မန္တလေး၊ ဇွန်- ၁၉- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ရှေ့မှာ ရုံးဖွင့်ချိန် သက်တမ်းတိုးဆောင်ရွက်ဖို့ မော်တော်ယာဥ်တွေနဲ့တင်မဟုတ်ဘဲ အုတ်ခဲတွေ ကားတာယာကွင်းတွေ ၊စက်ဘီးတွေ၊ ဆိုင်ကယ်တွေနဲ့ပါ နေရာယူထားပြီး နေရာပြန်လည်ရောင်းစားသူတွေမရှိဖို့နဲ့ လာဘ်ပေးလာဘ်ယူမှုပပျောက်ဖို့အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးကျော်မိုးသက် က ပြောပါတယ်။
အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးဇော်အောင်ထက် က “မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းမဘေးမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရုံးမှာ မော်တော်ယာဥ်သက်တမ်းတိုးခြင်းအတွက် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ၊ online မှ သက်တမ်းတိုး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ နေရာရောင်းစားသူများအား မည်ကဲ့သို့ အရေးယူဆောင် ရွက်မယ်ဆိုတာ သိရှိလိုသည့်ကိစ္စ” ကို တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အခမ်း အနားအစီအစဥ်မှာ လွှတ်တော် က တဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
” အခုတင်ပြခဲ့တဲ့ အချက်အလက်တွေထဲမှာ က.ည.န မှာ လုံခြုံ ရေးယူထားတဲ့သူတွေနဲ့ ပေါင်းပြီးတော့ တန်းမစီဘဲ ဝင်လို့ရတဲ့သူတွေလည်းရှိတယ်၊ ညကတည်းက လာတန်းတဲ့သူတွေ နစ်နာတယ်၊ တစီးကို တစ်သောင်းခွဲ နှစ်သောင်းပေးရင် တန်းစီစရာကို မလိုဘူး၊ က.ည.န မှာ အကျင့်ပျက် ခြစားတာတွေအများကြီးပဲ လာဘ်ပေး ရန်မလိုပါ ဆောင်ပုဒ်နဲ့အညီ ရေကမ်းရင် က.ည.နမှာ အဆင်ပြေနေတာတွေ အများကြီးရှိတယ် လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့ နိုင်ငံတော်က ဆောင်ရွက်ပေးစေချင်ပါတယ်” ယာဥ်ပိုင်ရှင်တဦးက ပြောပါတယ်။
ဦးဇော်အောင်ထက် မေးမြန်းတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးကျော်မိုးသက် က အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကတဆင့် ပြန်လည်ဖြေကြားခဲ့ပါတယ်။
