အောက်တိုဘာ ၂၃ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ် ၊မြဝတီမြို့နယ် တောင်ဘက်ခြမ်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို မြန်မာဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တချို့နဲ့ မြန်မာအမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာ ထိုင်း – မြန်မာနယ်စပ် ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စုအတွင်းမှာ မူး (၉) ရှိ ဝပ်ဟွေ့မဟာဝန်းဘုရားကျောင်းရှေ့နဲ့ မူး (၂) ရှိ ကွေ့ဆိပ်ကမ်းအနီး လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း၊ နေအိမ် သုံးလုံးနဲ့ အခန်းနှစ်ခန်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီကနေ့ အောက်တိုဘာ ၂၃ ရက်မှာတော့ ထိုင်းဘုရင့်တပ်မတော် ရာ့ချ်မနူးအထူးတပ်ဖွဲ့ (Ratchamanu Task Force) နဲ့ အမှတ် (၃၄၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ထိုင်းနယ်စပ် သောင်းရင်းမြစ်ကမ်းတလျှောက်မှာ စစ်အင်အားဖြည့်တင်းကာ ကင်းလှည့်ခြင်း၊လုံခြုံရေးတိုးမြှင့်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းဌာနတွေကလည်း ဖော်ပြနေပါတယ်။
” လက်နက်ကြီးကျတဲ့ရွာဘက်မှာတော့ ဒေသခံတွေ အကုန်ရှောင်နေကြတယ်သိရတယ်။ ထိုင်းအာဏာပိုင်တွေကလည်း လုံခြုံရေးတိုးချပြီး ကင်းလှည့်နေတယ်။ အရင်တခါကလည်း ခုလိုပဲ ထိုင်းဘက်က ငရုတ်ခင်းထဲကို ဒရုန်းဗုံးကျပြီး မြန်မာလုပ်သားမိသားစုဝင်သုံးယောက်သေဆုံးတာရှိခဲ့တယ်။ ” လို့ ထိုင်းရောက် မြန်မာနိုင်ငံသားက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ထိုင်း – မြန်မာနယ်စပ်ရှိ မင်းလက်ပံ – ဖလူး – ဝေါလေ ဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာ နှစ်ချီကြာမြင့်နေပြီ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီ ထိုင်း – မြန်မာ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မင်းလက်ပံ ၊ ဖလူး ၊ ဝေါလေ ဒေသက ဒေသခံတွေလည်း. နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို ထိုင်းနယ်စပ်က ကျေးရွာဘက်တွေကိုပါ ရံဖန်ရံခါ လက်နက်ကျည် ကျရောက်ပေါက်ကွဲမှု ရှိနေတာဖြစ်ပါတယ်။
ဇွန် ၂ ရက်နေ့ကလည်း မြ၀တီမြို့နယ် ၊ ဝေါလေဗျူဟာဘက်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ မောကဲထိုင်ကျေးရွာ (မူး ၁) ရှိ ငရုတ်သီးစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် သုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
