မင်္ဂလာတောင်ညွန့် စတိုးဆိုင်ဖောက်ထွင်း လူသတ်မှုမှ ကျူးလွန်သူ နှစ်ယောက်ကို ထပ်မံဖမ်းဆီးရမိ

အောက်တိုဘာ ၂၂ – ၂၀၂၆
SN (VOM)
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၃) လမ်းရှိ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်အတွင်းဖြစ်ခဲ့တဲ့ ဖောက်ထွင်းမှုနဲ့ လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူ နှစ်ယောက်ကို ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ မွန်းလွဲပိုင်းမှာ ထပ်မံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
အခင်းဖြစ်ပြီးနောက် ပြစ်မှု ကျူးလွန်သူ သုံးယောက်ထဲက တယောက်ဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် မောင်မောင်ဆိုကို သက်သေခံဓားနဲ့အတူ မနေ့ အောက်တိုဘာ ၂၁ ရက်၊ ညနေပိုင်းက ဖမ်းမိခဲ့ပြီး ကျန်ရှိနေသူ နှစ်ယောက်ကို တောင်ဒဂုံမြို့နယ်အတွင်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
“ပြစ်မှု ကျူးလွန်တဲ့သူတွေက တာမွေ ကြက်/ဘဲဈေးက ပျံကျ အလုပ်သမားတွေလို့ သိရတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်ပြီး အိမ်ရှင်နဲ့တိုးလို့၊ အိမ်ရှင်က ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းတာကြောင့် ဓားနဲ့ ထိုးခဲ့တာလို့ သိရတယ်။ အခင်းဖြစ်ပြီးချိန်ကတည်းက ကျန်နေတဲ့ တရားခံပြေးတွေကို နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စုံစမ်းမှုတွေ တောက်လျှောက် လုပ်ခဲ့တာ။ အခု သုံးယောက်လုံး ဖမ်းမိပါပြီ။ တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်နေပါတယ်” လို့ သူက ပြောပါတယ်။
ပြစ်မှု ကျူးလွန်ခဲ့သူတွေကို မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
“အမှုဖြစ်တုန်းကတော့ အားလုံးက လန့်နေကြတာပေါ့။ ပစ္စည်းခိုးဖို့ လာပြီးမှ လူသတ်မှုအထိ ဖြစ်သွားတာ။ အသတ်ခံရတဲ့ ကောင်လေးက ဓားနဲ့ ကိုးချက်လောက် အထိုးခံရတယ်လို့ ပြောတယ်။ ကိုယ့်ရပ်ကွက်ထဲ ဒီလိုရက်စက်တဲ့ လူသတ်မှုမျိုး ဖြစ်သွားတော့ ညဘက်ဆို အပြင်တောင် မထွက်ရဲကြဘူး။ အခုလို တရားခံတွေအကုန်လုံး မိပြီဆိုတော့မှပဲ စိတ်အေးရတယ်။ နောက်နောင် ဒီလိုမျိုး မှုခင်းတွေမဖြစ်အောင် လုံခြုံရေးကို ပိုပြီး တိုးမြှင့်ပေးစေချင်ပါတယ်” လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပါတယ်။
ဖြစ်စဉ်မှာ မနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက် ၁ နာရီကျော်ဝန်းကျင်က ပုသိမ်ညွန့် (၃) လမ်းအတွင်း မုန့်မျိုးစုံနဲ့ စတိုးဆိုင် ဖွင့်လှစ်ထားတဲ့ နေအိမ်ရှိ နောက်ဖေးပေါက် သံပန်းတွေကို ပြစ်မှု ကျူးလွန်သူတွေက ဖြတ်တောက်၊ ဝင်ရောက်ပြီး ပစ္စည်းခိုးယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
နေအိမ်အတွင်း ရောက်ရှိချိန် အသက် (၂၄) နှစ်အရွယ် အိမ်ရှင်လူငယ် မောင်စိုပြည် (ခ) စွမ်းညီက တွေ့ရှိသွားပြီး ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းခဲ့တာကြောင့် အဲဒီ လူငယ်ကို ဓားနဲ့ထိုးသတ်ခဲ့သလို ၎င်းရဲ့ အဒေါ်ဖြစ်သူကိုလည်း ဓားနဲ့ထိုးခဲ့တယ်လို့ သိရပါတယ်။
မောင်စိုပြည် (ခ) စွမ်းညီဟာ ရရှိတဲ့ ဓားဒဏ်ရာတွေနဲ့ အခင်းဖြစ် နေရာမှာတင် သေဆုံးခဲ့ပြီး အဒေါ်ဖြစ်သူကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ်ကုသဆောင် (ICU) မှာ လက်ရှိအချိန်အထိ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်ကလည်း ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ “စိတ်တိုင်းကျ” အိမ်ဆောက်ပစ္စည်းဆိုင်မှာ ပိုင်ရှင်ကိုသတ်ပြီး ပစ္စည်းလုယက်မှုဖြစ်ခဲ့ကာ တရားခံ သုံးယောက်လုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါအပြင် စက်တင်ဘာ ၁၅ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ အသက်ကြီးပိုင်းအရွယ် ဇနီးမောင်နှံနှစ်ယောက် နေအိမ်အတွင်း သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီး ကျူးလွန်သူ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW