ဆူးငှက်
လယ်ကွင်းထဲက တစ်ထပ်တိုက်နီလေး
—————————————
နန်းဦးလွင် မိသားစု ကဖေး က မမ၏ ဖခင်က ဦးပြုံးမောင်တဲ့။ သူက ရွှေဘိုဆိတ်ခွန်သားဖြစ်ကာ စီးပွားရေး ဘွဲ့ရ ဖြစ်သည်။ ဦးပြုံးမောင်က အင်္ဂလိပ်စာ ကျူရှင်လည်း ပြခဲ့သတဲ့။ မမ ၏ မိခင်က ဒေါ်လဲ့လဲ့တဲ့။ သူ့ဖခင်က ဓားတန်း ဦးသန့်နှင့် ညီအစ်ကို ဝမ်းကွဲတော်သူ ဘကြီးစိန်၏ သမီးဖြစ်ကာ ဒေါ်လဲ့လဲ့ ကိုယ်တိုင်ကလည်း ငယ်စဉ်က အတော်ချောသူ ဖြစ်လိမ့်မည်။ ဘကြီးစိန်၏ အိမ်က ဘူးကုန်းရွာ အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်း၏ မြောက်ဘက် အောင်ပင်လယ်ကွင်း ကန်လယ်အနီးမှာ ရှိသည်။ ကျယ်ဝန်းသော ခြံကြီးထဲတွင် ကိုလိုနီခေတ်ဗိသုကာပုံစံ တစ်ထပ် အုတ်တိုက်နီလေး ဖြစ်သည်။
ကျွန်တော်သည် ရှေးယခင်ကတည်းက ရန်ကင်းတောင်သို့သွားတိုင်း အောင်ပင်လယ် ကွင်းထဲက သစ်ရိပ်ဝါးရိပ် ကောင်းကောင်းနှင့် တစ်ထပ် အုတ်တိုက်နီလေးကို သဘောကျမိနေသည်။ အိမ်မကြီးနှင့် မီးဖိုဆောင် ကိုလည်း အမိုးပါ စင်္ကြန်လေးနှင့် ကူးထားတာကိုက ချစ်စရာကောင်းလှ၏။ ထိုတိုက်လေးထဲမှာ ဓားတန်း ဦးသန့်တို့ မြို့မငြိမ်းတို့ ညအိပ်ညနေ နားနားနေနေလာနေကြသတဲ့။ တစ်ခါတစ်ရံ အပေါင်းအသင်း များလည်းပါလာကြပြီး သောက်ကြစားကြ ဆိုကြ တီးမှုတ်ကြ သတဲ့။ ပိုင်ရှင် ဘကြီးစိန်ကလည်း သဘော မနော ကောင်းကာ ပျော်ပျော်ကြီး နေတတ်သတဲ့။
တကယ်တော့ အောင်ပင်လယ်ကွင်းထဲက ထိုတစ်ထပ်တိုက်လေးကနေ ဂန္ထဝင်မြောက် သီချင်းတစ်ပုဒ် ထွက်ပေါ် ခဲ့တာကတော့ အမှတ်တရရှိလှသည်။ အနုပညာသမားဆိုတာ သည်လို၊ အနုပညာအလုပ်ဆိုတာ သည်လိုဟု စံပြုရမည့် ကိစ္စဖြစ်သည်။ ဒါကို အနုပညာမဲ့သူများက ဘယ်လို နားလည် ခံစားနိုင်ကြမလဲလေ။ အရည်မရ အဖတ်မရ အလုပ်ဟုပင် အပြစ်တင်ကြလိမ့်ဦးမည်။ တကယ်တော့ အနုပညာအလုပ်ကို အပူအပင်ကင်းကင်း အနှောင်အဖွဲ့ ကင်းကင်း နှင့် ဖန်တီး လုပ်ဆောင်ရခြင်းက ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ တန်ဖိုးပင် မဟုတ်လော။
ရွာလုဟန်လို့ နေနန်းတိမ်ခိုခို
———————————–
“ရွာလုဟန်လို့ နေနန်းတိမ်ခိုခို
ဘာပြုမဲ့မာန်ပို၊ မိုးညိုတိမ်ကြီး … ဆီးလို့လေ …
ဝေစီစီ …၊ ရွှေဖီညှာညွတ်ကယ်၊ ပန်းဝတ်ကသင်း။
အာကာယံ၊ မြလျှံညိုလဲ့ ဆိုင်းလို့လေ …၊
မြိုင်ရဂုံ၊ မှုန်မှုန်ငွေနှင်းငယ် …
လွမ်းလေကညှင်း …။”
မြဝတီမင်းကြီး ဦးစက “ဘုံပျံနေနန်း” ပတ်ပျိုးကြီးထဲတွင် မိုးဥတုကို အထက်ပါ အတိုင်း ဖွဲ့ဆိုခဲ့၏။ “ဘုံပျံနေနန်း” ပတ်ပျိုးကြီးထဲတွင် မိုးကိုသာ မဟုတ်၊ နွေကိုရော၊ ဆောင်းကိုရော ပီပြင်စွာ ဖွဲ့ခဲ့သည်။ ၁၉၃၀ ဝန်းကျင်ကာလ မန္တလေး က ဂီတအမြင်ကျယ် လူငယ်လေးတွေ ဥရောပဂန္ထဝင် တေးကြီးဘွဲ့ကြီးများကို စတင် ထိတွေ့လိုက်စားကြတော့ ဗီသိုဗင်၏ ဆင်ဖိုနီနံပါတ် ၅ ကို အားထုတ် နားဆင်ရင်း ရာသီဘွဲ့ အသ ံသဘောတရားများကို တီးခေါက်မိကြသည်။ ဗီသိုဗင်ကလည်း Winter, Autumn, Spreing, Summer ဟူသော ဥရောပ ၄ရာသီကို ဂီတဖြင့် ဖွဲ့သီခဲ့သည် မဟုတ်ပါလော။
Winter ဟူသော ဆောင်းမှာ ဆောင်းနှင့် လိုက်ဖက်သည့် တယော၏ အတွဲ့အနွဲ့၊ Autumn ဆောင်းအဝင် သစ်ရွက်တွေ ကြွေချိန် ဘယ်သံ ကလယ်ရီနက်၊ ဘတ်(စ)ဆန်း စသည့် ငြီးငွေ့ဖွယ် အသံများ၊ Spring ဟူသည့် မိုးရာသီမှာ မိုးဓာတ်နှင့် သစ်ရွက်နုလေးတွေ တဖြည်းဖြည်း ထွက်ပြူ လာပြီး ငှက်ကလေးတွေ တီတီတာတာ ပျော်မြူး လာကြချိန်၊ အသွားဆော့ အသွားနော့လေးတွေနှင့် ညာသံတယောနှင့် မြူးမြူးကြွကြွ တေးသံ။ Summer နွေဥတု ရောက်ပြန်တော့ နွေသရုပ် ကိုဖော်သည့် Brass Saction Tuba ကို ထရန်ဘုန်း၏ ခြိမ်းခြောက်သံများနှင့် ဆင်ဖိုနီ အရသာ ကို မန္တလေးသား လူငယ်လေးတစ်စု သဘောခွေ့ပြီး၊ အရသာတွေ့ သွားကြသည်။
ငါတို့လည်း လုပ်လို့ ရတာပဲ
——————————
သည်တော့ မန္တလေးသားများ ပီပီ မဟာဂီတကို အရိုးအသားထိ လေ့လာ လိုက်စားကြသူများမို့ ဗီသိုဗင်၏ ဂီတကို နားဆင် သဘောပေါက် သွားသည်နှင့် သူတို့ တက်ယူရရှိထားသည့် “ဘုံပျံနေနန်း” သီချင်းကြီးထဲက မြဝတီမင်းကြီး ဦးစ၏ “နွေ၊ မိုး၊ ဆောင်း” ရာသီဘွဲ့များကိုပြေးမြင်မိကြတော့သည်။ ဝါသနာရှင် အဆင့်မျှ သာမက ပါရမီရှင်များမို့ “ငါတို့လည်း လုပ်လို့ရတာပဲ” ဟူသော ဘဝင်စိတ်က ခေါင်ခိုက် လာကြသည်။
“ဘုံပျံနေနန်း” အစပိုင်းထဲက “ညွှန်းမပြေလို့၊ နေခက်အောင်သာ၊ နတ်ကယ် ဘယ့်နှယ် ဖန်လာရေး၊ ရွှေညာဉ့်လွှာရုံ ခြုံလည်း ချမ်းဝန်လေး” အပိုဒ်နှင့် “သော်တာ ပေါ်လာ၊ ရောင်ယွက် ဖြာကွန့်၊ စကြာစုံစုံရွှေ၊ သီဝေမျှော်ကာ၊ ဖြာယှက်ရောင်ဝှန့်၊ သာလွန် ပူမြဲပန်းလှမ်းနိုင်” အပိုဒ်တို့ကို တယောအုပ်စုနှင့် လွမ်းချင်း၊ “မြမြမောင်းမောင်း၊ ပြာအညိုရွှေ၊ တိမ်ခြေ ငွေနှင်းပေါင်း၊ ဝေစီစီ လေပြည်လေညှင်း၊ လုံနိုင်အောင်သာ” အစချီအပိုဒ်မှာ တူဘာ(Tuba) တို့၊ ထရန်ဘုန်း (Trombon) တို့၏ အခြိမ်း အခြောက်နှင့်အတူ “ငှက်သံ ညံစီစီ၊ ပင်ညီဝေ၊ ရွှေဖီ ခိုင်ညာလန်း၊ မြမြ မြန်းမြန်း၊ ငုံပြေပြေ မြိုင်လုံး လွမ်းဖွယ်ဆွေ” စသော အပိုဒ်မှာ တယော၊ ကလယ်ရီနက်၊ ထရမ်ပက်တို့ နှင့် မြူးပြ၊ ဆော့ပြ ချင်လာကြသည်။
မြဝတီမင်းကြီး၏ စာသားများကို တစ်လုံးစီ၊ တစ်ကြောင်းစီ၊ တစ်ပိုဒ်စီ နားထောင် ခံစားခြင်းထက်၊ ဂီတအသံဖြင့် နက်ရှိုင်းစွာ ဖွဲ့သီ စပ်ဟပ်ပြခြင်းကို ဆောင်ရွက်လိုလားကြသည်။ ဗီသိုဗင်၏ ဆင်ဖိုနီအမှတ် ၅ နားထောင် ခံစား သုံးသပ်ပြီး ကတည်းက ထိုလူငယ်လေးတွေမှာ အိပ်မက်တွေ ကိုယ်စီကိုယ်စီနှင့် တက်ကြွနေကြတော့၏။ ရှေ့တော်ပြေးဝင်းက ပန်းချီ ကိုဘသက်တဲ့၊ တရုတ်တန်းက ကိုဘညိန်းတဲ့၊ ဓားတန်းရပ်က ကိုဘဒင်တဲ့၊ ကိုသန့် တဲ့၊ ရှုမဝပန်းချီဆရာ ကိုဘငွေတဲ့၊ ကိုဘအုန်းတဲ့၊ ကိုဘကြင်တဲ့၊ ဆိုင်းတန်းက ကိုမြသိန်းတဲ့၊ ဒေါင်းရိုးက ကိုရင်လေးတဲ့ …။
ကိုယ်စီကိုယ်စီ ကျွမ်းကျင်သောတယော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာ၊ ပုလွေ စသော တူရိယာများအပြင်၊ ဝါသနာရှင် ဦးတော်လုံ ဆိုသူ တရုတ်အမျိုးသား အပေါင်ဆိုင်ပိုင်ရှင်၏ ကောနက်တွေ၊ ထရမ်ပက်တွေ၊ ကလယ်ရီနက်တွေ၊ ဆိုက်ဆိုဖုန်းတွေ၊ ထရန်ဘုန်းတွေ စသည့် စသည့် တူရိယာပစ္စည်းတွေ ရရှိ ကျွမ်းဝင်လာကြတော့ ကနဦးမက်ခဲ့သော “ဆင်ဖိုနီအိပ်မက်ကို” ကို အကောင်အထည် ဖော်နိုင်ဖို့ လမ်းပွင့်လာသည့် သဘော ဖြစ်တော့သည်။
ထို့နေ့က … ကဆုန်၊ နယုန်၏ မိုးဦးလေဦးကာလဖြစ်မှာပေါ့ …
အောင်ပင်လယ်ကွင်းထဲက တစ်ထပ်တိုက်လေးမှာ
—————————————————
သင်္ကြန်ပြီး ကတည်းက အတွေ့စိပ်လာသော ဂီတပါရမီရှင် လူငယ်လေးတွေက အခုတစ်လော မနက်လင်းတာနှင့် အောင်ပင်လယ်ကွင်း ကန်လယ်မှာ ရှိသော ဘကြီးစိန်တိုက်မှာ စုမိနေကြသည်။ ယဉ်ပျံရွာ ထန်းတောက ပုစွန်ဆိတ်ခုန်နှင့် ကြွက်ကြော်လည်း ပါနိုင်တာပေါ့။ ဓားတန်းကိုသန့်နှင့် ဝမ်းကွဲညီအစ်ကို ဝမ်းကွဲတော်စပ်သူ ဘကြီးစိန်က လူ့ဘ၀ လူ့လောကက ိုဂျစ်ကန်ကန် အရွဲ့တိုက်နေချင်သူ ပီပီ၊ လူသူ ကင်းဝေးသည့် အောင်ပင်လယ်ကွင်း ကန်လယ်ရှိ ခြံကြီးထဲမှာ တစ်ထပ် အုတ်တိုက်လေးမှာပဲ ခပ်ပျော်ပျော်နေသည်။ သင်္ကြန်အပြီး မိုးဖြိုင်ဖြိုင် မကျခင် ပူပြင်းလှသော မန္တလေးနွေကို ခုခံဖို့က ဂီတပါရမီရှင် လူငယ်လေးတွေအဖို့ ပုစွန်ဆိတ်ခုန်နှင့် ဘကြီးစိန်ခြံက လိုက်ဖက်ညီသည် မဟုတ်ပါလား။
ကွင်းပေါ်ကလေကအပူကိုဖယ်ထုတ်သည်။ တပြန့်တပြောကွင်းထဲမှာပျိုးခင်းနှင့် ရိုးပြတ်တွေ ရှိမည်၊ အိပ်တန်း ပြန် ကျေးငှက်တွေရှိမည်။ လှည်းစာမထိုး၍ ကျီကျီအီသော လှည်းဝန်ရိုးသံရှိမည်။ နွားကျောင်းသား၏ နွားငေါက်သံရှိမည်။ ကောက်ရိုးတင်ခါးပြတ်မြင်းလှည်းဆီကစည်းချက်ကျ မြင်းခွာသံခွပ်ခွပ်ရှိမည်။ ဟိုး အရှေ့ ရိုးမအခြေမှ ပျပျမျှ မြင်ရသော ရန်ကင်းတောင်တော် ရှိမည်။ ဒီထက် ပိုပူလာရင် ကွင်းထဲက ပန်းဆေးချောင်းထဲ ရေစိမ်နေရုံပေါ့။
အဲသည်မှာ အဲသည် လူစု အဲသလ ိုစုမိကြရင်း အရှိန်လေး ရလာတော့ “ဆင်ဖိုနီအိပ်မက်” က ရှင်ပြန် နိုးထလာပြန် သပေါ့လေ။ ကနဦး မိုးကို ခံစားဖွဲ့ချင်ကြသတဲ့။ မြဝတီမင်းကြီး ဦးစ၏ ဘုံပျံနေနန်းထဲက မိုးသာမက “အာကာယံက” မိုးဘွဲ့၊ “အို ကမ်းလေရေယမုန်” မိုးဘွဲ့၊ “မိုးလုံးပတ်လည်” ပတ်ပျိုးတို့က “မိုး” တွေအထိ အိပ်မက ်ခြေဆန့် ကြည့်ကြ သည်။ ဒါပေမင့် ကိုဘညိန်းက ကိုယ်ပိုင် မိုးဘွဲ့ လိုချင်သတဲ့လေ။ ကိုဘညိန်းအဆိုကို အားလုံးက လက်မထောင်လိုက် ကြ၏။ “နိပ်သဟ…”။
မိုးဆီသို့
————-
ကိုင်း ဒါဆို၊ မိုးကို ခံစားပြီးမှ ရေးဖွဲ့တာက အရသာရှိမှာပေါ့။ အခုလို သွေးပူနေတုန်းလေး မိုးကို ခံစားချင်ဘိ။ ခွကျတာက ဒီမှာ မိုးရိပ်မိုးယောင်မျှ မမြင်။ ပူတယ်လေ ဆယ်နေကဲ။ မဖြစ်ချေဘူး။ မိုးကို လတ်တလော စိတ်ဆာနေတဲ့ အာသီသက ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်တော့။ ဒီနေရာမှာ မိုးမရှိတော့။ မိုးရှိတဲ့ နေရာကိုယ်က သွားရုံပေါ့။ ဘာခဲယဉ်းမလဲ။ ဒီလို စိတ်ကူးကြံစည်ဆဲ။ အောင်ပင်လယ်ကွင်းထဲမှာ သုတ်ခနဲ တိုက်လာသော လေကလေးကို မထင်မှတ်ဘဲ ထိတွေ့ လိုက်ရသည်။ အားလုံးမျက်မှာ တူညီသော ခံစားမှု တစ်ခု ရလိုက်ပါပကော။ မိုးနံ့။ ဟုတ်သည်။ မိုးရနံ့ကို ပါးပါးလေး သယ်ဆောင်လာတဲ့ မိုးသက်လေ။
အားလုံးမှာ မတိုင်ပင်ရဘဲ မိုးဆီသွားကြဖို့ ကိုသန့်၏ ဗောက်ဝက်ဂွန် ကားလေးပေါ် တက်လိုက်ကြသည်။ ကိုဘညိန်းက အကြံပေး၏။ ဘီလမ်း ရိုးလ်တိုက်မှာ လိုတာတွေ ဝယ်သွားရအောင်တဲ့။ ဟုတ်တာပေါ့။ မိုးနှင့်တွေ့ဖို့က အဲဒါတွေ လိုအပ်သည်။ နေဗီကပ် စီးကရက်သံဗူး၊ ဒိန်းမတ်ချိစ်၊ ပရွမ်းဆီးသီးခြောက်၊ ဘရန်ဒီ အိတ်ရှေ နံပါတ် ၁၊ အဲလီးဖင့် စတော့ဘီယာ၊ ရုံတော်ကြီး မန္တလေးစားပွဲရုံက ဘဲကင်၊ နံကင်၊ ခေါက်ဆွဲကြော်။ ဤသို့ဖြင့် အောင်ပင်လယ်ကန်တွင်း လယ်ကွင်းထဲက ဘကြီးစိန်၏ တိုက်လေးမှသည် မိုးရှာပုံတော် ဖွင့်ကြသတဲ့။
ကဆုန်လမို့ ခပ်ပွင့်ပွင့် ပူသော နေမှာ အမှတ်မထင် ဝေ့ဝိုက်လာသည့် မိုးသက်လေကလေးကို ဝမ်းပန်းတသာ ငံ့လင့်မိကြသည်။ ထိုစဉ်က မန္တလေး၏ တောင်ဘက်ဆုံး အစွန်သည် မန္တလေးတက္ကသိုလ်ပဲ ဖြစ်မည်။ အေလမ်း ကျော်တာနှင့် ရတနာပုံခေတ် မတိုင်မီ ကတည်းက တည်ရှိခဲ့သော ဝင်းခြံ ကျယ်ကျယ်တွင် နွားချေး မြေနီ ကံျထားသည့် တစ်ထပ် အိမ်ကလေးတွေ အစုအဝေးနှင့် ပုဏ္ဏားရွာ ရှိမည်။ ပြီးတော့ ရေနီမြောင်း စိုက်ခင်း ပျိုးခင်းနှင့် ဗောဓိကုန်း ရပ်ကွက်၊ ထို့နောက် ဗန်းမော် ဘုန်းကြီး ကျောင်းတိုက်၊ ပြီးတော့ စိုက်ပျိုးရေးရုံးမှ တစ်ဖြစ်လဲ မန္တလေး တက္ကသိုလ်ဝင်း။ ဒါ မြို့ပြ ဧရိယာ အဆုံး ဖြစ်သည်။ တက္ကသိုလ်တောင်ဘက် တံခွန်တိုင်၊ တောင်မြင့်၊ ဒုဋ္ဌဝတီတံတား၊ သည်အထိ မိုးနှင့် မတွေ့ရသေး။ မိုးရေ၊ ဘယ်ဆီမှာလဲလေ။ အားမလျှော့သေး။
ဒုဋ္ဌဝတီ တံတားကို ကျော်ပြီး၊ မြစ်ငယ်၊ ပုလိပ်။ ဟော မိုးက မဝေး တော့၊ အားလုံးမှာ ပျော်မြူး အားတက် သွားကြသည်။ ရှေ့မှာကျောက်ဆည်။ ရွှေသာလျောင်း တောင်ခြေရင်းက ကျောက်ဆည်မှာ မိုးကို ခြေရာခံမိပါပေါ့။ မိုးရေ၊ ဘယ်ပြေးမလဲလေ။ ဒီလိုနှင့် ကျောက်ဆည် လွန်သည်နှင့် မိုးသက်လေက ပြင်းလာ၏။ မိုးသားက ပိုညို့လာသည်။ မည်းနက်နေသော အဝေးပြေး ကတ္တရာလမ်းမက ဟိုး…တောင်ဆီရေပြင်ညီ ဆုံမှတ်မှာ မိုးသားနှင့် ရောသွားသည်။ ဘကြီးစိန်ကအစ ကားပေါ် ပါလာသူ အားလုံး ပျော်မြူး သွားကြပါပကော။ မိုးက ရှေ့မှာ လေးဖာလုံအကွာ မှတ်တိုင်လေးတွေ ဆယ်စု သုံးလေးစုကျော် ရိပ်ခနဲ ရိပ်ခနဲ ကျော်အပြီး မိုးစက်လေးတွေ မျက်နှာလာစင်၏။ ဖြည်းဖြည်းချင်း ပိုမို များပြားလာသည်။ ကားရှေ့မှန်က ရေသုတ်တံကို လှုပ်ရှားစေမှ မြင်ကွင်းက ကြည်လင်လာသည်။ မိုးကလည်း ပီပြင်လာသည်။
“တော်သင့်ပြီထင်ရဲ့”ဟု အသက် ဝါအကြီးဆုံး ကိုဘသက်က ပြောပြီး ကားလေးကို လမ်းဘေးချကာ ဖြည်းဖြည်းချင်း ရပ်လိုက်သည်။ငါးဦးသား ကားပေါ်ကဆင်း၊ ရိုးလ်တိုက်က ဝယ်လာသည့် ပစ္စည်းတွေချ။ လမ်းနှင့်လွတ်ရာ ကွက်လပ်တစ်ခုမှာ ပါလာသည့် စားပွဲခင်းပြီး ပုလင်းအသီးသီး ဖွင့်လိုက်ကြ၏။ မိုးက သည်းခနဲ၊မည်းခနဲ မျက်နှာပေါ် ဒလဟော ဆင်းလာသည့် မိုးရေတွေကို နဖူးဆီမှ လက်ဖြင့် သပ်ချရင်း ခပ်လှမ်းလှမ်းဆီ မျှော်ကြည့်လိုက်တော့ ရှမ်းရိုးမက မိုးရေထဲ ကိုယ်ယောင် ပျောက်သွား၏။ လယ်ကွင်းတွေထဲ မိုးမြားတန်တ ဖြိုင်ဖြိုင် စိုက်ကျနေသည်။ စိမ်းနုသွေး ပျိုးပင်တို့ မိုးရေ မော့သောက်နေတာ ဣန္ဒြေမပျက်။
ကိုဘညိန်းက ဖန်ခွက်ထဲရှိ ပယင်းလဲ့လဲ့ကို မိုးရေနှင့်မွှေလိုက်ရင်း ဖျပ်ခနဲ အလင်းတစ်ချက် တောက်သွား၏။ ရပြီ။
မိုးနှင့် ချိန်ကိုက် ထားလေသလား မသိ၊ အားလုံး စိမ်ပြေနပြေ စားသောက်ပြီးချိန်တွင် မိုးကလည်း အောင်မြင်စွာ ဆုတ်ခွာသွားပြန်ပေါ့၊ ရင်ထဲက အနွေးဓာတ်နှင့် မိုးရေစက် အေးစက်စက်၏ ပဋိပက္ခတွေက ချိုမြနေ၏။ အားလုံးက သွက်လက် ပေါ့ပါးသွားကြသည်။ အရက် မူးစရာမလို၊ စိတ်မူးလျှင် တော်ပြီ။ အရွှင်ဓာတ်ကလေးများ ရကာ အူမြူး ကုန်ကြ၏။ စားပြီး သောက်ပြီး ကျန်သည့် ပစ္စည်းများကို သည်အတိုင်း ထားရစ်ခဲ့ကြသည်။ “ကံကောင်းသူများ ဆက်လက် သုံးဆောင်ကြပါ။ ဤပစ္စည်း များသည် သန့်ရှင်းသော ပစ္စည်းများဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြည့်စုံခဲ့ကြပါပြီ။ “မန္တလေးမြို့မ”ဟု စာလေး တစ်စောင်လည်း သေချာ ရေးထားခဲ့သည်။ ပြီးပြီ….။ ဒါပဲလေ….။
တိမ်တိုက်ကယ် အမှောင် လေယူဆောင်လို့…
———————————————
တကယ်တော့မပြီး….
အနုပညာသည်၏ နှလုံးသားက ထိခိုက်လွယ်သည်။ မိုးကို ချစ်သော သူတစ်စုက မိုးရှိရာ အပြေးအလွှား သွားတွေ့၊ ခံစားပြီး အပြန်တွင် ကိုဘညိန်း ရင်ထဲမှ အနုပညာ ပုလဲရတနာတစ်ဥကို မွေးဖွား ပေးနိုင်ခဲ့၏။ ကိုဘညိန်းဆိုတာ နှယ်နှယ်ရရမှ မဟုတ်တာ မြို့မငြိမ်းတဲ့လေ..။ အခု သူ့အနုပညာ ပုလဲဥမျှ..။
“ရွာစွေမိုးဖြိုက်ဖြိုက်
ခါပေပျိုးစိုက်စိုက်
ရှစ်သန်းငယ်တစ်ခို
အုံ့မှိုင်းညို
ခင်ပျို လွမ်းလှိုက်လှိုက်
တိမ်တိုက်ကယ် အမှောင်….
လေယူဆောင်လို့…
တောင်ဆီကညိုပြိုတော့မည်။
– မှောင်ပြာ တောင်ယာ လယ်တောခြေ
မှိုင်းညို့ေ၀ ဆိုင်းလို့နေအို … လွမ်းဖွယ်စေ
ပြိုင်တန်း မှောင်ေ၀ ဟင်းရွက်စုံပေါ တောခြေ၊ ရွှေချဉ်ပေါင်တွေ ခင်းစုံတဲ့မြေ
ကင်းပုံ ငရုတ်ပင်တွေ မိုးဦးကစွေစွေ
မမယ်ခေါ် ပျော်ပျော်ကြဲတဲ့ သည်ပျိုးမိုးရေအောင်စေ။
– မိုးရေထဲမယ့်ကိုရွှဲ နွံတွေပေ၊ သို့ပေမယ့်လည်း နေသာပြီဘူးလေ
မောင်ရေပျိုးပင် ငယ်စိုက် ကြင်ဆွေ၊ ကြည်ဖြူ နွှဲလို့ အတူနေ
မြို့ကြီးမှာဘယ်သောခါ ကြင်ရေးသာမျှော်မိပေ။
– ဖြိုင်ဖြိုင်မိုးရွာသွန်သွန် ဖြိုးေ၀ ဖြိုးဝေ၊ စွေမစဲသဲသဲမဲမဲနေ
ခဲမကျေ လယ်ကန်သင်းဆယ်ရင်းဖေါ်တစ်သင်းအော်သီချင်း
သည်လယ် သည်မြေသည်ရေစည်ပေ
စိမ်းလဲ့ ယိမ်းနွဲ့ တိမ်းငဲ့နေ၊ မိုးရေထဲမယ့်ကိုရွှဲ နွံတွေပေ
သို့ပေမယ့်လည်းနေသာပြီဘူးလေ
မောင်ရေ ပျိုးပင် ငယ် စိုက် ကြင်ဆွေ၊ ကြည်ဖြူ နွှဲလို့တူနေ
မြို့ကြီးမှာဘယ်သောခါ ကြင်ရေးသာမျှော်မိပေ။
(မြို့မငြိမ်း – ပျိုးသီချင်း)
