အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်တဲ့ ကလေး – တမူးအာရှလမ်းပြန်ဖွင့်

စက်တင်ဘာ ၁ ၊ ၂၀၂၆
GG (VOM)
မြန်မာ – အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – တမူး အာရှလမ်းမကြီးကို အစိုးရက ဒီကနေ့ စက်တင်ဘာ ၁ ရက်ကစပြီး သွားလာခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ် ။
ကလေး – တမူး အာရှလမ်းမကြီးပြန်ဖွင့်ပြီဖြစ်တဲ့အတွက် ခရီးသည်တင်ကားတွေလည်း စတင်ပြေးဆွဲနေပြီး ဖြစ်တယ်လို့ သိရပါတယ်။
” ဒီနေ့စတင်ပြေးဆွဲတာပါ။နေ့ချင်းပေါက်ရောက်နိုင်ပါတယ်။ဒီနေ့မှစသွားရတာဆိုတော့ ဂိတ်ကြေး လမ်းကြေးတွေဘယ်လိုကျမယ် မသိသေးတော့ လမ်းစရိတ်ကတော့ နောက်ရက်လောက်မှ သိရမယ်။ကားခလည်း ဘယ်လောက်ဆိုပြီး မသတ်မှတ်ရသေးဘူး။ ဒီနေ့သွားတဲ့ ခရီးသည်တွေကို ကလေးကိုရောက်မှ ကုန်ကျမှုတွက်ပြီး ပြောရမှာပါ။ သူမနာ ကိုယ်မနာပေါ့။လမ်းကြေးဂိတ်ကြေးမများရင်တော့ ကားခစျေးကျမှာပါ ။ဆီစျေးကလည်း ကလေးမှာ တလီတာကို ၁၂၀၀၀ ရှိတယ်။ ” လို့ ကလေး – တမူး ကားပြေးဆွဲသူကပြောပါတယ်။
မနေ့က ဩဂုတ် ၃၁ ရက်နေ့ ညနေပိုင်းကတည်းက ကားတချို့ သွားလာမှုရှိခဲ့ပြီး ဒီနေ့မနက်မှာတော့ ကားအများစု စမ်းသပ်သွားလာမှုပိုများကြောင်း ၊ ခရီးသွားမယ်ဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ ခရီးသွားကြောင်းထောက်ခံစာ ၊ မှတ်ပုံတင် ပါဖို့လိုတယ်လို့ သိရပါတယ်။
ကလေး – တမူး အာရှလမ်းခရီးစဥ်မှာ လမ်းကြေးဂိတ်ကြေးတွေကို အဆမတန် တောင်းတာမျိုးမရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သေချာကြီးကြပ်ပေးဖို့ ပြည်သူတွေက တောင်းဆိုမှုရှိနေ ပါတယ်။
“ကားသမားတွေကတော့ ဂိတ်ကြေး/လမ်းကြေးတွေ အဆမတန်တောင်းမှာကို စိတ်ပူနေတယ်။လမ်းဂိတ်ကြေးတွေ အဆမတန်တောင်းရင် ကုန်တန်ဆာခမကျနိုင်ဘူး ။ဒါဆိုရင်ကုန်စျေးနှုန်းလည်း မကျနိုင်ဘူး။ဒါဆို ပြည်သူတွေပဲ အခက်တွေ့နိုင်တယ်။ဂိတ်တွေကလည်းတမူး – ကလေး လမ်းရွာစဉ်တလျှောက် မနည်းဘူး။လမ်းမှာ အများကြီးရှိတာတော့ လုံခြုံရေးအရကောင်းပါတယ်။မကောင်းမှာက အဲဒီ ဂိတ်ကြေးတွေပဲ ။ လမ်းပွင့်တော့ တခုတော့ ကောင်းသွားတယ်။ခရီးသွားတွေ အချိန်မကြာပဲ သွားနိုင်ပြီ။
အရင်ကတော့ India ဘက်ကနေ ကွေ့ပတ်ပြီး သွားနေရတာလေ။” လို့ တမူးဒေသခံက ပြောပါတယ် ။
ကလေး – တမူး အာရှလမ်းမကြီး တလျှောက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ပျက်စီးခဲ့တဲ့ ခမ်းပါတ် တံတား ၊ တွီဗန်တံတားနဲ့ နန်းမွန်းတားတံတားတို့ကို ပြန်လည်ပြုပြင် ပြီးသွားတဲ့အတွက် အစိုးရက အာရှလမ်းမကြီးကို သွားလာခွင့်ဖွင့်ပေးလိုက်တာပါ။
အရင်ကဆိုရင် ကလေးကနေ တမူးကို သွားပါက ခရီးသည်တွေအနေနဲ့ ကမ္မကြီးအထိကို ခရီးသည်တင်ကားနဲ့သွားရပြီး အဲ့ဒီနေရာကမှတဆင့် ဆိုင်ကယ် ကယ်ရီငှားပြီး အိန္ဒိယနိုင်ငံကွင်းလမ်းမှတမူးအထိသွားရတာ ဖြစ်ပါတယ်။
ကလေး – တမူးအာရှလမ်းမကြီး ကိုပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ဒေသတွင်း ကုန်သွယ်ရေး အဆင်ပြေလာနိုင်ပြီး ဒေသခံတွေအတွက် ကျန်းမာရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လမ်းပန်းဆက်သွယ်ရေး အားလုံး အဆင်ပြေသွားမှာဖြစ်သလို အိန္ဒိယ – မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလည်း ပြန်လည်စတင်နိုင်မယ့် အခြေအနေရှိတယ်လို့ သိရပါတယ်။
ကလေး – ခမ်းပါတ် – တမူး အာရှလမ်းမကြီးကိုတော့ အစိုးရတပ်တွေက ပြီးခဲ့တဲ့ ဇူလိူင် လကုန်လောက်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
သမ္မတကြီး ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဥ်မှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ တမူး-ကလေး ကုန်သွယ်ရေးလမ်းကို အပြည့်အဝ ထိန်းချုပ်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရတပ်စစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW