စစ်တွေ၊ ကျောက်ဖြူ တိုက်ပွဲကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရ

အောက်တိုဘာ ၃ – ၂၀၂၆
SS (VOM)
ရခိုင်ပြည်နယ်ရှိ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နေကြရတာဖြစ်ပြီး စားနပ်ရိက္ခာအတွက် လုံလောက်တဲ့ ကူညီမှုတွေ မရရှိတာကြောင့် ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“တိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ စစ်ရှောင်အရေအတွက်တွေ တိုးလာနေတယ်။ ဒီအချိန်မှာ စားရေးသောက်ရေးအတွက် လောက်ငှအောင် ကူညီပေးနိုင်ဖို့က တော်တော်လေးကို ခက်ခဲနေတာပါ။ လမ်းပန်း ဆက်သွယ်ရေးကလည်း ပိတ်ဆို့နေတယ်။ တနေရာနဲ့တနေရာ သွားလာဖို့ ဆိုတာကလည်း အစစ်ဆေးတွေ၊ အဖမ်းအဆီးတွေ ရှိနေတာဆိုတော့ ဘယ်သူမှ စိတ်ရှိတိုင်း မကူညီနိုင်ကြဘူးပေါ့။ သွားကူဖို့အတွက် မရောက်နိုင်သေးတဲ့ စစ်ရှောင်စခန်းတွေ၊ စစ်ဘေးရှောင် ရှိနေတဲ့နေရာတွေ အများကြီး ရှိနေသေးတယ်” လို့ ကူညီပေးနေသူ‌က ပြောပါတယ်။
ကုလသမဂ္ဂ (UN) နဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း (INGOs) တွေအနေနဲ့လည်း အစိုးရတပ်ရဲ့ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကြောင့် စစ်ရှောင်တွေအတွက် ထိရောက်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြတ်လေးဖြတ် ဗျူဟာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝ ရပ်တန့်နေပြီး ဆန်နဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်နေတဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေကြရကာ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် သွေးလွန်တုပ်ကွေး ဆေးဝါးတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေတွေလည်း အလွန်အမင်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
စစ်ရှောင်အများစုမှာ နေရာအတည်တကျမရှိဘဲ ကျေးရွာတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရသူတွေ ရှိသလို တောတောင်တွေထဲမှာ နေထိုင်နေကြသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
“တောတောင်တွေထဲ ရောက်နေတဲ့သူတွေကတော့ အမိုးအကာနဲ့ ယာယီစခန်းတွေ အရေးပေါ် ဆောက်လုပ်ပေးဖို့ အကူအညီ တောင်းခံနေကြတာရှိတယ်။ ဒါပေမယ့်လည်း ရန်ပုံငွေမရှိတဲ့အတွက် အကူအညီမပေးနိုင်ဘဲ ဖြစ်နေတယ်။ ဒီပွင့်လင်းရာသီမှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ ပြောဆိုကြတာတွေလည်း ရှိနေတော့ ဒေသခံတွေရဲ့ စစ်ရှောင်ကာလ ပိုပြီး ကြာကောင်း ကြာလာနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်မှုနဲ့ ကုန်စည်စီးဆင်းမှု ကန့်သတ်ထားတာတွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာဖြစ်ပြီး ဒေသခံတွေဟာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲ ခံစားနေကြရတယ်လို့ သိရပါတယ်။
“ဒေသခံတွေက ရရာနေရာမှာ ပြန့်ကျဲပြီး စစ်ရှောင်နေကြရတာဆိုတော့ ဒီအချိန်မှာ စစ်ရှောင်အရေအတွက် စာရင်းအတိအကျရဖို့က ခက်တယ်။ နှစ်မြို့နယ်ပေါင်းကို ခန့်မှန်းခြေ ရှစ်သောင်းဝန်းကျင်လောက် ရှိနိုင်တယ်။ ဒီထက်လည်း များနိုင်တယ်။ ခုချိန် လေကြောင်းရန်ကလည်း ဆက်တိုက် ဆိုတော့ စစ်ရှောင်တွေအဖို့မှာက အသက်ရှင်သန်ရေးအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အဆင့်မြင့်ဆုံး လိုအပ်နေတဲ့ အခြေအနေပါ” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းကျေးရွာအနီး၊ တောကံ၊ ရာတန်းကျေးရွာ ဝန်းကျင်တွေနဲ့ ဝါဘိုကျွန်း၊ ကွမ်းတောင်ရွာအနီးဝန်းကျင်၊ အစိုးရတပ် ကာကင်းတွေရှိရာ ကံ့ကော်ကျွန်း၊ သိန်းတန်၊ ရာတန်၊ နာရီကန်ရွာဝန်းကျင်တို့မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
စစ်တွေနဲ့ ပုဏ္ဏားကျွန်း နယ်စပ်တလျှောက်မှာလည်း နေ့၊ ညမပြတ် လေယာဉ်ပျံသန်းမှုနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရပြီး စစ်ရေး ဆက်လက် တင်းမာနေသလို ကျောက်ဖြူမြို့နယ်မှာလည်း တောင်မော်ဦးရေတပ်စခန်းရဲ့ ကာကင်းရှိရာ အ၀တောင်ရွာဝန်းကျင်နဲ့ မင်းပြင်ရွာဝန်းကျင်တို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW