မြန်မာ – မလေးရှား မိတ်ဖက်ဆံဆက်ရေး

MT(VOM)
​မကြာခင်မှာ မြန်မာနိုင်ငံ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ အားကောင်းနေပါတယ်။ ဒါဟာ အာဆီယံဒေသတွင်း ပထဝီနိုင်ငံရေးနဲ့ မြန်မာ့အရေး သံတမန်လမ်းကြောင်းမှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အလှ0ည့်အပြောင်းတစ်ခု ဖြစ်ပါတယ်။
​မြန်မာနဲ့ မလေးရှားရဲ့ ဆက်ဆံရေးကို သမိုင်းအစဉ်အဆက် ပြန်ကြည့်ရင် မဟာသီယာ မိုဟာမက် ခေတ်ကတည်းက စတင်ခဲ့တဲ့ သံတမန်ရေး ကူညီဖေးမမှုတွေကနေ၊ လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်အရေး၊ ဦးမင်းအောင်လှိုင်ကို အာဆီယံအဝန်းအဝိုင်းထဲ ပြန်သွင်းမယ့် အလားအလာတွေအထိ အချက်အလက်တွေကို လေ့လာကြည့်ပါမယ်။
မဟာသီယာ မိုဟာမက် နဲ့ ဦးနေဝင်း တို့ရဲ့ စတင်ခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးကို စပြီးလေ့လာကြည့်ရအောင်ပါ။​မြန်မာနဲ့ မလေးရှား ဆက်ဆံရေးရဲ့ ထူးခြားတဲ့ သမိုင်းဝင်အချိုးအကွေ့တစ်ခုဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်နဲ့ မြန်မာ့ခေါင်းဆောင် ဦးနေဝင်းတို့အကြား တည်ဆောက်ခဲ့တဲ့ ကိုယ်ရေးကိုယ်တာ ချစ်ကြည်ရင်းနှီးမှုနဲ့ စတင်ခဲ့တာပါ။
​မဟာသီယာဟာ အနောက်နိုင်ငံတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို တိုက်ရိုက်ပုံစံခွက်အတိုင်း သွတ်သွင်းတာထက် အာရှဒေသတွင်း အချင်းချင်း နားလည်မှုပေးပြီး ပြဿနာတွေကို ဖြေရှင်းတဲ့ “အာရှတန်ဖိုး” (Asian Values) ကို အလွန်အားပေးသူ ဖြစ်ပါတယ်။ ဦးနေဝင်းရဲ့ ဆိုရှယ်လစ်ခေတ် မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ သီးခြားခွဲထွက် စီးပွားရေး ပိတ်ဆို့ထားချိန်မှာ မဟာသီယာဟာ မလေးရှား-မြန်မာ ကုန်သွယ်ရေးနဲ့ စီးပွားရေး လမ်းကြောင်းတွေကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။
​၁၉၈၈ ခုနှစ်နောက်ပိုင်း ဦးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရ (နဝတ/နအဖ) တက်လာချိန်မှာ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံကို အထီးကျန်မသွားအောင် ကူညီခဲ့တဲ့ အဓိက ဒေသတွင်း မဟာမိတ် ဖြစ်ခဲ့ပါတယ်။
​အာဆီယံ ဝင်ခွင့်ရရေး ထိတွေ့ဆက်ဆံမှု (Constructive Engagement) ဆိုတာ မလေးရှား ခေါင်းဆောင် မဟာသီယာ နဲ့ စင်္ကာပူခေါင်းဆောင် လီကွမ်ယု တို့ရဲ့ ဦးနှောက်တွေထဲကထွက်လာတဲ့ လုပ်ငန်းစဉ်လို့ပြောနိုင်ပါတယ်။
၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံဖို့ ကြိုးပမ်းစဉ်က အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် မဟာသီယာ ဦးဆောင်တဲ့ မလေးရှားအစိုးရဟာ “အပြုသဘောဆောင် ထိတွေ့ဆက်ဆံရေး” (Constructive Engagement) မူဝါဒကို ကိုင်စွဲပြီး မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် အကာအကွယ်ပေးကာ သွတ်သွင်းပေးခဲ့ပါတယ်။ မြန်မာကို အာဆီယံထဲ ထည့်ထားမှသာ အပြုသဘောဆောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်လို့ မလေးရှားက အာဆီယံဒေသတွင်းရော၊ အနောက်အုပ်စုကိုပါ ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။
အနောက်တိုင်း ကုမ္ပဏီကြီးတွေ (ဥပမာ- Premier Oil, Texaco) မြန်မာနိုင်ငံကနေ ထွက်ခွာသွားချိန်မှာ မလေးရှား အမျိုးသား ရေနံကုမ္ပဏီကြီး Petronas က ရေနံ နဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါဟာ ဦးသန်းရွှေ အစိုးရအတွက် လိုအပ်နေတဲ့ နိုင်ငံခြားသုံးငွေ အမြောက်အမြားကို ရရှိစေခဲ့ပြီး စီးပွားရေး ထွက်ပေါက်တစ်ခု ဖြစ်စေခဲ့ပါတယ်။
​အခုလည်း ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး၊ ရိုဟင်ဂျာ ကိစ္စ အကြောင်းပြုပြီး မြန်မာပြည်ကိူ အာဆီယံအဝန်းအဝိုင်းထဲ ပြန်သွင်းမည့် အလားအလာ ကိုတွေ့လာရပါတယ်။
​၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မလေးရှားနိုင်ငံဟာ စစ်ကောင်စီကို အပြင်းထန်ဆုံး ဝေဖန်ခဲ့တဲ့ အာဆီယံနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မလေးရှားဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တောင် တရားဝင်မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။
​သို့သော်လည်း မကြာသေးမီက မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စက္ကူတစ်ရွက်လှန်သလို သံတမန်ရေး ပြောင်းလဲမှုအချို့ တွေ့မြင်လာရပါတယ်။
​မလေးရှားမှာ ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်းများစွာ ခိုလှုံနေကြပြီး ဒါဟာ မလေးရှားနိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေး၊ လူမှုရေးနဲ့ စီးပွားရေးအရ အတော်လေး ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာပါ။ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် အနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေး ဆွေးနွေးဖို့အတွက် ဦးမင်းအောင်လှိုင်နဲ့ တိုက်ရိုက် မဆွေးနွေးလို့ မရတော့တဲ့ အနေအထား ရောက်လာတာ ဖြစ်ပါတယ်။ မလေးရှားဟာ “ရိုဟင်ဂျာ ဒုက္ခသည် ပြန်လည်လက်ခံရေး မူဘောင်” ကို အကြောင်းပြပြီး ဦးမင်းအောင်လှိုင်ကို မလေးရှားသို့ တရားဝင် ခရီးစဉ်အဖြစ် ဖိတ်ခေါ်ဖို့ စီစဉ်လာရခြင်း ဖြစ်ပါတယ်။
​မလေးရှားဟာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရမယ့်/ယူထားတဲ့ ကာလအတွင်း မြန်မာ့အရေး ပိတ်ဆို့နေတာကို ခုတ်ထွင်ရှင်းလင်းချင်နေပါတယ်။ စစ်ကောင်စီ ကနေ အသွင်ပြောင်းလာတဲ့ မြန်မာ အစိုးရကို အထီးကျန်ထားတဲ့ မူဝါဒ (Isolation) က ဘာမှ အရာမထင်ဘူးလို့ မလေးရှား ခေါင်းဆောင်တွေ သုံးသပ်လာကြပုံ ရပါတယ်။
​တိုက်ရိုက် ထိတွေ့ဆက်ဆံရေး (Direct Engagement) ဟာအာဆီယံ တူညီဆန္ဒ (၅) ချက် ထက် ပိုပြီးအလုပ်ဖြစ်နိုင်တယ် လို့လည်း မလေးရှား က စတင်မြင်လာပုံရပါတယ်။ နေပြည်တော်အစိုးရ နဲ့ တိုက်ရိုက် စကားပြောပြီး အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွေမှာ မြန်မာနိုင်ငံရဲ့ ပညာရှင်အဆင့် မဟုတ်တဲ့ နိုင်ငံရေး ကိုယ်စားလှယ်များ (သို့မဟုတ်) ခေါင်းဆောင်ပိုင်း ပြန်လည် ပါဝင်ခွင့်ရရေး လမ်းကြောင်းဖွင့်ပေးဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
​ဦးမင်းအောင်လှိုင် အတွက်တော့ မလေးရှား ခရီးစဉ်ဟာ သူတို့ရဲ့ တရားဝင်မှုကို ဒေသတွင်း ပတ်ဝန်းကျင်က အသိအမှတ်ပြုလာအောင် ပြသနိုင်မယ့် ကြီးမားတဲ့ သံတမန်ရေး အနိုင်ရရှိမှု ဖြစ်သွားပါလိမ့်မယ်။
​အာဆီယံအတွင်း သဘောထား ကွဲလွဲမှု တွေလည်းရှိလာနိုင်တာကို ကြိုတင်သိမြင်ထားရပါမယ်။
စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် အစရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်း မရှိဘဲ စမြန်မာခေါင်းဆောင်ကို အာဆီယံ အဆင့်မြင့် အစည်းအဝေးပွဲတွေဆီ ပြန်ခေါ်ဖို့ သဘောတူချင်မှ တူပါလိမ့်မယ်။
​နိုင်ငံတကာ ဖိအားနှင့် လူ့အခွင့်အရေး အဖွဲ့ တေ်ရဲ့ ကန့်ကွက်မှု ကိုလည်း ထည့်သွင်း စဉ်းစားရပါမယ်။ရိုဟင်ဂျာ ကိစ္စကို အကြောင်းပြပြီး ဦးမင်းအောင်လှိုင်ကို ဖိတ်ခေါ်တာဟာ အစိုးရရဲ့ ကျူးလွန်မှုတွေကို သင်ပုန်းချေပေးလိုက်တာနဲ့ တူတယ်လို့ အနောက်နိုင်ငံတွေနဲ့ ပြည်တွင်း/ပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အပြင်းအထန် ဝေဖန်ကန့်ကွက်ကြမှာ သေချာပါတယ်။
​ချုပ်လိုက်ရင်တော့ မလေးရှားဟာ သမိုင်းစဉ်တစ်လျှောက်မှာ မဟာသီယာ ခေတ်ကတည်းက မြန်မာ့ရေးရာတွေမှာ လက်တွေ့ကျကျ (Pragmatic) သံတမန်ရေး ကစားခဲ့တဲ့ လက္ခဏာရှိပါတယ်။
​လက်ရှိမှာလည်း မလေးရှားဟာ လူ့အခွင့်အရေး စံနှုန်းတွေထက် မိမိနိုင်ငံရဲ့ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေး နဲ့ ဒေသတွင်း ပထဝီနိုင်ငံရေး တည်ငြိမ်ရေး တို့ကို အဓိကထားပြီး ဦးမင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံဖို့ ခြေလှမ်းပြင်လာတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်သာ တကယ် ဖြစ်မြောက်ခဲ့ရင် ဦးမင်း အောင်လှိုင် အတွက် အာဆီယံ ဒေသတွင်း သံတမန်အဝန်းအဝိုင်းထဲ ပြန်လည်သက်ဝင်လာစေဖို့ မလေးရှားကပဲ အဓိက တံခါးဖွင့်ပေးသူ (Bridge Builder) အဖြစ် ပြန်လည် ရောက်ရှိသွားဖွယ် ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အတွက်ကတော့ သံတမန်စစ်မြေပြင် ကစားပွဲရဲ့အချိန်ပိုမှာတစ်ဂိုးအသွင်းခံလိုက်ရတဲ့ ဘောလုံးအသင်းလို ဖြစ်နေပါတော့မယ်လို့ သုံးသပ်လိုက်ရပါတယ်။
MT

Related posts

VOM News

FREE
VIEW