လေးချောင်း ထောက်ပံ့ပေးအပ်ပြီး အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားတဦးကို ကျောင်းသုံးပုံနှိပ်စာအုပ် တစုံ၊ ဗလာစာအုပ် တဒါဇင်၊ ဘောပင် နှစ်ချောင်းနဲ့ ခဲတံ နှစ်ချောင်းတို့ကို အခမဲ့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတချို့နဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေမှာ ပုံနှိပ်စာအုပ်အသစ်တွေကို အစောဆုံး ကျောင်းအပ်နှံသူ အနည်းအကျဉ်းလောက်သာ ရရှိကြတယ်လို့ သိရပြီး အများစုက စာအုပ်အဟောင်းတွေကိုပဲ ရရှိကြတာဖြစ်ကာ ကျောင်းအပ် နောက်ကျသူတွေကတော့ စာအုပ် လုံးဝ မရကြဘူးလို့ သိရပါတယ်။
“ကျောင်းအပ်တာ စပြီး လက်ခံတဲ့နေ့ကတည်းက ဆရာမတွေကိုယ်တိုင် ပြောထားတာ။ အရင်လာအပ်တဲ့ ကျောင်းသားတွေပဲ ပုံနှိပ်စာအုပ်ရမယ်တဲ့။ နိုင်ငံတော်က ခွဲတမ်းချပေးထားတာ နည်းလို့တဲ့။ ကျောင်းတက်ပါတယ်ဆို ဒီစာအုပ်တွေ မရှိဘဲ ကလေးတွေက ဘယ်လိုစာသင်ရမှာတုန်း။ တချို့ကျောင်းတွေမှာဆို စာအုပ်အဟောင်းတောင် ဘာသာရပ်အစုံ မပေးနိုင်ဘူး။ နောက်မှ လိုတာ ထပ်ပေးမယ်၊ အသစ်နဲ့ လဲပေးမယ်လည်း ပြောတယ်။ ရတဲ့ စာအုပ်အဟောင်းတွေကလည်း အရင်ကျောင်းသားတွေ စာရေးထား၊ မှတ်ထားတာတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျောင်းကမရလို့ အပြင်မှာ ဝယ်ဖို့ဆိုတာကလည်း စာအုပ်ဈေးတွေက ငွေကြေးမတတ်နိုင်တဲ့ မိဘတွေအတွက် ကြီးမားတဲ့ ဒုက္ခပဲ” လို့ ရန်ကုန်မြို့က ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
ကျောင်းသုံး ပုံနှိပ်စာအုပ် အစုံလိုက်ဈေးတွေဟာ မူလတန်းအဆင့်ဆိုပါက ကျပ် တသောင်းကျော်‌ကနေ နှစ်သောင်းဝန်းကျင်အထိ ရှိနေပြီး အလယ်တန်းအဆင့် ဆိုပါက ကျပ် နှစ်သောင်းကျော်ကနေ သုံးသောင်းဝန်းကျင်အထိရှိကာ အထက်တန်းအဆင့် ဆိုရင်တော့ ကျပ် သုံးသောင်းဝန်းကျင်ကနေ လေးသောင်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံ့ဝန်ထမ်းဥပဒေအရ အစိုးရကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ အခကြေးငွေယူကာ ကျူရှင် (ဒါမှမဟုတ်) ကိုယ်ပိုင်သင်တန်းတွေ သင်ကြားခွင့် မရှိဘူးလို့ တားမြစ်ထားပေမယ့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်က ကျောင်းအုပ်ဆရာကြီး တယောက်ကတော့ အဲဒီကျောင်းမှာ လာရောက် ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျူရှင်ယူကြဖို့ ပြောဆိုနေတယ်လို့ သိရပါတယ်။
“အခုက ကျောင်းတွေက ဘယ်လိုဖြစ်နေလဲဆိုတော့ CDM လုပ်ကြတဲ့သူတွေလည်း ရှိတော့ ကောင်းတဲ့ ဆရာ၊ ဆရာမ သိပ်မရှိတော့ဘူး။ ကျောင်းမှာ ဆရာ၊ ဆရာမတွေက TikTok ရိုက်ရတာနဲ့၊ Video call ပြောရတာနဲ့၊ ဂိမ်းကစားနေရတာနဲ့ စာသင်လိုက်ရတယ်မရှိဘူး။ နောက်မှ ကျူရှင်ကို အတင်းလာတက်ခိုင်းတာ။ ကျောင်းစည်းကမ်းတွေ ကောင်းသလောက် သင်ပြမယ့် ဆရာ၊ ဆရာမတွေလည်း စေတနာပါဖို့တော့လိုပါတယ်။ နားမလည်ရင် ကျူရှင်လာခဲ့လို့တော့ မလုပ်ကြစေချင်ဘူး။ အခမဲ့ ပညာရေးက ကျူရှင်တက်နေရတာနဲ့ အခမဲ့ မဖြစ်နိုင်တော့ဘူး။ ကျောင်းမှာ စာကို ဖိဖိစီးစီး သင်ဖို့လိုတယ်။ ကျောင်းသားတယောက် တွက်တာမှားထားတဲ့ သင်္ချာပုစ္ဆာကိုတောင် ဆရာမက အမှန်ခြစ်ပေးထားတာ တွေ့ဖူးတယ်။ မြန်မာပြည်ရဲ့ ပညာရေးစနစ်က အတော်ကို ပျက်စီးနေပြီ” လို့ ကျောင်းသားမိဘတယောက်က ပြောပါတယ်။
အစိုးရဝန်ထမ်းတွေဟာ တာဝန်ဝတ္တရားတွေကို ထိခိုက်စေနိုင်တဲ့ ပြင်ပစီးပွားရေးလုပ်ငန်းတွေနဲ့ အခကြေးငွေယူပြီး အလုပ်လုပ်ကိုင်ခြင်းတွေ မပြုလုပ်ရဘူးလို့ ပညာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ထားသလို ကျောင်းအုပ်တွေနဲ့ ဆရာ/ဆရာမတွေဟာလည်း ကျူရှင် သင်ကြားခြင်း မပြုလုပ်ကြဖို့အတွက် သက်ဆိုင်ရာဌာနမှာ ဝန်ခံကတိ လက်မှတ် ရေးထိုးထားရလေ့ရှိတယ်လို့ သိရပြီး ကျောင်းချိန်အတွင်းဖြစ်စေ၊ ပြင်ပမှာဖြစ်စေ ကျူရှင်သင်ကြားနေကြောင်း တိုင်ကြားခံရပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေအရ စစ်ဆေး အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW