MNDAA က ဒေသခံရဲ့ ဘာသာစကားနဲ့ မြေယာပိုင်ဆိုင်မှု​တွေကို အတင်းအကျပ် ပြောင်းလဲမှု SSJAC ကန့်ကွက်

အောက်တိုဘာ ၂၃၊ ၂၀၂၆။
NN(VOM)
၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းပြည်မြောက်ပိုင်းက ဒေသခံတို့ရဲ့ ဘာသာစာပေနဲ့ မြေယာပိုင်ဆိုင်မှုတွေကို အတင်းအကျပ် ပြောင်းလဲနေတာကို ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
MNDAA အနေနဲ့ ဒေသခံတွေနဲ့ အကျွမ်းတဝင်မရှိတဲ့ ဘာသာစကားတွေကို ရုံးသုံးဘာသာစကားမှာ အသုံးပြုခဲ့ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ သုံးစွဲဖို့ ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေ အသုံးပြုနေတဲ့ ဘိုးဘွားပိုင်မြေယာတွေကို အတင်းအကျပ် ပြုပြင်ပြောင်းလဲနေတာကို ကန့်ကွက်တယ်လို့ SSJAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
MNDAA က ပြဋ္ဌာန်းလိုက်တဲ့ မြေယာဥပဒေနဲ့ အခြားအုပ်ချုပ်ရေးဥပဒေတွေဟာ ဒေသခံတွေထက် နိုင်ငံခြားသားတွေ မြေယာပိုင်ဆိုင်မှုကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြစ်ပေါ်စေတယ်လို့ SSJAC က ထောက်ပြပါတယ်။
“သိန္နီမှာ တရုတ်လွှမ်းမိုးမှုက ပိုများလာတယ်။ ပြီးတော့ ဒေသခံတွေရဲ့ စာပေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီးတာတွေ လုပ်ခဲ့တာရှိတော့ ဒီအပေါ်မှာ ရှမ်းအဖွဲ့အစည်းတွေက မကျေနပ်ကြဘူး” လို့ သိန္နီမြို့ခံတစ်ယောက်က ပြောပါတယ်။
MNDAA တပ်ဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် ကန့်ကွက်တဲ့ ဒေသခံတွေအပေါ် ဖမ်းဆီးအရေးယူမှုတွေ လုပ်ခဲ့တာဟာလည်း ဒေသခံတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ SSJAC က ပြောပါတယ်။
MNDAA ရဲ့ ဒီလုပ်ရပ်တွေဟာ ဒေသခံတိုင်းရင်းသားတွေကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပြီး တိုင်းရင်းသားအချင်းချင်းကြား လူမျိုးရေးပဋိပက္ခတွေကို ဖြစ်စေတယ်လို့ SSJAC က ဆိုပါတယ်။
MNDAA အနေနဲ့ ဒီလုပ်ရပ်တွေကို မရပ်တန့်ရင် ဒေသခံပြည်သူတွေရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ အကျိုးစီးပွားရပ်တည်ခွင့်ကို ကာကွယ်ရန်အတွက် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တုံ့ပြန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်သွားမယ်လို့ SSJAC က သတိပေးထားပါတယ်။ SSJAC ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ MNDAA ဘက်က တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
SSJAC အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တို့ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖွဲ့စည်းထားတဲ့ ကော်မတီလည်း ဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်ရှိရာ သိန္နီမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း တရုတ်စာပေကို အဓိက သုံးလာတဲ့အပြင် ဒေသခံတွေရဲ့ ဘာသာစာပေနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို တရုတ်စာ အဓိက သုံးစွဲခဲ့လို့ ဒေသခံတွေ အခက်အခဲဖြစ်နေချိန်မှာပဲ SSJAC က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
၁၀၂၇ တိုက်ပွဲနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်းက မြို့တွေကို သိမ်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဒေသခံတွေရဲ့ သဘောတူညီချက် မရှိဘဲ မိမိတို့ အဖွဲ့ရဲ့ ဘာသာစာပေတွေကို အဓိကထား သုံးတာတွေ ရှိတာကြောင့် ဒေသခံတိုင်းရင်းသားတွေနဲ့ မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့အဝင်မှာ ရှိတဲ့ မြို့အဝင်မုခ်ဦး ဆိုင်းဘုတ်ပေါ်က ရှမ်းစာသားတွေကို TNLA တပ်ဖွဲ့က ပြင်ဆင်လိုက်တာကြောင့် ရှမ်းလူမှုအဖွဲ့အစည်းတွေက ကန့်ကွက်ခဲ့လို့ ပြန်လည် ပြင်ဆင်ပေးခဲ့ရပါတယ်။
အခုနှစ် ဧပြီမှာလည်း MNDAA က TNLA သိမ်းပိုက်ထားတဲ့ ကွတ်ခိုင်မြို့ကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ပြီးနောက်ပိုင်း တအာင်းတိုင်းရင်းသားတွေရဲ့ စာပေနဲ့ ရေးထားတဲ့ ကျေးရွာဆိုင်းဘုတ်တွေကို ဖျက်ဆီးပြီး တရုတ်စာပေနဲ့ ပြန်လည်ပြုပြင်ရေးသားတာတွေ လုပ်ခဲ့လို့ တအာင်းအရပ်ဘက် အဖွဲ့တွေဘက်က ကန့်ကွက်ခဲ့ဖူးပါတယ်။

Related posts

✕
VOM News

FREE
VIEW