ဩဂုတ် ၂၈ ၊ ၂၀၂၆
GG (VOM)
မြန်မာနိုင်ငံက ထောပတ်သီးတွေ ထိုင်းကိုတင်ပို့ခွင့်ပိတ်လိုက်တဲ့အတွက် ဒီနှစ်ထောပတ်သီးရာသီမှာ ထောပတ်သီးပြည်ပစျေးကွက်ပျောက်ပြီး တောင်သူတွေ ဆုံးရှုံးမှုများမယ့်နှစ်ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းကို တရားဝင်လမ်းကြောင်းကနေ ထောပတ်သီးတင်ပို့ခွင့်ရဖို့ နှစ်နိုင်ငံ ဆွေးနွေးညှိနိူင်းနေချိန်မှာပဲ ပုံမှန်ပို့နေကြ တရားမဝင် နယ်စပ်လမ်းကြောင်းကနေတင်ပို့မှုကိုပါ ထိုင်းက ပိတ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းကို နှစ်စဥ်တင်ပို့နေတဲ့ ထောပတ်သီး တန်ချိန် ၁၀၀၀၀ မှ ၁၅၀၀၀ လောက်ပမာဏက ပိုသွားပြီး ပြည်တွင်း စားသုံးမှုကလည်း မဖြုန်းနိုင်တဲ့အတွက် ထောပတ်သီးစျေးကွက်ကျပြီး တောင်သူတွေ ဆုံးရှုံးမှုများနိုင်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
” ထိုင်းက အခုက တရားမဝင်ပို့တာကို ပိတ်လိုက်တာ ။ နယ်စပ်လမ်းကြောင်းအကုန်ပါ။ အသီးနုပို့လို့ပိတ်တယ်ဆိုတာ အဓိကအကြောင်းချက်မဟုတ်ဘူး။အဓိက သူတို့နိုင်ငံနဲ့ သဘောတူညီမှုယူဖို့ ၊ ပိုးမွှားစစ်ဆေးဖို့ သူတို့က တရားဝင်တောင်းဆိုတာ ။ အစထဲက တရားဝင်တင်သွင်းခွင့်မရလို့ ပိတ်တာ ။ ကျွန်တော်တို့ဘက်ကတောင်းဆိုရမှာပေါ့။ ဘာဖြစ်လို့ဆို ကျွန်တော်တို့ကတင်သွင်းချင်တာကိုး ။ ပြည်ပကို လမ်းကြောင်း မရှိနိုင်တော့ဘူးဆိုတော့ ဒီနှစ်ကတောင်သူတွေ တော်တော်ကိုရှုံးနိုင်တာပေါ့။ အကောင်းမြင်ရင်တော့လည်း မှီနိုင်တယ်ပြောမှာပေါ့။ ဒါပေမယ့် ရုံးလုပ်ငန်းက ဒီလောက်တော့ မမြန်နိုင်ဘူး ။” လို့ မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးတင်ပို့ထုတ်လုပ်ရောင်းချသူများအသင်းတာဝန်ရှိသူက ပြောပါတယ်။
ထောပတ်သီးရာသီက ရှေ့လ စက်တင်ဘာလမှာ စတင်ပြီဖြစ်တာကြောင့် ဒီနှစ်ထောပတ်သီးရာသီမှာ ထိုင်းကို တင်ပို့ခွင့်မရတော့သလို တရုတ်ကလည်း.စာချုပ်မူကြမ်းရေးဆွဲနေဆဲ အဆင့်သာရှိလို့ တရားဝင်တင်ပို့ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်ပစျေးကွက်တခုအနေနဲ့ အိန္ဒိယကို ထောပတ်သီး အေးခဲနည်းပညာနဲ့တင်ပို့ဖို့ ကြိုးစားနေပေမယ့်လည်း ဒီနှစ် အဆင်ပြေဖို့ ခက်တယ်လို့ သိရပါတယ်။
အဲဒီအတွက် ဒီနှစ်မှာ ထောပတ်သီးက ပြည်ပစျေးကွက်ပျောက်သွားနိုင်ပြီး ပြည်တွင်းစျေးကွက်ကိုပဲ အားကိုးရမယ့်အခြေအနေဖြစ်သွားတဲ့အတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးကမ်ပိန်းတွေ ၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
“ထောပတ်ရာသီကစတင်နေပြီဖြစ်လို့ ထိုင်းကိုတင်ပို့မရတဲ့တန်ချိန်အတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးကမ်ပိန်း ပြုလုပ်ပါမယ်။ပြင်ဦးလွင် ထောပတ်သီးစျေးတန်း ၊ တောင်ကြီးတန်ဆောင်တိုင်ထောပတ်သီးပွဲတော် ၊ ရန်ကုန်၊မန်းလေး စျေးပွဲတော် ၊ Food Blogger တွေနဲ့ မီနူးသစ်ထုတ်တာတွေနဲ့ စိတ်ကူးရှိသလောက်လည်းဆောင်ရွက်ကြဖို့လိုပါတယ်။အိန္ဒိယ၊ စင်ကာပူ၊မလေးရှား၊ ရုရှား ပြန်လည်တင်ပို့နိုင်ဖို့ အသင်းဝင်ကုမ္ပဏီတွေက ကြိုးပမ်းချိတ်ဆက်ပါမယ်။
ထောပတ်သီးကို ပြည်တွင်းစားသုံးမှု အနေနဲ့ဆိုရင် ဖျော်ရည်လုပ်ငန်းတွေက အဓိကသုံးစွဲမှုရှိပြီး အခြားထုတ်ကုန်အဖြစ် ဖန်တီးထုတ်လုပ်မှုနည်းပြီး စားသုံးမှုလည်း နည်းနေသေးတာကြောင့် ထိုင်းကိုအဓိက အားထားနေရတာဖြစ် တယ်လို့သိရပါတယ်။
ထိုင်းစျေးကွက် ပျောက်သွားခြင်းကြောင့် ဒီနှစ် ပြည်တွင်းထောပတ်သီး စျေးကွက်မှာ အရင်နှစ်ကလောက်စျေးတန်း မရရှိနိုင်ကြောင်း ၊ စျေးကျဆင်းနိုင်ကြောင်း သိရပါတယ်။
” ပြည်တွင်း စျေးကွက်က အရင်နှစ်လောက်တော့ မရနိုင်ဘူးဆိုတာ သေချာသွားပါပြီ။” လို့ အသင်းတာဝန်ရှိသူက ထပ်မံပြောပါတယ်။
အရင်နှစ် ထောပတ်သီးရာသီချိန်တုန်းက ထိုင်းစျေးကွက်မှာ ထောပတ်သီး တကီလိုကို အရည်အသွေးနဲ့ အလုံးအရွယ်အစားအပေါ်လိုက်ပြီး ဘတ် ၅၀ မှ ၈၀ ဘတ်အတွင်း စျေးပေါက်ခဲ့ကာ ပြည်တွင်းစျေးကွက်မှာ တကီလိုကို ၄၀၀၀ ကျပ်အထက် စျေးရရှိခဲ့ပါတယ်။
ထောပတ်သီး ကို ရှမ်းတောင် နဲ့ ရှမ်းမြောက် ၊ ပြင်ဦးလွင်ဒေသ တို့မှာ Hass အမျိုးအစားနဲ့ ဒေသထွက်မျိုးကို အများဆုံး စိုက်ပျိုးကြပြီး ပြည်ပကိုတင်ပို့တာက Hass အမျိုးအစား ထောပတ်သီးဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
