ဩဂုတ် ၃၀ – ၂၀၂၆
SS (VOM)
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ရေဟာ ဒီကနေ့ ဩဂုတ် ၃၀ ရက်၊ မနက် ၁၁ နာရီအချိန် တိုင်းထွာချက်အရ မြို့ရဲ့ အန္တရာယ်ရေမှတ်အထက် ၇ လက်မကျော်ကို ရောက်ရှိလာပြီလို့ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
တနင်္သာရီမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေမှတ်က ၂၄ ပေဖြစ်ကာ လက်ရှိမှာတော့ ရေအမြင့်က သာမန် ရေမျက်နှာပြင်အထက် ၂၄ ပေ၊ ၇ လက်မကျော်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“ရေက တောက်လျှောက် ဆက်တက်နေမယ်ဆို၊ မြို့ကိုကာထားတဲ့ ရေကာတာကို ရေကျော်လာမယ်ဆိုရင်တော့ စိုးရိမ်စရာရှိတယ်။ ဘာလို့လဲဆို ရေကာတာက ၂၇ ပေဝန်းကျင်လောက်ပဲ ကာထားပေးနိုင်တာကြောင့်ပါ။ လောလောဆယ်တော့ မြို့ထဲက ရေ level ကို ရေစုပ်စက်နဲ့ ရေစုပ်ထုတ်ပြီး ထိန်းထားတယ်” လို့ တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူက ပြောပါတယ်။
မြို့ပြင်ရေ level ဟာ မြို့ထဲထက်မြင့်ပြီး မြို့ထဲနဲ့ မြို့ပြင်ဆိုပါက အနည်းဆုံး ၃ ပေ၊ ၄ ပေအထိ ကွာတာကြောင့် ရေကာတာကို ရေကျော်သွားမယ်ဆိုရင်တော့ ခဏလေးအတွင်းမှာပဲ တခြားဒေသတွေက ဆည်တွေကျိုးသလိုမျိုး ရေကျော်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ဒီအတိုင်း မိုးကလည်း တောက်လျှောက် ကြီးနေမယ်၊ မြို့ပြင်ကလည်း ရေကျော်ဝင်လာမယ် ဆိုရင်တော့ နေ့၊ ည အချိန်မရွေး စိတ်ပူစရာတော့ ရှိတယ်။ ဒါကြောင့် ၂၀၂၄ ခုနှစ်ကလို အခြေအနေမျိုး မဖြစ်အောင် ဒေသခံတွေကို လိုက်ပြီးသတိပေးတာမျိုး လုပ်ထားတယ်။ ရွှေ့ရမယ့်သူတွေကိုလည်း ရေဘေးကယ်ဆယ်ရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးထားတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ တနင်္သာရီမြို့နယ်အတွင်းက ဘုန်းကြီးကျောင်း၊ မြို့နယ်ခန်းမ အစရှိတဲ့ နေရာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ခြောက်ခု ဖွင့်ထားကာ မြို့ပေါ်ရပ်ကွက်တွေက အိမ်ထောင်စု (ခန့်မှန်းခြေ) ၇၀ ကျော်ကို ရွှေ့ပြောင်းပေးထားတယ်လို့ သိရပြီး ရွှေ့ပြောင်း အိမ်ထောင်စု အရေအတွက် အခုထက်လည်း ပိုများနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ ရေဝင်ရောက်မှုဟာ အနိမ့်ပိုင်းနေရာတွေမှာဆို ၅ ပေအထက် ရှိနေပြီး လူတရပ်စာထက် ကျော်တဲ့နေရာတွေလည်း ရှိနေကာ အမြင့်ပိုင်း နေရာတွေမှာတော့ ၁ ပေလောက်အထိ ရေဝင်နေတယ်လို့ သိရပါတယ်။
မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်နေ့လောက်ကစပြီး တနင်္သာရီမြို့နယ်မှာ ရေကြီးလာတာဖြစ်ကာ ရေတိုးနှုန်း တရက်ကို ၂ ပေလောက် ရှိနေပေမယ့် ၂၀၂၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ရေတိုးနှုန်းက တရက် ၃ ပေနှုန်း ရှိခဲ့တာကြောင့် အဲဒီနှစ်ရဲ့ ရေတိုးနှုန်းကိုတော့ မမီသေးဘူးလို့ သူက ပြောပါတယ်။
“၂၀၂၄ တုန်းကတော့ ရေတိုးတာ ပိုကြမ်းတယ်။ ဒီနှစ်ကတော့ နည်းနည်းလေး အချိန်ရသေးတယ် ပြောရမယ်။ ရေကာတာ အခြေအနေကိုလည်း စောင့်ကြည့်နေတယ်။ ရေအမှတ် တခုအထိကိုမှ မနားတမ်း ဆက်တိုက် တိုးနေမယ်ဆိုရင် မြို့ရေတံခါးကို ဖွင့်ဖို့တော့ရှိတယ်။ တနင်္သာရီရဲ့ မြို့အနေအထားက မြို့ကို ဆည်လိုမျိုး ကာထားတာ။ ပုံမှန်ဆိုရင်တော့ တာရိုးကြီးပေါ့။ ရေတက်လာပြီဆိုရင် ဒီတာရိုးက ရေကာပေးထားတယ်။ ကျွန်တော်တို့က ရေတက်လာပြီဆို ရေတံခါးကို ပိတ်လိုက်တယ်။ ပြီးရင် မြို့ထဲကရေတွေကို မြို့ပြင်ကိုစုပ်ထုတ်တယ်။ အဲဒီတော့ မြို့ပြင်ကရေက ပုံမှန် သဘာဝအတိုင်း ၂ ပေနှုန်းလောက် တိုးနေပေမယ့် မြို့ထဲကရေက တံခါးပိတ်ပြီး ရေစုပ်ထုတ်နေတာဆိုတော့ ရေတိုးနှုန်း နှေးသွားတာပေါ့” လို့ သူက ပြောပါတယ်။
နောက်ပိုင်းမှာ မြို့ပြင်ရေတိုးနှုန်း စိုးရိမ်စရာ အခြေအနေ ဖြစ်လာကာ ရေတိုး မြန်နေပြီဆိုရင်တော့ အနေအထားပေါ် မူတည်ကာ မြို့ထဲ၊ မြို့ပြင်ကို ရေ level ပြန်ညှိတဲ့အနေနဲ့ ရေတံခါး ဖွင့်ချဖို့ ရှိနေတယ်လို့ သူက ပြောပါတယ်။
“လက်ရှိ ရေကြီးနေတာက နှစ်ထပ်အိမ်တွေဆို တထပ်မြုပ်သွားပြီ။ တထပ်အိမ်တွေကတော့ အိမ်ခေါင်မိုးပဲ ပေါ်တော့တယ်။ ဒါကြောင့် ဩဂုတ် ၂၈ ရက်နေကစပြီး ဒေသခံတွေ ရွှေ့ပြောင်းနေရတာ ဒီနေ့အထိပဲ။ မိုးလည်း လောလောဆယ် ရွာနေသေးတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေကို ဒေသ အာဏာပိုင်တွေက ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေသလို မြို့နယ် ကြက်ခြေနီအသင်းကလည်း သောက်ရေသန့်တွေကို မျှဝေပေးနေတယ်လို့ သိရပါတယ်။
ဒါအပြင် ကားလမ်းရေကျော်မှုတွေလည်း ရှိနေတာမှာ တနင်္သာရီ – ကော့သောင်းလမ်းပိုင်းက ၃ ပေကျော်လောက် ရေမြင့်တက်နေတဲ့အတွက် လုံးဝ ဖြတ်သန်းသွားလာလို့ မရတော့ဘဲ တနင်္သာရီ – မြိတ် လမ်းပိုင်းကတော့ လမ်းပေါ် ရေ ၁ ပေလောက် မြင့်တက်နေကာ သွားလာလို့ ရနေသေးတယ်လို့ သူက ပြောပါတယ်။
တနင်္သာရီမြို့နယ် ရေကြီးမှုအခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက “တနင်္သာရီတိုင်းကနေ သတင်းလှမ်းပို့တာတွေတော့ ရှိတယ်။ လက်ရှိ ရေဝင်ရောက်နေတာက အနိမ့်ပိုင်းနေရာတွေဆို ၅ ပေဝန်းကျင်၊ အမြင့်ပိုင်းတွေမှာတော့ ၁ ပေလောက်ဝင်တယ်လို့ သိရတယ်။ လောလောဆယ်က မုတ်သုံလေ အားကောင်းနေတဲ့ အချိန်ဖြစ်တော့ မိုးကတော့ ဆက်ပြီး ကောင်းနေနိုင်သေးတယ်။ နောက်တခုကတော့ အောက်ကဒီရေ တောင့်ခံနေတဲ့ အချိန်ကျတော့ ရွာလိုက်တဲ့ မိုးရေတွေက အောက်ကိုမဆင်းဘဲနဲ့ ရေဝင်နေတဲ့ အနေအထားမျိုး။ ရေကျတဲ့အချိန်ကျရင်တော့ ပြန်ပါသွားမှာပါ” လို့ သူက ပြောပါတယ်။
လက်ရှိ တနင်္သာရီတိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းနဲ့ လောင်းလုံးမြို့နယ်တွေမှာသာ မိုးလေဝသစခန်း လေးခုရှိတာကြောင့် မိုး/ဇလ page မှာ တနင်္သာရီမြစ်ရဲ့ ရေမြင့်တက်မှုအခြေအနေ တင်ပြချက်ကို မတွေ့ရတာလို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
ဒါအပြင် လက်ရှိမှာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် – ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နေတာတွေ့ရပြီး နောက် ၂၄ နာရီအတွင်း အားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံဘက်ကို ဆက်သွားနိုင်ခြေ ရှိနေတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံဘက်ခြမ်းမှာ မိုးဆက်လက် ရနေနိုင်သေးတဲ့ အနေအထားမျိုး ရှိနေကာ ရခိုင်ပြည်နယ် မြစ်ဝကျွန်းပေါ်ဒေသတွေ၊ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးအနည်းငယ် ပိုနေဦးမယ်လို့ သူက ပြောပါတယ်။
မိုးရွာသွန်းမှု အခြေအနေဟာ လာမယ့် စက်တင်ဘာလဆန်း ၂ ရက်၊ ၃ ရက်လောက်မှာ ပြန်လျော့သွားနိုင်ခြေ ရှိပေမယ့် မြန်မာနိုင်ငံ အရှေ့ပိုင်းတွေနဲ့ မြောက်ပိုင်းတွေမှာတော့ မိုးအနည်းငယ် ပိုလာနိုင်တဲ့ အနေအထားမျိုး ရှိနေတယ်လို့ သူက ပြောပါတယ်။
Photo – CJ
