ဆူးငှက်
ဒုတိယ ကမ္ဘာစစ်တဲ့
————————
၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှ အင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌ တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ချည်း ရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။ ၁၃ဝ၃ ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံတစ်စင်းသည် သတင်းအရ မန္တလေး သို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို ဗုံးကြဲဖျက်ဆီးသွားပြီးဖြစ်သည်။ အိန္ဒိယမှ ပြန်လာသော ချန်ကေရှိတ် မန္တလေးသို့ ခေတ္တဝင်လာသည်ဟူသော သတင်းကြောင့် ဤသို့ ဗုံးကြဲခြင်းဟု ဆိုကြ၏။
မကြာလိုက်၊ ဧပြီ (၃)ရက် သောကြာနေ့ မနက် ၁၁ နာရီခန့်တွင် အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှ ဂျပန်လေယာဉ်ပျံကြီး ပျားအုပ်ကြီးများ ပျံလာသကဲ့သို့ ဝင်ရောက်လာကြသည်။ မန္တလေးသားများက ဗုံးကြဲရန် လာသည်ဟု သိသော်ငြား။ မပုန်းအောင်ကြ၊ မရှောင်တိမ်းကြ။ ဂျပန်လေယာဉ်အုပ်ကြီးက မြို့လယ်လူနေရပ်ကွက်များကို မီးလောင်ဗုံးများနဲ့ ပေါက်ကွဲသေကြေ ပျက်စီးစေသော ဗုံးများ ကြဲချသည်။ နိမ့်နိမ့်ပျံဆင်း ပြီး မြင်မြင်သမျှ အရပ်သားများကို စက်သေနတ်နှင့် ပစ်ခတ်သည်။ ဂျပန်လေယာဉ်(၈ဝ)လောက်က မြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပစ်ခတ်၍ တစ်မြို့ လုံးနီးပါး မီးလောင်ပျက်စီးကုန်၏။ မြို့သူမြို့သား ၂ဝဝဝ ကျော် ၃ဝဝဝ အတွင်းသေကျေပြီး ၃ဝဝဝ ထက်မနည်း ဒဏ်ရာရရှိကြသည်။
ထိုအခါမှ မန္တလေးသားများလည်း ထိတ်လန့်တကြားနှင့် တစ်ဦးနှင့်တစ်ဦး မကယ်မနိုင်ကြတော့ဘဲ ကိုယ့်အသက် ကိုယ်လုကာ ပြေးလွှားကြရတော့ သည်။ ပြန်လည်ဆုတ်ခွာသည့် အင်္ဂလိပ်ကလည်း မြို့၏ လူနေရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးသွားသဖြင့် တစ်မြို့လုံး မီးလောင်တိုက်သွင်းကာ သတ်ကွင်းကြီးတစ်ခုအသွင် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ဤသို့ဖြင့် မေ(၁)ရက်နေ့တွင် မန္တလေးကို ဂျပန်က လုံးလုံးလျားလျားသိမ်းပိုက် နိုင်လိုက်တော့သည်။
ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသောအခါ ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ဝ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက်ဂုံးနှစ်ဂုံးကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ သို့သော် မန္တလေးသိမ်းအပြီးအထိ မြို့ပတ်ဝန်းကျင်၌ ဗုံးသံ အမြောက်သံများ ကြားနေရကြရဆဲဖြစ်၏။ အိန္ဒိယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှနောက်အား ဂျပန်တပ်က ထပ်ကြပ်မကွာလိုက်ကာ တိုက်ခိုက်နေဆဲဖြစ်သည်။
စစ်ဘေးနှင့် ဝေးရာ ပြေးကြလေသောအခါ
——————————————-
မန္တလေးကို ဂျပန်က ဗုံးစတင်ကြဲသောအခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံးဖြစ်သလို ကျန် ရပ်ကွက်အသီးသီလည်း ဗ့ုးဒဏ် စက်သေနတ်ဒဏ်ဖြင့် မီးလောင်ပြင် ဖြစ်ရပါပြီ။ ထိုအခါ မန္တလေး မြို့သူ မြိုှုသားတွေ ကိုယ့်မြို့ ကိုယ့် ရပ်ရွာကို စွန့်ခွာပြီး စစ်ပြေးကြရတော့သည်။ ထိုအခါ လေဘာတီ မမြရင်တို့ သားအမိလည်း ရသမျှ ပစ္စည်းထုတ်ပိုးပြီး ပြေးကြရသည်။ သည်အချိန် ဘယ်သူ့ ဘယ်သူမှလည်း မဟူနိုင်ကြတော့၊ တောင်မင်း မြောက်မင် မကယ်နိုင်သည့် ဘေးဆိုး ကပ်ဆိုး ကာလ ဖြစ်ပါ၏။ မမြရင်တို့ သားအမိက မိန်းမသားတွေမို့ သူများတွေလို ဝေးဝေးလံလံ မပြေးနိုင်ကြပေ။ မန္တလေးနှင့် မဝေးလှသော ရွှေစာရံဘုရားအနီး ကင်းဘတ်ရွာသို့ ပြေးကြ၏။ ကင်းဘတ်ကလည်း စစ်လမ်းကြောင်းနှင့် နီးသောကြောင့် ကင်းဘတ်မှာ ကြာကြာ မနေနိုင်ဘဲ နောက်တစ်နေရာ ပြောင်းကြရသည်။ ထိုနေရာကား စဉ့်ကိုင်အနီးက ဧည့်ပြရွာတဲ့လေ။
ဂျပန်တပ်က ထပ်ကြပ်မကွာလိုက်ကာ တိုက်ခိုက်
————————————————–
လေဘာတီမမြရင်တို့ စစ်ပြေးကြသည့် ကင်းဘဲ့ ရွာက မြစ်ငယ်မြစ်၏ တဖက်ကမ်းမှာရှိသည်။ ကင်းဘဲ့မှာ စစ်ပြေးနေစဉ် မန္တလေးအခြေအနေက အတော်ဆိုးနေပြီ။ မန္တလေးကို ဂျပန်က သိမ်းပိုက်အပြီး မေလ ၁၂ ရက်နေ့တွင် စစ်အတွင်းကနဦး အစောဆုံးသတင်းစာအဖြစ် ‘တိုင်းချစ်သတင်းစာ’ ထွက်လာသည်။ ‘ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ခွင့်ပြုချက်အရ မန္တလေးမြို့ လက်ဆည်ကန်ရပ် တိုင်းချစ်ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေတယ်’ ဟု သတင်း စာ၏ ကျောဘက် အောက်ပိုင်းမှာ ရေးသားထားပြီး ‘အယ်ဒီတာ ဦးမောင်မောင်ခင်’ ကခေါင်းကြီးပိုင်းတွင် ‘အရေးတော်ပုံ အောင်ပြီ’ ဆိုသော ခေါင်းစဉ် နှင့် ဂျပန်က အင်္ဂလိပ်ကို တိုက်ထုတ်ကာ မန္တလေးအား သိမ်းနိုင်သည့်အတွက် ဂုဏ်ပြု ရေးသားခဲ့သည်။
ကနဦးထုတ် တိုင်းချစ်သတင်းစာပါ သတင်းများအရ မန္တလေးမြို့သည် စစ်ဘေးဒဏ်ကြောင့် အိမ်ခြေ ၄သောင်း ရှိသည့်အနက် မလောင်ဘဲ ကျန်ရစ်သော အိမ်များမှာလည်း တောကြောင်လူဆိုးများလက်ချက်ဖြင့် ဘာမျှ ရစရာမရှိအောင် ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိကြရသည်။ ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသောအခါ ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ဝ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက် ဂုံးနှစ်ဂုံးကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ။ သို့သော် မန္တလေးသိမ်းအပြီးအထိ မြို့ပတ်ဝန်းကျင်၌ ဗုံးသံအမြောက်သံများ ကြားနေရကြရဆဲဖြစ်၏။ အိန္ဒိယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှ နောက်သို့ ဂျပန်တပ်က ထပ်ကြပ်မကွာလိုက်ကာ တိုက်ခိုက်နေဆဲဖြစ်သည်။
မြို့မငြိမ်းတို့လည်း စစ်ပြေးကြပုံ
———————————-
မန္တလေးကို ဂျပန်က ဗုံးစတင်ကြဲသောအခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံးဖြစ်သဖြင့် ဆရာမြို့မငြိမ်းတို့ မိသားစုသည်လည်း အမရပူရတွင် ၂လ၊ ၃လမျှ သွားရောက် ခိုလှုံကြရသည်။ ထို့နောက် မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီးဦးနန္ဒိယ၏ တရုတ်တန်းကျောင်းသို့ ပြောင်းရွှေ့ကြပြန်၏။ မြို့လုံးကျွတ်နီးပါး မီးလောင်ပြကျပြန်သောအခါ ဧရာဝတီတစ်ဖက်ကမ်း မင်းကွန်းသဲဖြူချောင်းရွာသို့ ပြေးကြရပြန်သည်။ ထို့နောက် စိတ်မချ၍ ကျောက်မဲသို့ ပြေးကြသည်။
ကျောက်မဲ၌ တစ်နှစ်ခန့် ခိုလှုံပြီး မန္တလေး ပြန်ဆင်းလာသောအခါ မန္တလေးသည် ဂျပန်၏ လက်အောက် ၌ ထင်သလို မဟုတ်ဘဲ ပြားပြား မှောက်နေဆဲဖြစ်၏။ အပေါင်းအသင်းတွေလည်း စစ်ကိုင်းတောင်ရိုးမှာ စစ်ခိုစစ်ပြေး နေကြဆဲဖြစ်သည်။ ကိုရင်လေးက နိဗ္ဗိန္ဒချောင်မှာတဲ့။ နိဗ္ဗိန္ဒချောင်မှာ မြို့မအသင်းသားအများစု ရောက်နေ ကြသည်။ ဝါးချက်ရွာ ရွှေဇာလီချောင်မှာ စန္ဒရားဆရာ ကိုဘဒင်မိသားစု ရှိနေသည်။ ဆရာငြိမ်း မိသားစုသည် မန္တလေး ရောက်ရောက်ချင်း စစ်ကိုင်းသို့ ကူးကြပြန်သည်။ ဝါးချက်ရွာ ရွှေဇာလီချောင်အထက် ကိုက် ၃ဝဝ အကွာ တောင်နံရံ၌ ကျောက်ဂူတစ်လုံးထွင်းပြီး ဆရာငြိမ်းတို့ မိသားစု ခိုလှုံခဲ့ကြသည်။
ကင်းဘဲ့ မှ ဧည့်ပြသို့
———————-
မန္တလေးတစ်မြို့လုံးစိစိညက်ညက် ကျေမွ ပျက်စီးကာ မြို့ရိုးပြသာဒ်တွေ မီးလောင် အထင်ကရ ဘုန်းကြီကျောင်း တွေ မီးလောင်ပြာကျနှင့် စစ်အရှိန်ကောင်းနေသည်။ ထိုစစ်မီးတောက်က မမြရင်တို့ သားအမိခိုလှုံရာ ကင်းဘဲ့အထိ ရောက်လာလေမလားဟု စိုးရိမ်သောအခါ မြစ်ငယ်မြစ်သာ ခြားသော တစ်ဘက်ကမ်းက ဧည့်ပြရွာသို့ ပြောင်းကြပြန်၏။ ကင်းဘဲ့မှာ နေခဲ့တာက ဦးသူတော် ဒေါ်ကျော့ တို့ အိမ်တဲ့။ ကင်းဘဲ့ ဧည့်ပြသို့ ပြောင်းလာတာက မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်တဲ့။ မှတ်မိနေသော ဧည့်ပြက အသက်၈၀အရွယ် ဘကြီးသွဲ့က ပြောပြသည်။ ထို ၁၂၀၆ခုနှစ်က ခရစ်နှစ် ၁၉၄၄ ဖြစ်မည်။ ဂျပန်ကို မဟာမိတ်က ပြန်တိုက်သည့် ကာလပေါ့။
ဧည့်ပြမှာ မမြရင်တို့ သားအမိ နေထိုင်ကြတာက ဘုရားတောင်ဘက်က ဝိုင်းထဲက ဦးစံမြင့် အိမ်မှာတဲ့။ တကယ်တော့ ဦးစံမြင့်က မမြရင်တို့ ရွှေဖလားကန် ဇာတိ အဆက်အနွယ် ဖြစ်သည်။ ထိုစဉ်ကာလ မမြရင်တို့က ပါလာသည့် လက်ဝတ်လက်စားလေးတွေ ထုခွဲ ရောင်းချ စားသောက်ရသည်။ ထိုလက်ဝတ်ရတနာများ ရောင်းချပြီး မက္ခရာမြို့ဟောင်းက ဘုရားတစ်ဆူကိုလည်း ပြုပြင် လှူဒါန်းခဲ့သေးသည်။ သည်ကြားထဲ ဓားပြ တိုက်ခံရပြန်သောအခါ ရှိသည့် ပစ္စည်းက ကုန်ပြီ။ သူ့ လက်ဝတ် လက်စားတိုင်းကို တစ်ဦးတည်းသော မောင်ဖြစ်သူ ပန်းထိမ်ဆရာ ကိုဘခင် က “မြ” ဟု စာလုံးလေးတွေ ထိုးထားတော့ နောင်အခါ ထိုစာလုံးလေးများ သက်သေဖြင့် အတွင်းသိထဲက ဓားပြမှန်းသိရသောအခါ စိတ်ဓာတ်အကြီးအကျယ် ကျသွားတော့သည်။
ကံကြမ္မာက မျက်နှာမထောက်ပုံ
———————————
ထိုအခါ ပါလာသည့် အဝတ်အစား ၄၆ထည်ကို တစ်ထည်ချင်း ရောင်းစားရပြန်သည်။ ထိုသို့ ချို့တဲ့နေစဉ် ရှမ်းပြည်မှာ သွားရောက် ကပြစဉ်က ဖြစ်ခဲ့သော ငှက်ဖျားက ပြန်ထလာတော့သည်။ စစ်အတွင်းကာလ ဆေးဝါး မပြည့်စုံသောကြောင့် ငှက်ဖျားက နလံမထူတော့ပေ။ သည်ကြားထဲ အမေဒေါ်ဉာဏ်ရုံကလည်း မမြရင်ကို ပြုစုရင်း ကျန်းမာရေးက ဘုံးဘုံးလဲပြန်၏။ ကိုင်း စစ်ကြီးအတွင်း သူများရပ်ရွာမှာ သားအမိ၂ယောက်လူမာက ပြုစုသူမဲ့နေသည်။ တစ်ချိန်က အနားမှာ မင်းကတော် တစ်ယောက်ကဲ့သို့သော ဥစ္စာဓနနှင့် ဝိုင်းဝိုင်းလည်ခဲ့တဲ့ မမြရင်လေ။ မမြရင် ဘာစားချင်လဲ၊ မမြရင် ဘာဝတ်ချင်လဲ။ မမြရင် ဘယ်သွားချင်လဲ လက်ညိုးညွှန်ရာ ရေဖြစ် ရွှေဖြစ်တဲ့ မမြရင်လေ။
ထိုစဉ်ကာလ စင်ပေါ်မှာ ထင်ပေါ် အောင်မြင်သော်လည်း မာန်မာနမရှိ၊ အမော်အကြွားမရှိ၊ အရာရာ နုညံ့သိမ်မွေ့ စိတ်စေတနာ ကောင်းလှသည့် မမြရင်။ အခုတော့ ကံကြမ္မာက ထိုမျက်နှာကိုပင်မထောက်။ ရက်စက်လှချည့်လေ။ သူများအိမ်ဝင်းထဲက တဲလေးထဲ အိပ်ရာပေါ်လဲနေသည့် သားအမိမှာ ဆေးတိုက်သူမရှိ၊ ပြုစုသူမဲ့။ ယုတ်စွအဆုံး ကိယ်လက်သူတ်သင် သန့်ရှင်းဖို့ပင် ခက်ခဲလှချည့်။ သည်ကာလမှာမမြရင်အတွက် ကံကြမ္မာက ကောက်ရိုးတစ်မျှင် ချပေးလိုက်သည်။ သူက အပိန်း တဲ့။ မန္တလေးပေါက် တရုတ်တစ်ယောက် ဖြစ်သည်။ သူလည်း ဧည့်ပြသို့ စစ်ပြေးရင်းရောက်လာသည်။ အပိန်းက မန္တလေးမှာ ခေတ်ကောင်းစဉ် မမြရင်ပွဲနောက် တကောက်ကောက်လိုက်သည့် ကိုလူပျို ကာလသားထဲက တစ်ယောက် ဖြစ်ခဲ့သည်။ ပြောကြစို့ဆို မမြရင် မျက်နှာသာပေးတဲ့ အထဲ ပါဝင်ခွင့်မရသူ မျက်နှာမွဲလေးပေါ့။ အခု မထင်မှတ်ဘဲ ဧည့်ပြမှာ သူချစ်သော မမြရင်ကို တွေ့ရပြီလေ။
ဗျိုင်းတောင်သံကင်း သံလျင်းမလွှမ်း လွမ်းချင်းမပါ
————————————————-
သို့သော် ချစ်သူဝိုင်းဝိုင်းလည်သည့် မမြရင် မဟုတ်တော့။ အထီးကျန် မမြရင်၊ လူမမာ ရောဂါသည် မမြရင်၊ အဝတ်အစားပင် မလဲနိုင်တော့ဘဲ အညစ်အကြေးပလပွနှင့် အရိုးပေါ် အရေတင် မမြရင်လေ။ သို့သော် အပိန်းက မမြရင်ကို မောင်တစ်ယောက်က အစ်မရင်း တစ်ယောက်ကို ပြုစုသလို ပြုစုသည်။ ကိုယ်လက်သုတ်သင်သည်အထိ မရွံမရှာ ပြုစုသည်။ တတ်အားသလောက် ကြိုးစားကာ ဆေးကုပေးသည်။ သို့သော် အလာကောင်းပေမင့် အခါနှောင်းပြီလေ။ ကောဇာသက္ကရာဇ် ၁၃၀၇ခုနှစ် ကဆုန်လပြည့်ကျော် ၄ ရက်၊ ၁၉၄၅ခု ဧပြီလ ၂၉ရက်နေ့မှာ မမြရင် သူချစ်သော အနုပညာလောက က ထာဝရ ထွက်ခွာ သွားပါပြီ။
ထို့ကြောင့် အပိန်းက အိမ်နီးချင်း လူပျိုလေး တစ်ယောက်ကို အကူအညီတောင်းပြီး မမြရင်၏ ရုပ်ကလာပ်ကို စောင်လေးနှင့်ပဲ ပတ်ကာ ၂ယောက်ထမ်းပြီး သြင်္ဂီုဟ်လိုက်ရသည်။ ရောသည် ကွယ်လွန်တာရော စစ်ကြောင့် ရွာထဲမှာ တထိပ်တလန့်မို့ရော နာမည်ကျော် အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်၏ ဈ ာပနက ဗျိုင်းတောင်သံကင်း သံလျင်းမလွှမ်း လွမ်းချင်းမပါ ပြာသာဒ်ကင်းမဲ့ ချို့ချို့တဲ့တဲ့နှင့် ကိစ္စပြီးခဲ့ရသည်။ ချို့တဲ့လိုက်သမှ ကြေးစည်ပင် မထုနိုင်ခဲ့ဘူးတဲ့လေ။
မမြရင်၏ ရုပ်ကလာပ်ကို အပိန်းနှင့်အတူ ၂ယောက်သား ရှေ့နောက် ထမ်းချခဲ့သည့် အိမ်နီးချင်း လူပျိုလေးက အခု ထိုဇာတ်လမ်းကို ပြောပြနေသည့် အသက် ၈၀ အရွယ် ဘကြီးသွဲ့လေ။ ဘကြီးသွဲ့ မမြရင် အလောင်းကို အပိန်းနဲ့ ကျုပ်က ရွာသုသာန်ဇရပ်ရဲ့ စနေထောင့်မှာ မြေမြှုတ်သြင်္ဂီုဟ်ခဲ့တာပါ။ အခုတော့ အရင်က ဇရပ်လည်းမရှိတော့ ဘယ်နေရာဆိုတာတောင် မှန်းမရတော့ပါဘူးကွယ်ဟု ဝမ်းနည်းသည့် လေသံဖြင့် ပြောသည်။ ဘကြီးသွဲ့နှင့်အတူ မမြရင်၏ နောက်ဆုံးခရီးကို ပြောပြနေသည့် မက္ခရာက ဒေါ်မြသင်းကလည်း လိုတာ ဝင်ထောက်ရင်း အတိတ်ကို သတိရကာ မျက်ရည်ဝဲနေ၏။ ဒေါ်မြသင်း က ဆက်ပြောပြသည်မှာ “မမြရင် ဆုံးပြီး ၄ရက်ပဲ ကွာတယ်။ မအေဖြစ်တဲ့ ဒေါ်ဉာဏ်ရုံလည်း ဆုံးရှာတာပါပဲ။ ကံဆိုးလိုက်တဲ့ သားအမိပါကွယ်” တဲ့။
