ဇူလိုင် ၂၅ – ၂၀၂၆
SS (VOM)
လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေ ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန် မြင့်တက်မှုတွေ ဖြစ်ပေါ်နေပြီး ရန်ကုန်နဲ့ မန္တလေးတို့လို နေရာကောင်းတဲ့ မြို့ကြီးတွေမှာ အိမ်ခြံမြေဈေးတွေက ၁ စတုရန်းပေကို ကျပ်သိန်း ၁၀၀ နီးပါးအထိ ဖြစ်နေကာ အိမ်နီးချင်း ဘန်ကောက်မြို့ထက်တောင် စျေးပိုမြင့်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာဈေး၊ ရွှေဈေးနဲ့အတူ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကွက်ဟာလည်း နှစ်အလိုက် မြင့်တက်လာခဲ့တာကို တွေ့ရပြီး အခုလို မြင့်တက်လာစေတဲ့ အကြောင်းရင်းတွေထဲမှာ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ငွေကြေး စုဆောင်းသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာခြင်းနဲ့ ရောင်းသူတွေက ဈေးကွက်အခြေအနေကို အသုံးချကာ ကြိုက်ဈေးတင် ရောင်းချခြင်းတို့ကြောင့် ဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ဒါအပြင် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူတွေ ပိုမို များပြားလာပြီး၊ အများစုက မြို့ပြတွေဘက်ကို ပြောင်းရွှေ့ နေထိုင်လာကြတဲ့အတွက် မြေ၊ အိမ်နဲ့ တိုက်ခန်းတွေ အဝယ်လိုက်လာသလို အိမ်ငှားရမ်းနေထိုင်သူတွေလည်း အရင်ကထက် ပိုများလာခဲ့တယ်လို့ သိရပါတယ်။
“စျေးတွေကကြီးနေတာတော့ ဟုတ်တယ်။ ခေါ်စျေးတွေကသာ စျေးကြီးနေတာ။ ဝယ်သူကမှ မရှိတာ။ စျေးခေါ်နေတာလည်း သူတို့ပဲ။ ဝယ်ကြတယ်ဆိုတာကလည်း သူတို့ပဲ’’ လို့ မြေပြင်အခြေအနေ သိရှိထားသူ တယောက်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း နည်းပါးနေသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရှားပါးနေတာ ဖြစ်ပေမယ့် အိမ်ခြံမြေဈေးကွက် အတွင်းမှာတော့ အမြင့်ဈေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗဟန်းမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တို့လို နေရာတွေ ဆိုပါက ပေ ၄၀ × ပေ ၆၀ မြေကွက်တကွက်ကို သိန်းတသောင်းခွဲကနေ နှစ်သောင်းကျော်အထိ ခေါ်ဈေး ရှိနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။
“ဒဂုံ လေးမြို့နယ်မှာဆိုရင် အိမ်ခြေမြေက ဈေးကွက် ပိုဖြစ်နေတယ်။ အဲဒီ လေးမြို့နယ်ထဲမှာမှ မြောက်ဒဂုံဘက်မှာ ပိုပြီး ခေါ်ဈေးများတယ်။ အိမ်ထက် မြေသီးသန့် ဝယ်တာလည်း ပိုများတယ်။ မြောက်ဒဂုံမှာ ပေ ၂၀ × ၆၀ မြေတကွက်ကို ပျမ်းမျှ ကျပ် သိန်း ၄,၅၀၀ ကနေ သိန်း ၁၂,၀၀၀ အထိ ခေါ်ဈေးရှိတယ်။ ပေ ၄၀ × ၆၀ တကွက်ဆိုရင် ပျမ်းမျှ ကျပ်သိန်း ၇,၈၀၀ ကနေ သိန်း ၁၃,၄၀၇ ဝန်းကျင်အထိ ရှိတယ်” လို့ အိမ်ခြံမြေ အကျိုးဆောင်တယောက်က ပြောပါတယ်။
အလားတူ တိုက်ခန်းအရောင်းအဝယ် ဈေးနှုန်းမှာလည်း နေရာဒေသ၊ အထပ်အမြင့်နဲ့ အခန်းအကျယ်အဝန်း အမျိုးအစားပေါ် မူတည်ကာ ပျမ်းမျှ ကျပ် သိန်း ၂၇၀၊ ၄၀၀၊ ၆၅၀ ကနေ ကျပ်သိန်း ၁၇၅၇၊ ၂,၀၀၀၊ ၃၅,၀၀၀ ကနေ ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ဈေးနှုန်းတွေက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ နှိုင်းယှဉ်ပါက မဖြစ်သင့်တဲ့ အနေအထားကို ရောက်ရှိနေပြီး လက်ရှိမြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက် အခြေအနေဟာ ပူဖောင်းပေါက်သလို ပေါက်လာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ရှိနေပါတယ်။
“မြန်မာ့အိမ်ခြံမြေဈေးကွက်က ပူဖောင်းပေါက်သလို ပေါက်တော့မှာလား ဆိုတာက နိုင်ငံတကာအခြေအနေနဲ့ နှိုင်းယှဉ်မယ်ဆို မြန်မာပြည်မှာ ဖြစ်လာနိုင်ခြေ မရှိသေးဘူးလို့ဘဲ ပြောရမယ်။ အလားအလာ အင်မတန် နည်းပါတယ်။ ဘာလို့လဲဆို မြန်မာ့ အိမ်ခြံမြေဈေးကွက်က နိုင်ငံတကာ အိမ်ခြံမြေ ဈေးကွက်လို Bank Loans (ဘဏ်ချေးငွေ) နဲ့ အလွန်အကျွံ ရင်းနှီးမြှုပ်နှံထားတာမျိုး မဟုတ်ဘူး။ Cash-in-hand (လက်ငင်းငွေသား) နဲ့ ခိုင်ခိုင်မာမာ ရင်းနှီးမြှုပ်နှံထားကြတာဖြစ်တယ်။ Bank Loans နဲ့ ဝယ်တဲ့သူဆိုတာ မြန်မာပြည်မှာ မရှိသလောက် ရှားတယ်။ အဲဒီတော့ ဘဏ်မပြိုလဲဘူးဆိုတဲ့ ပုံစံနဲ့ သွားနေတာ ဖြစ်တဲ့အတွက် မြန်မာပြည် အိမ်ခြံမြေဈေးကွက်က ပူဖောင်းပေါက်သလို ပေါက်ဖို့ မလွယ်ဘူး” လို့ အိမ်ခြံမြေ လုပ်ငန်းရှင်တယောက်က သုံးသပ်ထားပါတယ်။
ဒါအပြင် လက်ရှိကာလမှာ အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်နေပေမယ့် ရောင်းလိုအားသာရှိပြီး ဝယ်လိုအား အလွန်အမင်း နည်းပါးနေတာကြောင့် မြေကိုင်ထားတဲ့ ငွေရှင်တွေ၊ ပွဲစားတွေနဲ့ ဈေးကစားသူတွေအတွက် ငွေသားဖော်ဖို့ ခက်ခဲလာနေတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ကားဈေးကွက်ဘက်ကို ကူးပြောင်းလာကြသူတချို့ ရှိလာနေပြီး အိမ်ခြံမြေလို ပမာဏကြီးကြီးမားမား မလိုဘဲ ငွေသားကို အလွယ်တကူ လက်ပြောင်းလက်လွှဲ လုပ်လို့ရတာ၊ ချက်ချင်း ငွေဖော်လို့ အဆင်ပြေတာတွေကြောင့် ငွေကိုင်ထားသူတွေက ကားဈေးကွက်ထဲကို ငွေတွေ စတင် သွင်းလာကြတဲ့အတွက် အရင်က အေးစက်နေခဲ့တဲ့ ကားဈေးကွက်ဟာ လက်ရှိမှာ တရှိန်ထိုး လှုပ်ခတ်လာပြီး အဝယ်တွေ စတင် ကြမ်းလာနေပြီဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။
“တနည်းအားဖြင့် ပြောရရင် အိမ်ခြံမြေမှာ ပိတ်မိနေတဲ့ ငွေကြေးတွေဟာ ရေစီးကြောင်းတခုလိုပဲ နောက်ထပ် လှည့်ကွက်တခုဖြစ်တဲ့ ကားဈေးကွက်ဆီကို အရှိန်အဟုန်နဲ့ စီးဆင်း ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုမျိုး တနေရာမှာ ဈေးကွက် ပိတ်မိသွားတိုင်း နောက်တနေရာကို ဈေးကစားတဲ့ငွေတွေ ပြောင်းရွှေ့ရိုက်ခတ်နေတာဟာ စီးပွားရေးလည်ပတ်မှုကိုပါ အကြီးအကျယ် ရိုက်ခတ်လာစေပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ငွေကြေးခဝါချမှုတွေနဲ့ သိသိသာသာ ဆက်စပ်မှုရှိနေတယ်လို့ စီးပွားရေး လေ့လာစောင့်ကြည့်သူတွေနဲ့ လုပ်ငန်းရှင်တွေက သုံးသပ်ထားကြပြီး တရားမဝင် လောင်းကစားလုပ်ငန်းတွေ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အဂတိ လိုက်စားမှုတွေကနေ ရရှိတဲ့ ငွေမည်းတွေကို အိမ်ခြံမြေ၊ ရွှေနဲ့ ကားဈေးကွက်တွေအတွင်း ငွေဖြူအဖြစ် ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းကြလေ့ရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေ ဝယ်ယူတဲ့အခါ ငွေမည်း ကိုင်ထားသူတွေအနေနဲ့ ဈေးနှုန်းကို ဂရုမစိုက်ဘဲ ငွေကြေးအဆမတန် ပေးဝယ်လေ့ရှိတာကြောင့် အိမ်ခြံမြေဈေးနှုန်းတွေဟာ အခြေခံလူတန်းစားတွေ ဝယ်ယူနိုင်တဲ့ ပမာဏ၊ ပကတိ ဝယ်လိုအားထက် ကျော်လွန်ပြီး ဈေးကွက်ဖောင်းပွမှုကို ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။
ငွေကြေးခဝါချမှုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက တရားမဝင် ဝင်ငွေ များပြားခြင်းဖြစ်ကာ အွန်လိုင်းလောင်းကစား (ကျားဖြန့်) နဲ့ နယ်စပ်စီးပွားရေး လုပ်ငန်းတွေကနေရရှိတဲ့ ငွေမည်းတွေ ဈေးကွက်ထဲ စီးဝင်လာခြင်းဖြစ်တယ်လို့ သိရပြီး အိမ်ခြံမြေ အရောင်းအဝယ် အများစုဟာ ဘဏ်စနစ်ထက် ငွေသားအလုံးအရင်းနဲ့ တိုက်ရိုက်ပေးချေမှုကို ပိုမို အားပြုထားတာကြောင့် အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှုပ်နှံသူ များပြားနေတာ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။
“ငွေကြေး ခဝါချမှုတွေနဲ့ ပတ်သက်လို့ ခုချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိသူပိုင်းအနေနဲ့ စိစစ်ကြပ်မတ်မှုအား ကောင်းမလာသေးဘူး။ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေနဲ့ ရင်းမြစ်တွေကို ထိထိရောက်ရောက် နောက်ကြောင်းခံ လိုက်လံစစ်ဆေးနိုင်တဲ့ ယန္တရား အလွန့်အလွန်ကို အားနည်းနေပါသေးတယ်” လို့ သူက ပြောပါတယ်။
အဲဒီလို ငွေကြေး ခဝါချမှုတွေဟာ အိမ်ခြံမြေ ဈေးနှုန်းတွေကို အဆမတန် မြင့်တက်စေပြီး ငွေကြေးခဝါချသူတွေဟာ ဈေးနှုန်းထက် ငွေပိုင်ဆိုင်ခွင့်ကိုသာ ဦးစားပေးတာကြောင့် အိမ်ခြံမြေဈေးကွက်ကို ကမောက်ကမ ဖြစ်စေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် ဈေးကွက်အတွင်း အမှန်တကယ် နေထိုင်မယ့်သူတွေထက် ငွေကစားသူတွေနဲ့ ငွေဖောင်းပွမှုဒဏ်မှ ကာကွယ်ဖို့ ဝယ်ယူကြတဲ့ ဝယ်လိုအား အတုအယောင်တွေ များပြားလာပြီး အရောင်းအဝယ်ဈေးနှုန်းနဲ့ အိမ်ငှားခတွေ မြင့်တက်လာတာကြောင့် သာမန်ပြည်သူတွေ အိမ်ရာပိုင်ဆိုင်ခွင့် လျော့နည်းလာနိုင်တယ်လို့ သူက ပြောပါတယ်။
Photo – CJ
