အောက်တိုဘာ ၂၃ ၊၂၀၂၆
GG (VOM)
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ပေါ်မှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက်ပိုင်းပ လက်နက်ကြီးကျရောက် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
မနက် ၈ နာရီလောက်မှာ စစ်တွေမြို့ ၊ မင်းဘာကြီးလမ်း ၊ ရွှေငါးစတိုးဆိုင် ခွဆုံးဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ကနဦးသိရှိချက်အရ သေဆုံးသူ သုံးယောက်ရှိပြီး ဒဏ်ရာရရှိသူ အမျိုးသား ၊အမျိုးသမီး ၁၆ ယောက်လောက်ရှိတယ်လို့ သိရပါတယ်။
” မနက် ၈ နာရီကျော်လောက်မှာ အမြှောက်ကျည်ဆံတခုပြုတ် ကျပုံရတယ်။ သေချာသဲသဲကွဲကွဲမသိကြဘူး။ လူတွေကလည်း ပေါက်ကွဲမှုဖြစ်မှသိကြတာလေ။ ပထမဆုံးသိရတာ နှစ်ယောက်ဆုံးတယ်။ နောက်ဆုံးသတင်းကတော့ သုံးယောက်သေတာပေါ့။ ဒဏ်ရာရတဲ့သူအရေအတွက်တော့ မသိရသေးဘူး။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူအားလုံးကို စစ်တွေဆေးရုံကြီးမှာ ဆေးဝါးကုသပေးနေပြီး ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေရှိတယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်နေကြောင်း ၊ စစ်တွေနဲ့ ပေါက်တောမြို့နယ်အကြားက ငပြီကျွန်းမှာလည်း တိုက်ပွဲ ပြင်းထန်နေပါတယ်။
ဓာတ်ပုံ – CJ
