YBS ဝန်ဆောင်မှုမှာ ဒါတွေကို ပြုပြင်ပေးဖို့ လိုပြီ

သွေး(စစ်ကိုင်း)
လူဦးရေ သန်းချီရှိတဲ့ ရန်ကုန်မြို့မှာ ပြည်သူအများစုဟာ သွားလာရေးအတွက် ဘတ်စကားကိုပဲ အားကိုးစီးနင်း နေရပါတယ်။ အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ YBS ယာဉ်လိုင်းတွေ အနေနဲ့ ယာဉ်စည်းကမ်းတွေကို အပြည့်အဝ လိုက်နာဖို့ လိုအပ်နေသလို ပြည်သူကို ဝန်ဆောင်မှုပေးရာမှာလည်း ယဉ်ကျေးပျူငှာဖို့ လိုအပ်ပါတယ်။ အခုနှစ်တွေ အတွင်း YBS ယာဉ်လိုင်းတွေရဲ့ စည်းကမ်းလိုက်နာမှု အားနည်းသွားပြီး စည်းကမ်း ဖောက်ဖျက်မှုတွေ ပိုများလာနေတာကို ဘတ်စကားကို နေ့စဉ်စီးနင်းနေသူ တစ်ယောက် အနေနဲ့ မြင်တွေ့နေ ပါတယ်။ အများပြည်သူကို ဝန်ဆောင်ပေးနေတာလို့ သဘောမထားဘဲ ကြမ်းတမ်းခက်ထန်စွာ ပြောဆိုတဲ့ ယာဉ်မောင်းတွေ၊ ‘YBS ယာဉ်များ တစ်စီးနှင့် တစ်စီး ကျော်တက်မောင်းနှင်ခြင်း မပြုရ’ ဆိုတဲ့ သတိပေး စာတန်းအောက်မှာ အရှိန်ပြင်းပြင်းနဲ့ ကျော်တက်မောင်းနှင်နေတာတွေကို နေ့စဉ်မြင်တွေ့နေရပါတယ်။
အထူးသဖြင့် အခုလိုကာလမှာ အငှားယာဉ် သို့မဟုတ် တက္ကစီနဲ့ သွားကြဖို့ ဆိုရင်လည်း ယာဉ်ငှားခ,က အလွန်မြင့်မားနေတဲ့ အတွက် ရန်ကုန်က ပြည်သူအများစုဟာ ရုံးသွားရုံးပြန်၊ ဈေးသွားဈေးပြန်၊ အလုပ်ခွင်ရှိရာ သွားဖို့ ပြန်ဖို့ဆိုရင် YBS ယာဉ်လိုင်းတွေကိုပဲ ပိုမိုအသုံးပြုနေကြရတာပါ။ ဒီလို အခြေအနေမှာ ယာဉ်အစီးရေ မျှတလုံလောက်စွာ ပြေးဆွဲပေးဖို့ လိုအပ်ပါတယ်။ တချို့သော YBS ယာဉ်လိုင်းတွေက ခရီးသွားစီးနင်း အသုံးပြုမှုများတဲ့ မနက်ခင်းပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာသာ ပြေးဆွဲပေးတာမျိုးလည်း ရှိနေပါတယ်။
ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ပြောပြရရင် ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်မ ရွှေတိဂုံတောင်ဘက်မုခ်အနီးမှာရှိတဲ့ မိတ်ဆွေတစ်ဦးရဲ့ အိမ်ကို သွားရောက်ဖို့ YBS 8 ယာဉ်လိုင်းကို ၁ နာရီကျော်တဲ့ အထိ စောင့်ဆိုင်းနေပေမဲ့ ယာဉ်တစ်စီးမှ ရောက်မလာခဲ့ပါဘူး။ အဲဒါကြောင့် နောက်ဆုံးမှာ တက္ကစီကိုပဲ မဖြစ်မနေငှားရမ်းရပါ တော့တယ်။ အဲဒီကနေ အပြန်မှာလည်း သိမ်ကြီးဈေးဘက်သွားတဲ့ YBS 11 ယာဉ်လိုင်းကို စောင့်ဆိုင်းတော့ လည်း နာရီဝက်ကျော်ကြာတဲ့ အထိ ရောက်မလာခဲ့ပါဘူး။ ဒါနဲ့ တက္ကစီကိုပဲ ထပ်မံငှားရမ်းရပါတော့တယ်။
ကျွန်မ အခုလိုပြောပြတာက ကျွန်မ တစ်ဦးတစ်ယောက်တည်း အဆင်မပြေတာကို တင်ပြလိုတာ မဟုတ်ပါဘူး။ ကျွန်မလို YBS ဘတ်စကားယာဉ်လိုင်းကို အသုံးပြုနေသူတွေ၊ ခရီးစဉ်လမ်းကြောင်း တစ်လျှောက် စောင့်ဆိုင်းနေရသူ ခရီးသွားပြည်တွေ အများကြီး ရှိနေနိုင်ပြီး၊ သူတို့အတွက် အချိန်ကို ပြုန်းတီးစေသလို မဖြစ်မနေ တက္ကစီငှားကြရပြီ ဆိုရင်လည်း ဝင်ငွေနည်းပါး ရှားပါးတဲ့ အခုလိုကာလမှာ ငွေကြေးကို အပိုသုံးစွဲကြရတာ ဖြစ်လို့ နေ့စဉ်လူနေမှုဘဝတွေကို သက်ရောက်မှု ရှိစေနိုင်တာကို မီးမောင်းထိုး ပြတာပါ။
နောက်တစ်ခုက YBS ယာဉ်များ ကျော်တက်မောင်းနှင်ခြင်း မပြုဖို့ စည်းကမ်းထုတ်ထားပေမဲ့ ယာဉ်အများစုက လိုက်နာမှု မရှိသလောက် အလွန်အားနည်းနေတာလည်း နေ့စဉ်မြင်တွေ့နေရပါတယ်။ အထူးသဖြင့် ယုဇနဥယျာဉ်မြို့တော်ကနေ ပန်းဆိုးတန်း၊ သိမ်ကြီးဈေးအထိ ပြေးဆွဲပေးနေတဲ့ YBS 133 ယာဉ်လိုင်းဟာ နောက်ကား ပါလာတယ် ဆိုရင် ခရီးသည်များများ ရရှိရေး အတွက် အတင်းကျော်တက်ကာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လေ့ရှိပါတယ်။ ဘတ်စကားအတွင်း ကျပ်ညပ်ပြီး စီးနင်းလာကြရတဲ့ ခရီးသွားပြည်သူတွေဟာ ဘတ်စကားကို ဘရိတ်ဆောင့်အုပ်လိုက်တိုင်း ဖရိုဖရဲနဲ့ ပြိုလဲမတတ် ဖြစ်နေရပြီး တန်းတွေ လက်ကိုင်တွေကို စိုးရိမ်တကြီးနဲ့ တင်းတင်းဆုပ်ကိုင်ရင်း လိုက်ပါနေကြရတာက နေ့စဉ်မရိုးနိုင်အောင် ကြုံတွေ့နေကြရတာပါ။ ယာဉ်မတော်တဆမှု ဖြစ်ပေါ်လာခဲ့ပြီ ဆိုရင်လည်း ယာဉ်မောင်းတွေက ကိုယ်လွတ်ရုန်းထွက်ပြေး သွားကြလို့ ခရီးသည်တွေဟာ ရင်တမမနဲ့ ဘုရားတ,ပြီး စီးနင်းနေကြရတဲ့ အဖြစ်တွေပါပဲ။ YBS မှာ ဒါတွေကို ကြပ်မတ်, ပြုပြင်ပေးဖို့ လိုနေပါပြီ။
YBS ယာဉ်လိုင်းတွေထဲမှာ နေ့စဉ်ပြေးဆွဲပေးနေတဲ့ မီနီဘတ်စ် ယာဉ်ငယ်လိုင်းတွေရဲ့ ဝန်ဆောင်ပေးမှုတွေက ခရီးသွားတွေ အတွက် တစ်မျိုးတစ်ဘာသာ စိတ်အနှောင့်အယှက်ဖြစ်စေတာလည်း နေ့စဉ်နဲ့အမျှပါပဲ။ အထူးသဖြင့် YBS 33 ၊ YBS 120 ၊ YBS 9 ၊ YBS 129 ယာဉ်လိုင်းတွေဟာ ယာဉ်စီးခ,ကို ၅၀၀ ကျပ်အထိ ယူနေကြရုံသာမက ခရီးသည်ကို ပြွတ်သိပ်တင်ဆောင်ပြီး တရကြမ်းမောင်းနှင်ကြပါတယ်။ ကားကြီးတွေ မောင်းနှင်နေတဲ့ အန္တရာယ်ရှိတဲ့ ယာဉ်ကြောတွေမှာ ဆိုရင်လည်း ဇွတ်အတင်းဝင် လမ်းတောင်းကာ ဖြတ်ဝင်မောင်းကြသလို လူစည်းကားတဲ့ မှတ်တိုင်တွေမှာလည်း အချိန်အကြာကြီးရပ်တန့်ကာ ခရီးသည် စောင့်တင်ကြပါတယ်။ YBS မှာ ဒါတွေကို ကြပ်မတ်, ပြုပြင်ပေးဖို့ လိုနေပါပြီ။
ရန်ကုန်မြို့ရဲ့ လက်ရှိလူဦးရေက ၆ သန်းကနေ ၈ သန်းခန့် ရှိပြီး၊ YBS ယာဉ်လိုင်းကို နေ့စဉ်အသုံးပြု ခရီးသွားနေရတဲ့ ပြည်သူတွေက ၂ သန်းကျော် ရှိပါတယ်။ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိပြီး နေ့စဉ်ပုံမှန် ပြေးဆွဲပေးနေတဲ့ ဘတ်စကား အရေအတွက်က ၃၇၀၀ ဝန်းကျင်ရှိတယ် လို့ သိရပါတယ်။ ဘတ်စကား အစီးရေနဲ့ ခရီးသွားဦးရေ အချိုးချကြည့်ရင် ဘတ်စကား ၁ စီးဟာ တစ်ရက်မှာ ပျမ်းမျှ ခရီးသည် ၅၇၁ ဦးကို ဝန်ဆောင်မှု ပေးနေရတာဖြစ်လို့ ယာဉ်အစီးရေနဲ့ ခရီးသွားဦးရေက မမျှတဘဲ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီအချိုးအရ ဘတ်စကား ၁ စီးဟာ တစ်ကြိမ်မှာ ခရီးသည် ၅၀ ကနေ ၆၀ လောက် တင်ဆောင်နိုင်တယ် ဆိုရင် ခေါက်ရေ ၁၀ ခေါက်ပြေးဆွဲပေးမှ ဖြစ်မယ့် အနေအထားပါ။ အဲသလိုမှ မဟုတ်ဘူး ဆိုရင် လူကျပ်ညပ်ပြီး တင်ဆောင်ကာ ဝန်ဆောင်မှုပေးနေရတဲ့ သဘောဖြစ်နေပါတယ်။ အသွားအလာများတဲ့ ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်တွေမှာ ပိုမိုကျပ်ညပ်နေမယ့် အနေအထားကို ခန့်မှန်းနိုင်ပါတယ်။ YBS မှာ ဒါကိုလည်း ပြန်လည် သုံးသပ်ပြီး ဝန်ဆောင်မှုပေးဖို့ လိုနေပါပြီ။
နောက်တစ်ခုက ကြံ့ခိုင်မှုအားနည်းတဲ့ YBS ယာဉ်တွေပါ။ တချို့ဘတ်စကားတွေဟာ အောက်ခံကြမ်းခင်းက ခံနိုင်ရည် မရှိတော့ဘဲ ခရီးသွားပြည်သူတွေ ခြေကျွံကျနိုင်လောက်တဲ့ အထိ ဖြစ်နေလို့ အန္တရာယ်များနေ တာတွေ၊ အဖွင့်အပိတ်တံခါးတွေ ပျက်စီးနေတာတွေ၊ ဆင်းမယ့်မှတ်တိုင်အတွက် ကြိုတင်တီးရမယ့် ဘဲလ်တွေ ပျက်စီးနေတာလည်း အများအပြားပါပဲ။ ပြီးခဲ့တဲ့ လ,တွေ အတွင်းက YBS 72 ယာဉ်တစ်စီးရဲ့ အောက်ခံ ကြမ်းခင်းကျွံကျပြီး ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။ ဒါကိုလည်း ကောင်းမွန်တဲ့ ယာဉ်နဲ့ အစားထိုး ပြေးဆွဲပေးသင့်ပါတယ်။
ယာဉ်လိုင်း အတော်များများမှာ ယာဉ်မောင်းတွေဟာ မောင်းနှင်နေရင်း ဖုန်းပြောကြတာကိုလည်း မြင်တွေ့နေ ရပါတယ်။ ယာဉ်နံပါတ်ဘယ်လောက်က ဘယ်ကိုရောက်နေပြီ၊ ဘယ်နံပါတ်ကတော့ နောက်က လိုက်လာပြီ ဆိုပြီး ဖုန်းဆက်မေးလိုက်၊ ဖုန်းဆက်ပြောတာတာကို ပြန်ပြောလိုက်နဲ့ ခရီးသည်တို့ရဲ့ ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်ဘဲ စည်းကမ်းမဲ့ မောင်းနှင်နေကြတာပါ။ ပိုဆိုးတာက သူတို့ ယာဉ်လိုင်းတူ အချင်းချင်းလည်း အပြိုင်အဆိုင် မောင်းနှင်ကြသလို လမ်းကြောင်းတူနေတဲ့ ယာဉ်လိုင်းတွေနဲ့လည်း အပြိုင်အဆိုင် မောင်းနှင်ပြီး ခရီးသည် တင်နေကြတာပါပဲ။ ဒီကြားထဲ လူစည်ကားပြီး အတက်အဆင်းများတဲ့ မှတ်တိုင်တွေမှာ ယာဉ်တွေကို စောင့်ကြည့်, မှတ်သားထားပြီး ဖုန်းဆက်ပြီး အချင်းချင်းသတင်းပေးကြတာတွေလည်း ရှိနေပြန်ပါသေးတယ်။ ဒီလို လုပ်ဆောင်နေကြတာကို ကြပ်မတ်ပေးဖို့ လိုနေပါပြီ။
ဘတ်စကားစီး ခရီးသည်တွေအတွက် အခက်အခဲဖြစ်ရတဲ့ အကြောင်းတစ်ရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ အကြွေကိစ္စပါ။ YBS ယာဉ်လိုင်း အတော်များများဟာ ခရီးစဉ် စ,ဆုံးအတွက် ၄၀၀ ကျပ် သတ်မှတ်ထားပြီး၊ တချို့ယာဉ်လိုင်းတွေမှာတော့ သီးခြား သတ်မှတ်တာတွေ ရှိနေပါတယ်။ ဘတ်စကားစီး ခရီးသည်အားလုံး ခရီးစဉ် အစ,အဆုံး စီးနှင်ကြလေ့ မရှိပါဘူး။ အစ,အဆုံး စီးနှင်သူက လူနည်းစုလောက်ပဲ ရှိမှာပါ။ ဒါကြောင့် တစ်မှတ်တိုင်, ဒါမှမဟုတ် နှစ်မှတ်တိုင်လောက် စီးနင်းသူ ခရီးသွားတို့ အတွက် ၄၀၀ ကျပ် ပေးဆောင်ရတာက မဖြစ်သင့်တဲ့ ကိစ္စပါ။ အလွန်ဆုံး ၂၀၀ ကျပ်လောက်သာ ဖြစ်သင့်ပါတယ်။
အကြွေကိစ္စကို ပြေလည်စေမယ့် YPS ကတ်စနစ်ရှိပေမဲ့ ဒီစနစ်မှာလည်း ခရီးစဉ် စ,ဆုံး အတွက် ၃၅၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒီလို သတ်မှတ်ပေးထားတာက ကတ်ဝယ်စီးသူနဲ့ ကတ်မဝယ်ဘဲ စီးသူတို့ကြား ခွဲခြားရာ ရောက်သလို… သွားလာစရိတ် အနည်းငယ်ပဲ ဖြစ်ဖြစ် သက်သာလိုကြသူတွေ အတွက် ကတ်ကို မဖြစ်မနေ ဝယ်ယူစီးနင်းဖို့လည်း ဖြစ်လာစေပါတယ်။ ပြီးတော့ ကတ်တစ်ခုကို ၉,၀၀၀ ကျပ်ပေးပြီး ဝယ်ယူရတာပါ။ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က Yangon Payment Services – YPS ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ “YPS ကတ် တန်ဖိုးမှာ (၉၀၀၀) ကျပ်ဖြစ်ပြီး ကြိုတင်ဖြည့်ငွေ (၆၀၀၀) ကျပ် ပါဝင်မှာဖြစ်လို့ စုစုပေါင်း (၁၅,၀၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်ရှင်” လို့ ဖော်ပြထားပါတယ်။ ခရီးသွားပြည်သူတစ်ဦး အတွက် YPS ကတ်တစ်ခုက (၉)ထောင် ကျပ်ဆိုရင်… ဒီကတ်ကို ဝယ်ယူပြီး ခရီးသွားနေကြတဲ့ ပြည်သူတွေ ဘယ်လောက်များများ ရှိနေမလဲ။ ရန်ကုန်မြို့မှာ ခရီးသွားပြည်သူက ၂ သန်းကျော်ရှိနေတယ် ဆိုတာကို သတိပြုပါ။
နောက်ပိုဆိုးတာက တချို့ယာဉ်လိုင်းက ယာဉ်မောင်းတွေဟာ ယာဉ်မောင်းကိုယ်တိုင်က ယာဉ်မောင်းခ ကောက်ခံနေပြီး အကြွေရှားပါးတာကို အကြောင်းပြကာ ၅၀၀ ကျပ်ပေးရင် ၁၀၀ ကျပ် ပြန်မအမ်းတော့တာပါ။ ပြီးတော့ သတ်မှတ်ထားတဲ့ မှတ်တိုင်ကို ရောက်ပြီဆိုရင်လည်း သွားလာနေတဲ့ ယာဉ်ကြောနဲ့ လွတ်ကင်းရာ မှတ်တိုင်အနီးကို ကပ်ပြီးရပ်မပေးဘဲ လမ်းလည်ခေါင် ဥဒဟိုမောင်းနှင်နေတဲ့ ယာဉ်ကြောကြားမှာပဲ ရပ်ပေး တာတွေလည်း ရှိနေပြန်ပါတယ်။ ဒီလို ရပ်တန့်ပေးတာဟာ အသက်ကြီးသူ၊ ကိုယ်ဝန်သည်နဲ့ ကလေးသူငယ်တို့ အတွက် အလွန်အန္တရာယ်ကြီးတဲ့ အနေအထားပါ။ ဒါကိုလည်း တာဝန်ရှိသူ အဆင့်ဆင့်တို့က ကြပ်မတ်ပေးဖို့ လိုအပ်နေပါပြီ။
ခရီးသွား ပြည်သူတို့အတွက် အထူးစိုးရိမ်ရတဲ့ အကြောင်းတစ်ခုလည်း ရှိနေပါသေးတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်း အသွားအလာများပြီး ကားကျပ်တဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ခရီးသည်တွေရဲ့ ဖုန်းနဲ့ အဖိုးတန် ပစ္စည်းတွေကို ခါးပိုက်နှိုက်သူတွေရဲ့ရန်ကလည်း မသေးလှပါဘူး။ ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ကနေ ဇူလိုင် ၇ ရက်နေ့အထိ YBS ယာဉ်လိုင်းတွေ၊ ဘတ်စကားမှတ်တိုင်တွေနဲ့ အများပြည်သူ သွားလာနေတဲ့ နေရာတွေမှာ ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တဖန် PACE-Myanmar အဖွဲ့က YBS စီးနင်းခရီးသည် ၃၀၀၀ ကျော်ကို စစ်တမ်း ကောက်ယူခဲ့ရာမှာ ခရီးသည် သုံးပုံတစ်ပုံက ခါးပိုက်နှိုက်ခံခဲ့ရဖူးတယ် လို့ ဖြေဆိုခဲ့ကြောင်း စစ်တမ်းမှာ ဖော်ပြထားတဲ့ အတွက် ခရီးသည်တို့ ဘေးကင်းလုံခြုံမှု ရရှိအောင် စီမံလုပ်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ။
အများပြည်သူ သွားလာရေး မရှိမဖြစ် အားထားစီးနင်းနေရတဲ့ YBS ယာဉ်တွေ စည်းကမ်းတကျ လိုက်နာရေး ကြီးကြပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) အနေနဲ့ အထူး အလေးပေး လုပ်ဆောင်သွားရမှာ ဖြစ်သလို သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
တိုင်းပြည်ရဲ့ အပြောင်းအလဲအတွက် ရုန်းကန်တိုးထွက်ဖို့ အားယူပြင်ဆင် ကြိုးစားနေကြရတဲ့ အခုလို ကာလမှာ တိုင်းပြည်ရဲ့ ယူနစ်တစ်ခုစီဖြစ်တဲ့ ပြည်သူတစ်ဦးချင်းရဲ့ ဘေးကင်းလုံခြုံရေးက အရေးကြီးတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ဦးဆောင်သူအဖွဲ့အစည်းသာကမက အများပြည်သူတို့ အတွက် ဝန်ဆောင်မှု ပေးနေကြတဲ့ သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်းများအားလုံး ပြည်သူတို့ရဲ့ အကျိုးကို မျက်နှာမူပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း လိုအပ်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)

Related posts

Leave a Comment

VOM News

FREE
VIEW