ဇွန် ၈ ၊ ၂၀၂၆
GG (VOM)
သမ္မတ ပြောရေးဆိုခွင့်ရှိသူ လ.ဝ.က ဒုတိယဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းတပုဒ်အောက်မှာ ” ဇော်မဲလုံး ညီမလား ” ဆိုပြီး မှတ်ချက်ဝင်ရေးခဲ့တဲ့ ပဲခူးမြို့က အသက် ၆၈ နှစ်အရွယ် အမျိုးသမီး အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းခံရတဲ့အမျိုးသမီးက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် မှော်ကန် ၁ လမ်းမှာ နေထိုင်တဲ့ Daw Kyin Soe Facebook အကောင့်ပိုင်ရှင်အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
” ဖမ်းတုန်းကတော့ Facebook မှာ comment ရေးလို့ဆိုပြီး ဖမ်းတာလို့သိရတယ် ။ဖမ်းပြီးတော့မှ ဖုန်းထဲမှာ CRPH နဲ့ NUG အဖွဲ့တွေရဲ့စာတွေကို ရှယ်တာ တွေ့ရတယ်ဆိုတော့ ပြစ်မှုထပ်တိုးမလား မပြောတတ်ဘူး ။ ဖမ်းတာကတော့ ၅ ရက်နေ့က ဖမ်းသွားတာ ။ သူ့မိသားစုကတော့ လိုက်နေကြတယ်။ အဒေါ်ကြီးက အသက်ပဲ ၇၀ နားနီးနေပြီဆိုတော့ မိသားစုကစိတ်ပူနေကြတာ ။ပုဒ်မတော့ သေချာမသိရသေးဘူး။ ” လို့ မိသားစုနဲ့နီးစပ်သူကပြောပါတယ်။
နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေငြာထားတဲ့ NUG ၊ CRPH အဖွဲ့တွေရဲ့ စာတွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ယက်မှာ လှုံ့ဆော်ခြင်း ၊ ဝါဒဖြန့်ခြင်းတွေပြုလုပ်ခဲ့တာကြောင့် ဒေါ်ကျင်စိုးကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ဒေါ်ကျင်စိုးကို ဘယ်လိုပုဒ်မနဲ့အမှုဖွင့် အရေးယူထားတယ်ဆိုတာကို မသိရှိရသေးသလို အစိုးရထုတ်ပြန်မှုမှာလည်း ဖော်ပြထားခြင်းမရှိပါဘူး ။
အလားတူပဲ လရောင်အောက်က ကုမုဒြာသီချင်းနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားထားတဲ့ ပို့စ်အောက်မှာ “ထဘီတရွတ်တိုက် ဝတ်လည်း ရွံ့တယ်နော် ” ဆိုပြီး Comment ရေးခဲ့တဲ့ တောင်ကြီးမြို့က Nang Akari Facebook Account ပိုင်ရှင်ဖြစ်သူ ဧကရီကျော်(ခ) နန်းဧကရီကျော်ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့မှုရှိခဲ့ပါတယ်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPH ၊ NUG နဲ့ လက်ဝေခံအဖွဲ့အစည်းတွေ ၊ ဆက်နွှယ်နေ တဲ့ အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နဲ့ အစိုးရယန္တရား ပျက်ပြားစေ ရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို လှုံ့ဆော်သူ၊ ဝါဒဖြန့်သူတွေကိုလည်း ဆက်လက်ဖော်ထုတ်အရေးယူ သွားမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ
