အောက်တိုဘာ ၂၂ ၊ ၂၀၂၆
CC (VOM)
မိုးစပါးကို အခြေခံရည်ညွှန်းစပါးဈေးနှုန်းအဖြစ် ၁၃ သိန်း ၅၀ဝဝဝ ကျပ်သတ်မှတ်လိုက်ပေမယ့် စျေးကွက်ပေါက်စျေးက အဲဒီစျေးထက်မြင့်နေရင် ပေါက်စျေးအတိုင်း ဝယ်ယူရမယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့က ဆိုပါတယ်။
လက်ရှိမှာ မိုးစပါးအသစ်ပေါက်စျေးက စပါးအမျိုးအစားအပေါ်လိုက်ပြီး ကျပ်သိန်း ၂၀ ကနေ ၂၄ သိန်းအကြား ပေါက်စျေးရှိနေပြီး အဝယ်လိုက်နေတယ်လို့သိရပါတယ်။
” အခုသတ်မှတ်ပေးတယ်ဆိုတာက အခြေခံစျေးနူန်းပါ ။ အဲဒီစျေးနဲ့အရောင်းအဝယ်လုပ်ဖို့မဟုတ်ပါဘူး။ စျေးကွက်ပေါက်စျေးက ရည်ညွှန်စျေးထက်နည်းနေရင်သာ ရည်ညွှန်စျေးအောက်ချပြီး ဝယ်လို့မရတာပါ။ စျေးကွက်ကမြင့်နေရင် မြင့်တဲ့အတိုင်းဝယ်ရပါမယ်။ ” လို့ ဆန်စပါးကုန်သည်တယောက်က ပြောပါတယ်။
ဒါကြောင့်တောင်သူတွေအနေနဲ့ အခုထုတ်ပြန်လာတဲ့ စပါးအခြေခံရည်ညွှန်းစျေးနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိသလို အခုဖြစ်နေတဲ့ စျေးကွက်အပေါ် လည်းထိခိုက်စရာမရှိကြောင်း ၊ စပါးစျေးလည်း ကျစရာအကြောင်း မရှိဘူးလို့ သိရပါတယ်။
အဲဒီအပေါ် မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ” ဒါက အခြေခံစျေးပါ ဒီစျေး က အလုပ်လုပ်ဖို့ မဟုတ်ပါဘူး။ လက်ရှိ export ကို ကျွန်တော်တို့ တိုးမြှင့် ဝယ်ယူတင်ပို့ရောင်းချနေတော့ စပါးစျေး ကျစရာ မရှိပါဘူး။ ” လို့ သုံးသပ်ပြောပါတယ်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့ကတော့ အစိုဓာတ် (၁၄)% ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ တတင်း၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ကို ဆယ့်သုံးသိန်းငါးသောင်း သတ်မှတ်လိုက်တာပါ။
မြေပြင်မှာ အမှန်တကယ်ဖြစ်နေတဲ့ မိုးစပါးစျေးကွက်ကတော့ အဲဒီလို အစိုမှတ် ၁၄ ရာခိုင်နူန်းသာရှိတဲ့စပါးအခြောက်ဆိုပါက ပေါင် ၅၀ ရှိ တင်း ၁၀၀ ကို ၂၄ သိန်းကျပ်လောက် စျေးပေါက်နေပါတယ်။
မိုးစပါးစျေးကွက်ဟာ အခုအောက်တိုဘာ ဒုတိယပတ်လောက်ကစပြီး ဆက်တိုက်မြင့်တက်လာနေတာဖြစ်ပြီး စပါးစျေးကောင်းနေတဲ့အတွက် တောင်သူအများစုကလည်း လက်ရှိ ရိတ်သိမ်းနေတဲ့ စပါးအများစုကို သိုလှောင်တာမျိုးမလုပ်တော့ဘဲ ရောင်းချမှုရှိနေပါတယ်။
မနှစ်က မိုးစပါးရိတ်သိမ်းချိန်မှာ.စပါးတင်း ၁၀၀ ကို ၈၅၀၀၀၀ ကျပ်အထိကျဆင်းခဲ့ပြီး အထွက်နူန်းလည်းကျဆင်းခဲ့ တာကြောင့် တောင်သူအားလုံး အရှုံးပေါ်ခဲ့ပြီး ဒီနှစ်မှာမှ အကျိုးအမြတ်ခံစားရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – VOM
