မန္တလေးမှာ လျှပ်စစ်မိန်းကြိုးတွေ ခိုးခံရမှု ခပ်စိပ်စိပ်ဖြစ်နေ

မန္တလေး၊ စက်တင်ဘာ- ၂၁- ၂၀၂၆
SA(VOM)
မန္တလေးမှာ လျှပ်စစ်သွယ်တန်းထားတဲ့ မိန်းကြိုးတွေ ခိုးယူခံရမှု ခပ်စိပ်စိပ်ဖြစ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ညက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့နဲ့ အနောက်ရပ်ကွက် ၂၆ လမ်း၊ လမ်း ၈၀ ကနေ ၈၄ လမ်းအထိ သွယ်တန်ထားတဲ့ မိန်းကြိုးတွေခိုးယူခံရတယ်လို့ သိရပါတယ်။
” ပြီးခဲ့တဲ့ စနေနေ့က ၈၁ လမ်း ၂၆ လမ်းထောင့်က ထရန်စဖော်မာမှာ မီးကြိုးတွေခိုးခံရတယ်၊ ထရန်စဖော်မာမှာရှိနေတဲ့ ကြေးကြိုးကြီးတွေခိုးခံရတာ၊ အခု EPC လာလုပ်နေတယ်၊ တို့ကကျ ပစ္စည်းတွေဝယ်ပေးရတာ၊ ဒီနားမှာ အိမ်သုံးဆယ်ကျော်ရှိတယ် တအိမ်ကို တသိန်းကောက်ပြီး ကိုယ်ထူကိုယ်ထ လုပ်လိုက်ရတာပေါ့၊ သိန်းသုံးဆယ်ကျော်တာပေါ့၊ အဲ့ဒီအချိန်တွေက သာမာန်လူတွေက တော်ရုံတန်ရုံ မထွက်တဲ့အချိန် ဘယ်သူတွေထွက်နေလဲ အဲ့ဒါရှင်းရှင်းပြောရရင် တရားဥပဒေစိုးမိုးဖို့လိုတယ်၊ ခုချိန်က ဘာမှကို ဝေဖန်လို့မရတဲ့အချိန်ဖြစ်နေတာ၊ ပြောရရင် လမ်း ၈၀ ၂၆ လမ်း က မီးပွိုင့်က ကြိုးတွေပါ ပါသွားတာ၊ မီးပွိုင့်မှာလည်း အခုမီးမလာဘူး ကားတွေလည်း လေးပွင့်ဆိုင်နေတာ” လို့ ရပ်ကွက်နေပြည်သူတယောက်က VOM ကိုပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်၊ လက်ဆည်ကန်ရပ်ကွက် မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ၈၄ လမ်းကနေ ၈၂ လမ်းအထိ မီးပျက်နေတဲ့အချိန် မိန်းကြိုးတွေ ခိုးယူခံရမှုဖြစ်ခဲ့တဲ့အတွက် ပြန်လည်အစားထိုးတပ်ဆင်ဖို့ မီးပြင်တဲ့သူတွေကို ဆက်သွယ်ရာမှာ ၂၅ သိန်းတောင်းခံခဲ့ပြီး ညှိိနှိုင်းဆောင်ရွက်တာမှာ ၁၅ သိန်းနဲ့ ပြန်လည်တပ်ဆင်ခဲ့ရတယ်လို့ လက်ဆည်ကန်ရပ်ကွက်နေ ပြည်သူတယောက်က VOM ကိုပြောပါတယ်။
” ကြေးစျေးက စျေးကြီးပြီး ပစ္စည်းရှားတော့ ကြေးကြိုးတွေကို အဓိကထားပြီး ခိုးတယ်၊ နောက်လာတဲ့ အရေခွံပါတဲ့ သတ္တုကြိုးတွေ လဲသင့်တယ်၊ ဒါတွေကို သက်ဆိုင်ရာက စောင့်ဖမ်းပြီး ကြပ်ကြပ်မတ်မတ် အရေးယူသင့်တယ် ” လို့ ချမ်းမြသာစည်မြို့နယ်မှာ မီးကြိုးခိုးခံရတဲ့သူတယောက်က ပြောပါတယ်။
မန္တလေးမြို့မှာ လျှပ်စစ်သွယ်တန်းထားတဲ့ လျှပ်စစ်မိန်းကြိုးတွေအပြင် လျှပ်စစ်ဓာတ်တိုင်ကနေ အိမ်သုံးနဲ့ လုပ်ငန်းသုံးဖို့သွယ်တန်းထားတဲ့ ဝါယာကြိုးတွေ ခိုးယူခံရမှု မကြာခနဆိုသလို ဖြစ်ပွားနေတာကြောင့် ဒါတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူပေးဖို့ ပြည်သူလူထုက လိုလားနေကြပါတယ်။

Related posts

✕
VOM News

FREE
VIEW