အမြန်လမ်းမှာ တလနီးပါးအတွင်း ယာဉ်မတော်တဆမှုကြောင့် ငါးယောက် သေ၊ ၂၈ ယောက် ဒဏ်ရာရ

ဩဂုတ် ၂၇ – ၂၀၂၆
SS (VOM)
အမြန်လမ်းမှာ အခု ဩဂုတ်လ ၂ ရက်နေ့ကနေ ၂၆ ရက်အထိ တလနီးပါး ကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈ မှု ဖြစ်ခဲ့ပြီး ငါးယောက် သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်‌ရေးအဖွဲ့က ရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။
မနေ့ ဩဂုတ် ၂၆ ရက်၊ မွန်းလွဲ ၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၇/၅ – ၂၆၇/၆အကြား၊ နေပြည်တော်ဘက်မှ မန္တလေးဘက် အသွားလမ်း၊ ရခိုင်တပ်တံတား မရောက်မီ ယာဉ်မတော်တဆမှုတခု ဖြစ်ခဲ့ပြီး လေးယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မောင်းအပါအဝင် အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ငါးယောက်၊ စုစုပေါင်း ခုနစ်ယောက် လိုက်ပါလာတဲ့ RLG နံပတ် Nissan X-TRAIL ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ တံတားအဝင်မှာ ကာရံထားတဲ့ ကွန်ကရစ်နံရံကို တိုက်မိကာ လမ်းလယ်ကျွန်းမှာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသားနဲ့ အမျိုးသမီး သုံးယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ယာဉ်တိမ်းမှောက်မှု အများစုက အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်တာရယ်၊ အခုနောက်ပိုင်း ပိုအဖြစ်များနေတာက ယာဉ်မောင်း အိပ်ငိုက်တာကြောင့် ဖြစ်နေတာတွေ တွေ့ရတယ်။ ပိုပြီး ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်။ ခရီးသွားတဲ့အခါ ယာဉ်ကြံ့ခိုင်မှု ရှိဖို့လည်း အရေးကြီးတယ်။ ကားတာယာဘီး ကြံ့ခိုင်မှုကအစ လိုအပ်တယ်။ ကားဘီးပေါက်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့ပါ” လို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အိပ်ငိုက်မှုကြောင့် ယာဉ်မတော်တဆမှုတွေ မဖြစ်စေဖို့ ယာဉ်မောင်းတွေအနေနဲ့ ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းတွေမှာ ခေတ္တနားနေကြဖို့နဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမို မောင်းနှင်ခြင်း မပြုကြဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်‌ရေးအဖွဲ့က အထူး သတိပေးထားပါတယ်။
ယာဉ်မတော်တဆမှုတွေဟာ အခု ဩဂုတ်လအတွင်း ၂ ရက်နေ့ကနေစပြီး ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာတွေ့ရပြီး အများစုက အိမ်စီးကားတွေဖြစ်ကာ ခရီးသည်တင်ယာဉ်တွေလည်း ပါဝင်နေပြီး ကားအင်ဂျင်ခန်း အပူလွန်ကဲလို့ ကားမီးလောင်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
“ကားတွေမှာ မီးသတ်ဆေးဘူးလည်း ဆောင်ထားသင့်တယ်။ များသောအားဖြင့် မီးသတ်ဆေးဘူးတွေ ပါမလာကြတာ တွေ့ရတယ်။ ယာဥ်စစ်တဲ့အချိန်ကျမှ မီးသတ်ဆေးဘူး ငှားတပ်တာမျိုးတွေ ရှိတယ်။ မလုပ်ကြပါနဲ့။ တကယ်အရေးကြုံလာရင် တကယ်ကို လိုအပ်တာပါ။ နောက်တခု မီးသတ်ဆေးဘူးက သက်တမ်းကုန်တာမျိုးလည်း ရှိတတ်တော့ ပုံမှန် စစ်ဆေးပေးဖို့လည်း လိုအပ်တယ်။ တချို့က ‌မီးသတ်ဆေးဘူးသာ ဆောင်ထားပေမယ့် ဒီအတိုင်း ပြီးပြီးရောသဘောမျိုး ထားတတ်ကြတယ်။ မီးသတ်ဆေးဘူးက သက်တမ်းကုန်သွားရင် ဖိအားကျဆင်းသွားတာတို့၊ ဆေးတွေ ခဲသွားတာတို့ ဖြစ်တတ်တယ်။ အသစ်လဲလှယ်တာ (ဒါမှမဟုတ်) ဆေးအသစ် ပြန်ဖြည့်တာတွေ လုပ်ပေးရမယ်” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ အမြန်လမ်းပေါ် လမ်းလျှောက်သူ၊ ဆိုင်ကယ်မောင်းသူ၊ ထော်လာဂျီ၊ ကျွဲ/နွားလှည်း‌ မောင်းသူတွေကြောင့်လည်း ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်နေတာကို တွေ့ရပါတယ်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်မှာ လမ်းလျှောက်သူ၊ လမ်းဖြတ်ကူးသူ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီ၊ သုံးဘီးယာဉ်တွေနဲ့ ကျွဲ/နွားလှည်းတွေ လုံးဝ သွားလာ ခွင့်ပြုမထားဘဲ အဲဒီ လူ၊ ယာဉ်၊ လှည်းတွေကြောင့် အမြန်လမ်းပေါ်မှာ မတော်တဆမှုဖြစ်ပါက ယာဉ်၊ လှည်း မောင်းနှင်သူ၊ လမ်းလျှောက်သူသာ အရေးယူခံရမယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW