ဩဂုတ် ၃၁ – ၂၀၂၆
SN (VOM)
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း အစိုးရကို ဆန့်ကျင် တော်လှန်နေတဲ့ တပ်ဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှုတွေနဲ့ အရပ်သား ဖမ်းဆီး သတ်ဖြတ်ခံရမှုတွေ ဆက်တိုက် ရှိလာနေပါတယ်။
တချိန်တည်းမှာပဲ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာတာနဲ့အမျှ တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်းကြား စီးနင်းမှုတွေနဲ့ သတ်ဖြတ်မှုတွေလည်း ရှိနေပါတယ်။
ဒီကနေ့ ဩဂုတ် ၃၁ ရက်၊ မနက်ပိုင်းကလည်း မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမကြီးကျေးရွာမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ခေါင်းဆောင်လို့ ယူဆရတဲ့ ဦးစိုးလင်းထိုက် အပါအဝင် ၁၂ ယောက် သတ်ဖြတ်ခံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ထမ္မကြီးကျေးရွာဟာ မလှိုင်မြို့ရဲ့ အရှေ့တောင်ဘက် ၁၁ မိုင်အကွာလောက်၊ မိတ္ထီလာမြို့နယ် အစပ်လောက်မှာ တည်ရှိပြီး ဒီနေ့ မနက် ၆ နာရီဝန်းကျင်က အဲဒီ ကျေးရွာကို PDF အင်အား အယောက် ၅၀ လောက်၊ ကား လေးစီး၊ ဆိုင်ကယ်တွေနဲ့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး /ပလကဖအဖွဲ့ခေါင်းဆောင် အပါအဝင် ၁၂ ယောက်ကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၂၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာမှာ MDY PDF တပ်ရင်း (၅) ကနေ နှုတ်ထွက်ချင်သူ လူငယ် ရှစ်ယောက်ကို “နှုတ်ထွက်စကား ပြောရမလား” ဆိုပြီး ကြိုးတုပ်ဖမ်းဆီးကာ တပ်ရင်း (၅) ခေါင်းဆောင်တွေက မြစ်ကမ်းမှာ ပစ်သတ်၊ အလောင်းဖျောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါအပြင် ဩဂုတ် ၁၈ ရက်နေ့ကလည်း အမျိုးသမီးကြီး တယောက်ကို အမျိုးသားတချို့က ဓားနဲ့ခုတ်ကာ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် နှစ်ဖက်အပြန်အလှန် စွပ်စွဲခဲ့ကြကာ တပ်မတော်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ မီဒီယာတချို့မှာ ရေးသားဖော်ပြမှုတွေ ရှိခဲ့ပေမယ့် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကတော့ အဲဒီ သတ်ဖြတ်မှုမှာ ၎င်းတို့အဖွဲ့ ပါဝင်ပတ်သက််မှု မရှိဘူးလို့ ဩဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးဟာ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်သီရိရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်မင်းမင်းဆိုသူဖြစ်ပြီး “ဒလန်” အဖြစ် စွပ်စွဲချက်နဲ့ အသတ်ခံခဲ့ရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဖန်ခါးပင်ရွာမှာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ အမရာမောင် (ခ) စွန်ရဲမ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
ဒါအပြင် ဇွန်လ ၂၉ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲ့ စခန်းငယ် နှစ်ခုနဲ့ ပလဖ ရဲဘော်တွေ ထိုင်နေတဲ့ စားသောက်ဆိုင်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ မုံရွာမြို့နယ် ပလဖတာဝန်ခံ ကိုအာကူး အပါအဝင် ရဲဘော် ငါးယောက်နဲ့ အရပ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဇွန်လ ၂၆ ရက်နေ့ကလည်း ယင်းမာပင်ခရိုင်၊ တပ်ရင်း (၆) တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရပြီး သေဆုံးခဲ့တာမှာ ဒီအမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် အပါအဝင် ခရိုင်တာဝန်ရှိသူ တချို့ကို ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ NUG က အသိပေးထားပါတယ်။
ဗိုလ်ပုလဲမောင် (ခ) ပီတာကို ဇွန်လ ၂၆ ရက်က ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ဦးဆောင်ပြုလုပ်တဲ့ အစည်းအဝေးမှာ ဗိုလ်စွမ်းသူမောင်ရဲ့ တပည့်ဖြစ်သူ ရဲဘော်ငဖြိုးက သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
အခုလို သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသူတယောက်ကတော့ တော်လှန်ရေး လုပ်ပြီဆိုပါက စစ်စည်းကမ်းတွေ ရှိဖို့လည်း လိုအပ်သလို စိတ်ပိုင်းဆိုင်ရာ ပတ်သက်တာမျိုးတွေကိုလည်း အရင်ဆုံး သင်ကြားပေးပြီး ပြင်ဆင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
တော်လှန်ရေးတခု လုပ်တယ်ဆိုတာဟာ အယူဝါဒ တခုခု (ဥပမာ – ကွန်မြူနစ်ဝါဒလိုမျိုး၊ ဒါမှမဟုတ် ဘာသာရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်လိုမျိုး) တွေနဲ့ ပတ်သက်ပြီးလုပ်တဲ့ တော်လှန်ရေးမျိုးကသာလျှင် ရေရှည် တည်တံ့တဲ့သဘော ရှိတယ်လို့ ပြောပါတယ်။
“အခု တွေ့နေရတဲ့ တော်လှန်ရေး ဆိုတာက စိတ်ခံစားချက်ပေါ်မှာ အခြေခံတဲ့ တော်လှန်ရေးသဘောမျိုး ဖြစ်နေတယ်။ ဘာလိုချင်တာလဲဆိုတော့ လက်လွှတ်လိုက်ရတဲ့ အာဏာကို ပြန်လိုချင်တာပေါ့။ နောက်တခုကတော့ တော်လှန်ရေးတပ်တွေ ဖွဲ့တဲ့အခါမှာလည်း စစ်စည်းကမ်းတွေကို သေသေချာချာ သင်ကြားတာ အားနည်းတယ်။ လက်နက်ကိုင်တတ်အောင်ပဲ သင်လိုက်ပြီးတော့ ‘တိုက်တော့’ ဆိုပြီး တိုက်တဲ့အခါကျတော့ အချို့က စစ်စည်းကမ်းလည်း နားလည်မှု အားနည်းကြတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် တပ်တွေကို ဖွဲ့စည်းတဲ့အခါမှာလည်း စနစ်တကျမရှိသလို တပ်တွေကို ဦးဆောင်ခိုင်းတဲ့ လူတွေကလည်း နီးစပ်ရာ၊ လက်သင့်ရာ၊ ယုံကြည်ရတဲ့သူကို ခေါ်ပြီး ခေါင်းဆောင်ခန့်ထားမျိုးလို့ သူက ပြောပါတယ်။
“ဒါက ပထမ တနှစ်၊ နှစ်နှစ်က မသိသာဘူး။ ရေရှည် ဖြစ်လာတဲ့အခါကျတော့ အာဏာ အကျိုးစီးပွားတွေ ပါလာတယ်။ ငွေရေးကြေးရေးတွေ ပါလာတော့ အချင်းချင်း ပြဿနာဖြစ်လာကြပြီး၊ အချင်းချင်း သတ်တာဖြတ်တာတွေ ရှိလာကြတယ်။ လက်နက်ကိုင် တော်လှန်ရေး လုပ်တယ်ဆိုတာက နေ့ချင်းညချင်း ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ အချိန်ယူပြီး အကြာကြီးလုပ်ရတဲ့ ကိစ္စမျိုးဖြစ်တယ်။ အခုနောက်ပိုင်း သူတို့ ပြောနေတာကတော့ အချိန်ကြာမယ်လို့ ပြောရင် လူတွေက ထောက်ခံကြမှာမဟုတ်လို့ တနှစ်၊ နှစ်နှစ်နဲ့ပြီးမယ်လို့ လိမ်ခဲ့တယ်ဆိုပြီး သူတို့ကိုယ်တိုင် ပြန်ပြောနေတာတွေ ရှိလာတယ်” လို့ သူက ပြောပါတယ်။
လက်နက်ကိုင်တော်လှန်ရေး ဆိုတာဟာ နိုင်ချင် နိုင်နိုင်တာမျိုး ဖြစ်ပေမယ့် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ်၊ ၁၀ နှစ်အတွင်း မပြီးနိုင်ဘဲ လက်ရှိ တိုက်ပွဲ ဖော်ဆောင်နေတဲ့ institution က ဘယ်လောက် အားနည်း၊ ချည့်နဲ့နေပြီလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်လို့ သူက ပြောပါတယ်။
ဒီလိုလုပ်ရပ်တွေဟာ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းဇာတ်ထဲကလို ဇာတ်တူသားစားလို့ အင်အားချိနဲ့သွားတာမျိုးဖြစ်သွားနိုင်သလို တော်လှန်နေတဲ့လူငယ်တွေကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာမယ် ဖြစ်နေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
လက်ရှိ ဖော်ဆောင်နေတဲ့ တော်လှန်ရေးကို ပြည်လည် တည့်မတ်မယ် ဆိုရင်တောင် ရေရှည်သွားရမယ့် သဘောမျိုး ဖြစ်နေပြီး ငွေရေးကြေးရေး၊ လူ့စွမ်းအား အရင်းအမြစ်တွေ လိုလာမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေအပြင် ပြည်တွင်းမှာ တိုက်ပွဲ ဖော်ဆောင်နေတဲ့ မဟာမိတ် တိုင်းရင်းသားတွေရဲ့ အကူအညီတွေလည်း ထပ်မံ လိုအပ်လာမှာဖြစ်ကာ ‘ကိုယ့်အတွက် အဓိက ဘာကို လိုအပ်လဲ’ ဆိုတာကိုလည်း ပြတ်ပြတ်သားသား သိဖို့လိုတယ်လို့ သူက ပြောပါတယ်။
လက်ရှိ တော်လှန်ရေးရဲ့ သဘောသဘာဝဟာ
“ငါတို့ အကုန်ရမှ ဖြစ်မယ်၊ နင်တို့ အကုန်ဆင်းပေး” ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိနေကာ တော်လှန်ရေး ဆုံးခန်းတိုင်ပြီလား ဆိုတာကိုတော့ ပြောရခက်ပြီး လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားပြီး ဘယ်လောက်အထိ လုပ်မလဲ ဆိုတာကသာ အဆုံးအဖြတ် ပေးသွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
တဖက်မှာ အာဏာရယူထားတဲ့ အစိုးရက တော်လှန်တယ်ဆိုတဲ့လူငယ်တွေကို အချိန်မလွန်ခင် ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ဖိတ်ခေါ်မှုတွေရှိနေပါတယ်။
Photo – CJ
