လမ်း​ပေါ်သွား စုံ/မ စနစ် ဖျက်သိမ်း၊ ဆီဖြည့်တင်းမှုအတွက် QR Quota စုံ/မ စနစ် ဆက်ကျင့်သုံးမယ်

စက်တင်ဘာ ၉ – ၂၀၂၆
SS (VOM)
မော်တော်ယာဉ်တွေ စုံ/မ စနစ်နဲ့ မောင်းနှင်သုံးစွဲခြင်းကို စက်တင်ဘာ ၉ ရက်မှ စတင်ကာ ပယ်ဖျက်လိုက်ပြီဖြစ်ပြီး စင်သုံးဆီ ဖြည့်တင်းခြင်းအတွက် QR Quota စုံ/မ စနစ်ကို ဆက်လက် ကျင့်သုံးမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
မော်တော်ယာဉ် မောင်းနှင်မှုကို စုံ/မ စနစ်နဲ့ ကျင့်သုံးခဲ့တဲ့အတွက် စွမ်းအင် ချွေတာနိုင်ပေမယ့် ပြည်သူတွေ သွားရေးလာရေး အခက်အခဲဖြစ်နေတာကိုလည်း နားလည်ပြီး ပြည်သူတွေ ပူးပေါင်း ပါဝင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ သူက ပြောပါတယ်။
“လက်ရှိမှာတော့ နိုင်ငံ့စွမ်းအင်နဲ့ ပတ်သက်ပြီး အခြေအနေတွေ တည်ငြိမ်စ ပြုလာပြီမို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားပြီး လက်ရှိအသုံးပြုနေတဲ့ မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြား မောင်းနှင်ရတဲ့စနစ်ကို ပယ်ဖျက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါပေမယ့်လည်း နိုင်ငံ့ရဲ့ စွမ်းအင်လုံခြုံရေးနဲ့ အများပြည်သူအကျိုး ဖြစ်ထွန်းစေရေးအတွက် မော်တော်ယာဉ် ဆီဖြည့်တဲ့နေရာမှာတော့ QR Quota စုံ/မစနစ်ကို ဆက်လက် ထားရှိဦးမှာဖြစ်တာကြောင့် ပြည်သူတွေ ဆက်လက်ပူးပေါင်း ပါဝင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ပြည်သူတယောက်က “စုံ/မ စနစ်နဲ့ ဖျက်သိမ်းတာကို ကြိုဆိုပါတယ်။ အဓိက က ခရီးသွားချိန်တွေ ဆီဖြည့်ရတာ စုံ/မ မခွဲခြားဖို့ဘဲ လိုတာပါ။ ဆီကိုလည်း တက္ကစီကားတွေလို ကီလိုမှတ်ပြီး အိမ်စီးကားတွေကို ထည့်ပေးသင့်တယ်။ ဒါဆို ဆီမှောင်ခိုစျေးကွက်လည်း ပျောက်သွားမယ်။ အားလုံးလည်း အဆင်ပြေမယ် ဆီတွေလည်း အလေအလွင့်မရှိ ဖြစ်သွားမယ်” လို့ ပြောပါတယ်။
နောက်ထပ် ပြည်သူတယောက်လည်း စက်သုံးဆီကို စုံ/မစနစ်နဲ့ ပေးတာဟာ သဘာ၀ကျပေမယ့် limit နဲ့ ပေးတာတော့ မဖြစ်သင့်ဘဲ ကောင်းကျိုးထက် ဆိုးကျိုးပိုများကာ မှောင်ခိုစျေးကွက်ကို ပိုပြီး တွန်းအားဖြစ်စေတယ်လို့ ပြောပါတယ်။
“အရင်ပုံမှန်ချိန်ဆို နယ်မှာ ဆီတဘူး အပြင်ဆိုင်စျေးက ၃၀၀၀၊ ၄၀၀၀ လောက်ပဲ ရှိတာ။ QR နဲ့ သတ်မှတ်လိုက်တော့ တသောင်းခွဲလောက် ဖြစ်သွားတယ်” လို့ သူက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံ့စွမ်းအင်လုံခြုံရေးနဲ့ စက်သုံးဆီ ချွေတာရေးအတွက် မော်တော်ယာဉ်သုံးစွဲမှုအတွက် စုံ/မ စနစ်ကို ၂၀၂၆ ခုနှစ်၊ မတ် ၇ ရက်ကနေ စက်တင်ဘာ ၉ ရက်အထိ ကျင့်သုံးခဲ့တာဖြစ်ပြီး ခြောက်လကျော် ကြာမြင့်ခဲ့ပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW