လားရှိုးမှာ ဓားပြတိုက်မှု အဖြစ်များလာ

အောက်တိုဘာ ၂၃၊ ၂၀၂၆
NN(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ အခုရက်ပိုင်း အတွင်း ဓားပြတိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။
အခုလ ၂၂ ရက်နေ့က လားရှိုးမြို့ အမှတ် (၁၂) ရပ်ကွက်ရှိ ကုန်မာဆိုင်တဆိုင်ကို သေနတ်နဲ့ ဓားကိုင်ထားတဲ့ အမျိုးသားနှစ်ယောက် ဝင်ရောက်လုယက်ခဲ့ပါတယ်။
လုယက်မှုအတွင်း ငွေအချို့နဲ့ လက်ကိုင်ဖုန်းတလုံး ပါသွားတယ်လို့ မြို့ခံအချို့ဆီက သိရပါတယ်။
အလားတူပဲ အခုလ ၁၉ ရက်နေ့က ရွှေဆိုင်တဆိုင်မှာ ဆိုင်သိမ်းပြီး ပြန်လာတဲ့ လင်မယားနှစ်ယောက် လမ်းမှာ သေနတ်ထောက် လုယက်ခံ ခဲ့ရပါတယ်။
ရွှေထည်တွေ ပါမသွားပေမယ့် ငွေသိန်းရာနဲ့ချီ ပါသွားခဲ့တယ်လို့ လုယက်ခံရသူ တွေနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။
“အခုက ဟိုနားလု၊ ဒီနားဓားပြတိုက်နဲ့ ဖြစ်နေတာ။ လုံခြုံမှု မရှိတော့ဘူး။ မြို့မှာက စီးပွားရေးက မကောင်းပါဘူးဆို၊ လုယက်တာတွေပဲ များနေတာ” လို့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
လုယက်မှု၊ ဓားပြတိုက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေက လိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။
လားရှိုးမြို့ပေါ်မှာ မူးယစ်ဆေးသုံးစွဲသူတွေ အရင်ကထက် ပိုများလာပြီး ညအချိန် ဓားနဲ့ခုတ်တာတွေ၊ လုယက်တာတွေ ပိုများလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နေရာတကာမှာ ဆေးသမားတွေ များနေတာ။ ဖမ်းပြီးရင်လည်း ပြန်လွတ်လာတာပဲ။ အခုက မြို့ထဲမှာ ခဏခဏဆိုသလို လုတာတွေ ဖြစ်လာနေပြီ” လို့ လားရှိုးမြို့ခံနောက်တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းကလည်း လားရှိုးမြို့မှာ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှု အနည်းဆုံး သုံးကြိမ် ဖြစ်ပွားခဲ့ပေမယ့် တရားခံတွေ ဖမ်းဆီးရမိတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။
၁၀၂၇ တိုက်ပွဲ ကာလအတွင်း လားရှိုးမြို့ကို ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး တရုတ် အစိုးရ ကြားဝင်ညှိနှိုင်းပေးလို့ မြို့ပေါ် ရပ်ကွက် ၁၂ခုနဲ့ ကျေးရွာအုပ်စုတခုကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Related posts

✕
VOM News

FREE
VIEW