ရခိုင်ပြည်မှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ ၁၄ – ၂၀၂၆
SN (VOM)
ရခိုင်ပြည်နယ်အတွင်းက မြို့တချို့မှာ စက်တင်ဘာ ၄ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ၁၀ ရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေဆုံးပြီး ၁၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ သမိုင်းဝင် ဦးရာဇ်တောင်စေတီအနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ဦးရာဇ်တောင် စေတီအနီး၊ တံတားထိပ်က ဆိုင်တန်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သွားတာပါ။ တချို့ သတင်းတွေမှာ ဦးရာဇ်တောင်စေတီ အလယ်ကနေ ကျိုးကျသွားတယ်လို့ ရေးနေတာတွေ့ရတယ်။ လုံးဝ မဟုတ်ပါဘူး။ စေတီတော်က အကောင်းပကတိအတိုင်း ရှိနေပါတယ်” လို့ ‌ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်အစပ်မှာ အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်း တိုက်ခိုက်မှုတွေအပြင် လက်နက်ကြီး၊ ဒရုန်းနဲ့ နေဗီ (စစ်ရေယာဉ်) ပေါ်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှာ ဒရုန်း ကျရောက်မှုကြောင့် တယောက် သေဆုံးခဲ့သလို အဲဒီနေ့မှာပဲ တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်အုပ်စု၊ ရွာသစ်ကေကျေးရွာ လမ်းမကြီးအနီးမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁၊ ၂) ရပ်ကွက်တွေမှာလည်း စက်တင်ဘာ ၁၀ ရက်‌က လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရခဲ့သလို စက်တင်ဘာ ၈ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဘောလုံးကွင်းရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာ ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်မှုကြောင့် လေးယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၇ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ အမှတ် (၈) ရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့သလို စက်တင်ဘာ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယာချောင်းကျေးရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်တွေဟာ သံတွဲနဲ့ ဂွမြို့နယ် ကမ်းရိုးတန်းတလျှောက် ရေတပ်လှုပ်ရှားမှုတွေ တိုးမြှင့်ထားပြီး လတ်တလော စစ်ရေး အခြေအနေတွေကြောင့် ဒေသခံအများအပြား နေရပ် စွန့်ခွာနေကြရကာ စားနပ်ရိက္ခာနဲ့ ဆေးဝါး ရရှိရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်မှာ AA က ၁၄ မြို့နယ်ကို ထိန်းချုပ်ကာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတဲ့အပြင် လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကိုပါ အပြီးသတ် သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပြီး အစိုးရတပ် ထိန်းချုပ်ထားဆဲ မာန်အောင်မှာလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

VOM News

FREE
VIEW