စက်တင်ဘာ ၉ ၊ ၂၀၂၆
CC (VOM)
နေပြည်တော် ၊ပျဥ်းမနားမြို့နယ်ထဲမှာ ဒုဗိုလ်မှူးကြီး နဲ့ အရာခံဗိုလ်တို့ စီးလာတဲ့ဆိုင်ကယ်ကို ပြည်ထဲရေး ဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိဖြစ်သူ ဗိုလ်ကြီးက ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က စက်တင်ဘာ ၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ ပျဥ်းမနားမြို့နယ် ၊ရွာကောက်ရပ်ကွက်၊ ပေါင်းလောင်း(၁)ရပ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ် မှာ ဗိုလ်ကြီးဝင်းနိုင်ထွန်းမောင်းလာတဲ့ကားက ဒုဗိုလ်မှူးနဲ့ အရာခံဗိုလ်တို့စီးလာတဲ့ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ ဝင်တိုက်မိခဲ့တာ လို့သိရပါတယ်။
အဲဒီယာဥ်တိုက်မှုကြောင့် ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်း (ထဆရ- ၁ တပ်ရင်းမှူး၊ ဆအတ-၃၊ အင်းတကော်သို့တပ်ပြောင်းသူ)က ဆေးရုံမှာ သေဆုံးခဲ့ပြီး ထဆရ(၁)မှဒုအရာခံဗိုလ် ပြည့်ငြိမ်းက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
” ယာဥ်တိုက်မှု ဖြစ်စဥ်ကမှန်ပါတယ်။ ည ၁၁ နာရီလောက်ပါ ။ ကျွန်တော်တို့ ရောက်သွားတော့ လူနာတွေကို ဆေးရုံပို့လိုက်ပါတယ်။ ထိခိုက်ဒဏ်ရာရတာနှစ်ယောက်ပါ ။ကျွန်တော်တို့ပို့တုန်းကတော့ မဆုံးသေးဘူး ။ ” လို့ ဒေသခံ လူမှုကူညီရေး သမားက ပြောပါတယ်။
ဒုအရာခံဗိုလ် ပြည့်ငြိမ်းက ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့ပြီး ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – CJ
