သူတို့အိမ် အခန်း (၂၅၃)

ဆူးငှက်

 

 

မန္တလေးသူ မန္တလေးသားတိုင်း အလွမ်း
—————————————
ဗုံလေးလုံးသံစဉ်ကို အခက်အခဲများကြားက ထုတ်လုပ်ဖြန့်ချိလိုက်ပြီးနောက် အစ်မကြီးဒေါ်ခင်စောဦးလည်း သဘောကျ ကျေနပ်သွားသည်။ ထိုစဉ်ကာလ မင်္ဂလာဆောင်တိုင်းက အိုရီယမ်တယ်ဟောက်စ်မှာ ချည်းမို့ မင်္ဂလာဆောင် ဝင်တိုင်း အိုရီယမ်တယ်ဟောက်စ်ကို လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါ်ခင်စောဦးနှင့် တွေ့ကာ စကားတွေ ပြောဖြစ်ကြသည်။ ပြောဖြစ်ကြတာတွေကလည်း အတိတ်မန္တလေး အလွမ်းချည်း ဖြစ်ပါ၏။ ထိုစဉ်အခါ ကျွန်တော်တို့တတွေ နှမြောတသ အလွမ်းဆုံးမှာ မန္တလေးသင်္ကြန်ဖြစ်သည်။ ကျွန်တော်တို့က ကျုံးပတ်လည်ရှိ ရေပက်သင်္ကြန်ကို မခံစားနိုင်ကြ။ အတိတ်က မြို့လုံးပတ်လည် စည်ကားခဲ့သော အကသင်္ကြန် အလှသင်္ကြန် ဂီတသင်္ကြန်ကို တမ်းတကြသည်။ လွမ်းဆွတ်ကြသည်။ ထိုစဉ်ကာလ ရင်ခုန်ခဲ့ရသော သင်္ကြန်သီချင်းတွေကို ကြားယောင်ကြသည်။ သင်္ကြန်အကတွေ သင်္ကြန်ဂီတတွေကို တူးဆွကြသည်။

 

 

ထိုနံရောအခါ အစ်မဒေါ်ခင်စောဦးက အတိတ်သင်္ကြန်ကို ပြန်လည် တမ်းတဖော်ထုတ်သည့် အစီအစဉ်တစ်ခု ဖြစ်စေချင်သည်။ သည်တော့ ကျွန်တော်က အတိတ်သင်္ကြန်အကြောင်း ပြန်ပြောင်းပြောမည်ပေါ့။ ထို အပြောအဟော တွေကို အတိတ်သင်္ကြန်သီချင်းတွေ ဂီတတွေ အကတွေနှင့် သရုပ်ဖော်တင်ဆက်မည်ပေါ့။ သင်္ကြန် အစီအစဉ် ဆိုတော့ ထုံစံအတိုင်း မပါမဖြစ် မြို့မ ပါမည်ပေါ့။ ရတနာပုံခေတ် သင်္ကြန်မှသည် ကိုလိုနီခေတ် သင်္ကြန်ှ ငြိမ်းချမ်းရေးသင်္ကြန် ပြည်ထောင်စုသင်္ကြန် ဝင်းဦးသင်္ကြန်မှ သင်္ကြန်မိုးမှာ အဆုံးသပ်ကြမည်လေ။ ကိုင်း.. ထုံးစံအတိုင်း မမဒေါ်ခင်စောဦး၊ လှဂုဏ်ရည် ကိုကျော်ဝင်းနှင့် ကျွန်တော်တို့ ညီအစ်ကို မောင်နှမ ၃ဦး အမူးပြေပြန်တော့ ထန်းပင်ကို မော့ကြည့်ကြပြီပေါ့။

 

 

ဆောင်းနှင်းမြူငွေ့ကြားက တူးပို့တူးပို့သံ
—————————————————
ထိုနှစ် မန္တလေးဆောင်းက အအေးပိုတယ်လို့ ပြောကြသည်။ အအေးပိုတယ်ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေက စာရင်ပိုပြီး အေးလာတာကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က ကြုံခဲ့ရသော အအေးမျိုးတော့ မရောက် သေးပေ။ ကျွန်တော်တို့ငယ်ငယ်က ဆောင်းရာသီရောက်လျှင် ညနေစောင်းတာနဲ့ အနွေး ထည်အထပ်ထပ်ဝတ်၊ ခြေစွပ်၊ လက်အိတ်၊ ခေါင်းစွပ်တွေနဲ့ အိမ်ရှေ့မှာ ဖိုထားတဲ့ ထင်းမီးဖိုကြီးနား ပြေးကပ်ကြရသည်။ ဆောင်းဝင်ကတည်က ဖိုထားတဲ့ ထင်းမီးဖိုကြီးက မန်ကျည်းသားထင်းတုံးကြီးတွေ ထိုးထားပြီး နေ့မီး၊ ညမီးဆက်နေတာပေါ့။ မီးဖိုကြီးနား ပြေးကပ်တယ် ဆိုတာ အအေးဒဏ်သက်သာရုံသာ မကပါ။ မီးဖိုကြီးပေါ် တည်ထားသည့် ပဲမြစ်ပြုတ်အိုး နှင့် မီးဖိုပြာပူထဲ ထိုးထားတဲ့ ထန်းပင်မြစ်ဖုတ်တွေ အပေါ် အာသီသဖြစ်နေတာလည်း ပါသည်။ ထို ထင်းမီးဖိုကြီးပေါ်မှာ ပဲမြစ်ပြုတ်အိုးသာမက တစ်ခါတလေ ခေါပုပ်ကြော်သည့် ဒယ်အိုးလည်း ရှိတတ်သည်။ ပဲမြစ်၊ ထန်းပင်မြစ်၊ ခေါပုပ်ကြော်တွေဟာ ဆောင်းတွင်း အစားအစာများ ဖြစ်ပါ၏။

 

မနက်လင်းပြန်တော့ နေထန်းတစ်ဖျားရောက်သည့်တိုင် နှင်းမကွဲသေး။ စိမ့်နေအောင် ချမ်းပါရဲ့။ မနက်စောစော ကျုံးနဘေးလမ်းလျှောက်တော့ နှာခေါင်းထဲ၊ ပါးစပ်ထဲက ထွက်တဲ့ လေတိုင်းက အငွေ့ ဖြစ်သွားသည်။ အဲသလို အေးခဲ့တဲ့ နှစ်တွေ ကြုံ ခဲ့ရဖူးသည်။ ဒီနှစ်အေးတော့ အေးပါရဲ့၊ ကုန်လွန်ခဲ့တဲ့ နှစ်တွေထက်တော့ အေးတာသေချာပါရဲ့။ ဒါပေမယ့် ငယ်ငယ်က ကြုံခဲ့ရတဲ့ နှစ်တွေလောက် မအေးသေး တာ မှတ်မိသည်။

 

ငယ်ငယ်ကတော့ ထိုသို့ အေးနေသည့် ဆောင်းတွင်းမှာ အတန်းတင်စာမေးပွဲအတွက် စောင်ခြုံထဲမှာ စာတွေကျက်။ အပူငွေ့တွေ သန်းလာသည့် မတ်လမှာ စာမေးပွဲဖြေ။ စာမေးပွဲ နောက်ဆုံးနေ့ သင်္ချာဘာသာ ဖြေပြီးတာနှင့် စာမေးပွဲခန်းကအပြန် လွယ်အိတ်ကို အိမ်မှာ ဘုံးခနဲ ပစ်ချပြီး စက်ဘီးတစ်စီးနှင့် သူငယ်ချင်းတွေ စုရပ် လက်ဖက်ရည် ဆိုင်ဆီသွား။ ညနေစောင်းတော့ မန္တလေးဝင်းကြီးတွေထဲက ကုက်္ကိုပင်ရိပ်၊ မန်ကျည်းပင် ရိပ်ကြီးအောက်၊ အောက်လင်း ဓာတ်မီး တထိန်ထိန်နှင့် ဖျာကြီးတွေခင်းပြီး သင်္ကြန်အကတိုက်၊ သီချင်းတိုက်၊ တီးလုံးတိုက်တဲ့ မမတွေ၊ နှမတွေဆီ အပြေးအလွှား သွားရတာ သတိရမိသည်။

 

နှစ်ဦးဂီတလက်ဆောင်
————————-
““ဟောဒီ ရေနန်း ဗိမာန်
ငွေငန်း ဓိဋ္ဌာန်ရောက်ပြန်ပြီလေ””တဲ့။
အဲဒီငယ်ဘဝကို လွမ်းသည်။
တစ်ခါတစ်ခါ လူမှု၊ စီးပွားထမ်းပိုးတွေ တိုးလို့ တိုးလို့ ပိလာချိန် စိတ်ပန်းလူပန်းဖြစ်ချိန်၊ ဒီငယ်အလွမ်း တွေများ သတိရမိရင် မျက်ရည်လည်မတတ ်ခံစားမိတာ သေချာသည်။
ကဲ.. မိတ်ဆွေတို့လည်း အဲလိုခံစား၊ အဲလို သတိရ၊ အဲလို မျက်ရည်လည်ကြတယ် မဟုတ်လား။

 

ကျွန်တော်ကတော့ ငယ်ဘဝမှာ သတိရဆုံး သင်္ကြန်ကာလတွေ တွေးမိတိုင်း သတိရလွမ်းဆွတ်ရုံ မက၊ ရင်နာ၊ အသည်းနာလိုက်ပါဘိ။

 

ထို့ကြောင့် ထိုနှစ်အအေးပိုတဲ့ အချိန်မှာမှ ဒီအလွမ်းဟာ ပိုလာ၊ ဒီနာကျင်မှုက ပိုလာလို့၊ ဖေဖော်ဝါရီလဆန်း နှင်းစက်လေငွေ့အေးမြနေတဲ့ အချိန်မှာပဲ ကျွန်တော်တို့ သင်္ကြန်ကျဖို့ ပြင်ဆင်နေကြသည်။ ကျွန်တော်နှင့် ထပ်တူမျှ ဝေဒနာ ခံစားနေရသူက မန္တလေး သူစစ်စစ်၊ မန္တလေးယဉ်ကျေးမှုကို အသက်တမျှ ချစ်တဲ့၊ မန္တလေး အိုရီယမ်တယ် ဟောက်စ်က အစ်မကြီး ဒေါ်ခင်စောဦးဖြစ်သည်။ အစ်မကြီးနှင့် ကျွန်တော်တို့က ငယ်စဉ်ကတည်းက မောင်နှမ ရင်းချာတွေလို ရင်းနှီးခဲ့ကြသည်။ ဒီတော့ မန္တလေးသင်္ကြန် ဖြတ်သန်းမှုမှာ ထပ်တူ မျှ စိတ်ချင်းတူ ခံစားကြသည်။ ထိုအခါ အစ်မကြီးကလည်း ဒီနေ့မြင်တွေ့ကြုံနေရသည့် မန္တလေးသင်္ကြန်ကို အသည်းနာ ရင်နာနေလေရဲ့။ ဒီတော့ ငယ်ဘဝကြုံရ သည့် ချစ်စရာ၊ လွမ်းစရာ မန္တလးသင်္ကြန်ကို နက်နက် ရှိုင်းရှိုင်း တသကြတော့သည်။

 

ရတနာပုံခေတ် ရာဇသင်္ကြန်
——————————–
တကယ်တော့ မန္တလေးသင်္ကြန်ဆိုတာ မန္တလေး ရတနာပုံနေပြည်တော်၏ ယဉ်ကျေးဖွယ်ရာသော “ရာဇ သင်္ကြန်”က ဆင်းသက်လာသည်။ သင်္ကြန်တော် အခါတော် ကျရောက်သည်နှင့် အရှေ့ဦးထပ်တံခါးက အမြောက် သုံးချက် စတင် ပစ်ဖောက်ပြီး လကျ်ာရစ်တံ ခါး ၁၂ချပ်က အမြောက်သုံးချက်စီ ဆက်တိုက်ပစ် ဖောက်သည်။ ပြီးရင် သင်္ကြန်အခါတော်ကို မင်း၊ မိဖုရား၊ ဝန်ကြီး၊ မှူးမတ်၊ စစ်သူကြီး၊ မင်းညီမင်းသား၊ အပျိုတော်၊ အစုံအလင်နှင့် လက်ဖွဲ့တော် ဆက်သကာ မင်းမိဖုရားက လက်ဆောင် ဆုလာဘ်များ ပေးသနား သည်။ မှန်နန်းဆောင်၊ ဇေတဝန်ဆောင်၊ မြေနန်းပြသာဒ်တို့က စိန်ဆိုင်း၊ မြဆိုင်း၊ မွန်ဆိုင်း၊ ယိုးဒယား ဇာတ်တော်တို့ တီးမှုတ်ကပြပြီး အမွှေးနံ့သာများနှင့် ယဉ်ကျေးစွာ ရေပက်ကစားကြသည်။
အလားတူ သင်္ကြန်ကျကြောင်း အချက်ပေး အမြောက်သံကြားမှ ရွှေမြို့တော်တွင်း မြို့တော်သူ မြို့တော်သားတွေ ယဉ်ကျေးစွာ အမွှေးအထုံနံ့သာ ရေကြည်၊ ရေအေးများကို သပြေခက်နှင့် ရေပက် ကစားရသတဲ့။ စတုဒီသာအလှူတွေ၊ မင်းမိဖုရားနဲ့ ဘုရားခုနှစ်ဆူ အလှူတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာ အတူ တကွ ပါဝင်ဆင်နွှဲကြသတဲ့။ ထိုဓလေ့က ရာဇသင်္ကြန်၏ ပုံရိပ်များ ဖြစ်သည်။

 

လော်ရီကားနှင့် ရေပက်သင်္ကြန်
———————————-
ပါတော်မူပြီးနောက် ရွှေနန်းတော်တွင်းက “ရာဇသင်္ကြန်”၏ ယဉ်ကျေးဖွယ်ရာ ဓလေ့များကို မြို့တော် သူမြို့တော်သား ပြည်သူလူထုက ဆက်ခံကျင့်သုံးကြ၏။ သည်အခြေခံပေါ်ကနေ ပြောင်းလဲလာသော ခေတ် အခြေအနေ အရ ခြေကျင် လှည့်လည် ရေပက်ကစားရာက ကုန်တင်လော်ရီကားကြီးတွေပေါ် တူရိယာပစ္စည်းတွေ တင်ပြီး သီဆို တီးမှုတ် လှည့်လည်လာကြသည်။ အိုးစည် ဒိုးပတ်အစား၊ ရေစိုခံတူရိယာပစ္စည်း (ဥပမာ ဘောနက်၊ ခရာ)တွေနှင့် တီးမှုတ်လာကြသည်။ တီးဆို နေကျ ရိုးရာတေး၊ မဟာဂီတ တေးသွားတွေအစား၊ စည်းလွတ် ဝါးလွတ်တေးသံတွေ သီချင်းတွေ စပ်ဆိုလာ ကြသည်။ လူထုသင်္ကြန် အသွင်ပြောင်းလာခြင်း ဖြစ်ပါ၏။

 

ထု့ိကြောင့် ယဉ်ကျေးပြီး ရိုးရာဓလေ့ အပြည့်ပါသည့် မန္တလေးသင်္ကြန်သည် အစဉ်အလာအတိုင်း ၁၃၀၀ပြည့် သင်္ကြန်၊ စစ်ကြီးအပြီး ပြည်တော်ဝင်သင်္ကြန်၊ ၁၉၄၇ ရွှေမန်းတောင်ရိပ်ခိုသင်္ကြန်၊ ၁၉၅၀ ငြိမ်းချမ်းရေး သင်္ကြန်၊ ၁၉၅၁ ပြည်ထောင်စုသင်္ကြန်၊ ၁၉၇၀ ဝန်းကျင် မြို့မဝင်းဦး သင်္ကြန်၊ ၁၉၈၀ကျော် သင်္ကြန်မိုးသင်္ကြန် များက မန္တလေးယဉ်ကျေးမှု ရိုးရာသင်္ကနြ၏ ထင်ရှားမေ့မရသော ကမ္ပည်းမော်ကွန်းတွေဖြစ်သည်။

 

ထို ကမ္ပည်းမော်ကွန်းတွေကို မန္တလေးသင်္ကြန် သမိုင်းစဉ်တစ်လျှောက် ဒီကနေ့အထိ မမောမပန်း ဦးဆောင်ပါ ဝင်ဆဲဖြစ်သော မြို့မတူရိယာ အသင်းကြီး၏ ဂန္ထဝင်သင်္ကြန်သီချင်းများဖြင့် ဖော်ကျူးမည့်် “ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်” ဟူသော ဟောပြောမှု အစီအစဉ်ကို ဆောင်းငွေ့အေးမြဆဲ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၄ရက် မနက်၉နာရီ တိတိမှာပဲ၊ မန်္တလေး အိုရီယမ်တယ်ဟောက်စ် မင်္ဂလာခန်းမမှာ ကျင်းပခဲ့သည်။

 

မြို့မတူရီယာအသင်းကြီးက စစ်ကြို၊ စစ်တွင်း၊ စစ် ပြီးကာလတွေမှသည် သင်္ကြန်မိုးကာလအထိ သင်္ကြန် သီချင်းတွေ တီးမှုတ်သီဆို။ မန်္တလေးသူ ယိမ်းအဖွဲ့လေး တွေက မန်းဟန်နန်းဟန်နဲ့ ကပြကြသည်။

 

စံရာတော်ကျွန်းမှသည်
—————————-
ရတနာပုံခေတ် သင်္ကြန်ပုံရိပ်များကို အသက်၉၀ကျော်အရွယ် နန်းတွင်းစည်တော်ပညာရှင် မျိုးဆက် ဦးမောင်ချို ဦးဆောင်သည့် သက်တော်ရှည် နန်းတော်ရှေ့ မင်္ဂလာ စည်တော်ကြီးအဖွဲ့က သဘင်ပညာရှင် ဘိသိတ် ပညာရှင် ငါးမည်ရ တင်သိန်း၏ မော်ကွန်း၊ ရတု၊ သင်္ကြန်ခေါ် လင်္ကာစာများနှင့် ထီးဟန်နန်းဟန်မပျက် သီဆို တီးခတ် ဖော်ကျူးခဲ့သည်။ ထို ရာဇ သင်္ကြန် အစီအစဉ်ကို မန္တလေး၏ မီဒီယာ အသီးသီးက လူငယ် သတင်းထောက် အမျိုးသား အမျိုးသမီးလေးများက ရတနာပုံခေတ် နန်းဝတ်နန်းစားများနှင့် သရုပ်ဖော် တင်ဆက်ခဲ့သည်။ ထို့နောက် ခေတ်အဆက်ဆက် သင်္ကြန် အစီအစဉ်များကို ဒေါ်ခင်ဝင်းနွယ်၊ ပန်တျာ ဒေါ်ဌေးးဌေးမြင့်၊ မီဒီယာ ယိမ်းအဖွဲ့၊ ဈေးချို ရွှေဆိုင်တန်းသူ ယိမ်းအဖွဲ့၊ ရွှေမန်းမေ ယိမ်းအဖွဲ့နှင့် ယမင်းသူဖာ မာမီအောင်တို့က သရုပ်ဖော် ကပြခဲ့ကြသည်။ နန်းတော်ရှေ့ မင်္ဂလာစည်တော်ကြီး မြို့မတူရိယာအသင်း အကပညာရှင် အဆိုပညာရှင်များ ယိမ်းအဖွဲ့များနှင့် အတိတ်မန္တလေးသင်္ကြန်အကြောင်း ၅နာရီကျော် ကြာမြင့်ခဲ့သော ကျွန်တော့် စာပေဟောပြောပွဲကတော့ ဘာအနှောက်အယှက်မှ မရှိဘဲ အောင်မြင်ခဲ့ပါ၏။

 

ဒါကတော့ ဒေါ်ခင်စောဦး ကျေးဇူးဖြင့် ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီး၊ သင်္ကြန်အလွမ်း ပိုခဲ့ကြသည့် “ရေနန်းသဘင်၊ ရွှေမန်းတွင်၊ ငွေငန်းဆင်” ဟူသော ကျွန်တော်၏ စာပေ ဟောပြောပွဲ ဖြစ်ပါ၏။

 

 

မန္တလေးကို ချစ်လိုက်သည်မှာ နှစ်ယောက်မရှိ
—————————————————–
အစ်မကြီး ဒေါ်ခင်စောဦးနှင့် ကျွန်တော်က ခံစားချက်ချင်းတူသည်။ သူက မန္တလေးသူစစ်စစ်၊ မန္တလေးကို ချစ်လိုက်သည်မှာ နှစ်ယောက်မရှိပေ။ သူနှင့် ဆုံလေတိုင်း အတိတ်မန္တလေးအကြောင်းကို ပြောကြရလျှင် ထမင်းမေ့ ဟင်းမေ့ကြသည်။ သည်အထဲ ကိုကျော်ဝင်း(လှဂုဏ်ရည်) ပါထာတော့ ပို၍ မြိုင်ဆိုင်သွားတော့၏။ ကိုကျော်ဝင်းနှင့် ဒေါ်ခင်စောဦးကလည်း အိမ်ချင်းကပ်ရက် ဖြစ်ပြီး မောင်နှမအရင်းကဲ့သို့မို့ ပြောမနာဆိုမနာ ဖြစ်သည်။ အစ်မကြီးဒေါ်ခင်စောဦးက စိတ်ကူးရှိသည်။ စေတနာပိုသည်။ တတ်နိုင်သည်။ ထိုမျှမက သူ့ခင်ပွန်း သူ့မိသားစုနှင့် သူ့အဒေါ် သူ့မိခင် သူ့ညီအစ်မများကလည်း စိတ်တူကိုယ်တူဖြစ်သည်။ ထို့သို့သော အခြေအနေတွင် ဒေါ်ခင်စောဦးက စိတ်သွားတိုင်း ကိုယ်ပါသည်။ အိုရီယမ်တယ်လ်မှာ သင်္ကြန်အစီအစဉ်ဟောပြောပွဲက အောင်မြင်သွားတော့ တစ်နှစ်ကျော်မှာပဲ နောက်ထပ် အစီအစဉ်တစ်ခု စိတ်ကူးပြန်သည်။

 

သူက “ကိုကျော်ဆန်းရေ.. ဒို့မန္တလေး ဝန်းကျင်က သိပ်လှတာနော်၊ ရေကန်ရေအိုင် တောတောင် စေတီ၊ ဥယျာဉ်ပန်းမာန်နဲ့ သဘာဝအလှတွေက အရပ်ရှစ်မျက်နှာနော်၊ ဒို့ သတိထားမိတာ အဲ့ဒီအလှတိုင်းကို ဖွဲ့နွဲ့တဲ့ သီချင်းတွေကလည်း ကိုယ်စီရှိတာ၊ အိုကျော်ဆန်းမှတ်မိသလောက် ပြောကြည့်ပါဦး” ဟု စကားစပ်မိသည်။ “ဟာ.. အစ်မကလည်း ရှေးမြို့တော်ဟောင်းတွေမှာ မန္တလေးမြို့ဘွဲ့ကိုရေးစပ်တဲ့ မဟာဂီတဝင် သီချင်းက အများဆုံးလို့ ပညာရှင်များ သုံးသပ်ခဲ့ကြတာပဲ။ ဒီ့နောက် နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဆရာညှာ၊ ဦးဘသိန်းမှသည် ကိုဘိုခင်၊တို့ ခေတ်အထိ မန္တလေးဝန်းကျင်အလှတွေကို ဖွဲ့တဲ့ သီချင်းတွေ ရေတွက်မကုန်ရှိခဲ့တာပဲဗျ” ဟု အစချီကာ ပြောဖြစ်ကြ ပြန်သည်။ သည်တော့ အစ်မဒေါ်ခင်စောဦးက “ဒါဆို အဲ့ဒီသီချင်းတွေ အခြေခံပြီး မင်းက မန္တလေးဝန်းကျင် အလှတွေ ပြောကွာ၊ ပြီးတော့ သီချင်းကို ဖော်ထုတ်သီဆိုပြ၊ မကောင်းဘူးလား” တဲ့။ ဟုတ်ပါ့၊ ကောင်းသဗျားဟု ခေါင်းညိတ်ပြီး သကာလ ကိုကျော်ဝင်း(လှဂုဏ်ရည်) ကိုခေါ်၊ ၃ဦးသား ခေါင်းချင်း ဆိုင်ကြပြန်ပြီး နောက်တစ်ပွဲ ဝမ်းစမိုး လိုက်ကြ ပြန်တော့သည်။ ဟောပြောပွဲ အမည်က “ ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို” တဲ့။

 

 

“ ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို
—————————————
“ ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို” ဟောပြောပွဲကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က Oriental House မင်္ဂလာခန်းမမှာ ကျင်းပသောအခါ မေတ္တာစေတနာအပြည့်ဖြင့် အကူအညီပေးခဲ့ကြတဲ့ ဒေါက်တာဦးကိုကိုလေး- ဒေါ်ခင်စောဦး (Oriental) ၊ မြို့မတူရိယာအသင်း ၊ ရွာစားစိန်တင့်လွင်အဖွဲ့ ၊ ဆိုင်းနှင့် စောင်းပညာရှင် တက္ကသိုလ်ခင်မြလွင် ၊ ဆိုင်း နေမင်းအောင်၊ မှတ်တမ်းတင် လှဂုဏ်ရည် ဦးကျော်ဝင်း ၊ သီတဂူမောင်မောင်နှင့် ရိုက်ကူးရေးအဖွဲ့၊ အကပညာရှင် ဒေါ်ခင်ဝင်းနွယ်၊ ပန်တျာဒေါ်ဌေးဌေးမြင့်(လမင်းတရာ)၊ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ဖိုးသောကြာ၊ တွယ်တာတုံ၊ အဖွင့်သီချင်းနှင့် ယိမ်းအကအတွက် ပါဝင်ကူညီကြတဲ့ မန္တလေးလူငယ်သတင်းသမား ညီအကိုမောင်နှမများ၊ ဟောပြောမှုအထောက်အကူပြု ဂန္ထဝင်သီချင်းများကို သီဆိုပေးကြတဲ့ မြို့မ ပင်တိုင် အဆိုတော် မောင်မယ်များ၊ကို ကျေးဇူးတင်စရာ ကောင်းလှသည်။

 

ဥတုသပ္ပာယ မျှတသော သဘာဝပတ်ဝန်းကျင်များဖြင့်
———————————————————
ထိုဟောပြောပွဲ၏ ရည်ရွယ်ချက်မှာ ရတနာပုံခေတ် နောက်ဆုံးထီးနန်းစိုက်ရာ မန်္တလေးမြို့၏ ဝန်းကျင်၌ ဥတုသပ္ပာယ မျှတသော သဘာဝပတ်ဝန်းကျင်များဖြင့် သာယာစိုပြည်၍၊ နေထိုင်သူအပေါင်း စိတ်ကြည်လင် ငြိမ်းချမ်းပျော်ရွှင်မှု ရှိခဲ့ကြပုံကို ရှေးစာဆိုကြီးများ၏ တေးသီချင်းများက ပြဆိုခဲ့သည့်အကြောင်း၊ ဟောပြော၊ သီဆို တီးမှုတ် သရုပ်ဖော် တင်ဆက်ခြင်းမည်ပါ၏။ ထို့ကြောင့် တေးပြုစာဆိုကြီးများဖြစ်ကြသော ပြင်စည်မင်းသား၊ လှိုင်ထိပ်ခေါင်တင်၊ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ ဦးသာဒင်၊ မန္တလေး ဦးဘသိန်း ကိုဘိုခင်နှင့် ရှေးစာဆိုကြီးများ၏ သီချင်းများကို အခြေခံဟောပြောကာ သီဆိုတီးမှုတ် ကပြဖျော်ဖြေခဲ့ကြသည်။ ထိုဟောပြောပွဲတွင် ထူးခြားမှု တစ်ခုက ကျွန်တော် ကိုယ်တိုင် ရေးစပ်ခဲ့သော “နက်ဖြန်.. မိုးသောက်လေသောအခါ”အမည်ရှိ အဖွင့်သီချင်း ကို မီဒီယာအသီးသီး၏ လူငယ်သတင်းသမား မောင်မယ်များက စုပေါင်းသီဆို ဖွင့်လှစ်ပေးကြခြင်း ဖြစ်သည်။

ဟောပြော သရုပ်ပြမှု အစီအစဉ်တွင် မြို့မနှင့် စိန်တင့်လွင်၊ စောင်း တက္ကသိုလ်ခင်မြလွင်တို့ ပေါင်းစပ် တီးမှုတ်ကြသည့် အောင်မင်္ဂလာမန္တလေးမြို့ဘွဲ့ယိုးဒယား၊ လာမေလိုက်ခဲ့တော့(လွမ်းချင်း)၊ မန်းမြို့အောင်ညာ (သဖြန်)၊ ရိုးရာအိုးစည်၊ တိုင်းခြိမ့်ခြိမ့်တုန်(သဖြန်)၊ မန်္တလေးမြို့ဘွဲ့ ၈၀ပေါ်တေးထပ် ပဒေသာတီးလုံးဖြင့် စတင်သည်။ ထို့မှစ၍ မြို့မငြိမ်း၏ နန်းမြို့တော်)၊ နန်းတော်ရှေ့ဆရာတင်၏ စိမ်းမြရံခြယ် အောင်ပင်လယ် နှင့် အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်၏ မယ်ဥတောင်သီချင်း၊ နန်းတော်ရှေ့ဆရာတင်၏ တောင်သမန်၊ နန်းတော်ရှေ့ဆရာတင်၏ ဧရာဝတီ၊ မြို့မငြိမ်း၏ စစ်ကိုင်းတောင်၊ နန်းတော်ရှေ့ဆရာတင်၊ ရွှေမင်းဂံ၊ နန်းတော်ရှေ့ဆရာတင်၏ လက်ရေတပြင်တည်း၊ မန္တလေး ဦးဘသိန်း-၏ ပုန်းတလုတ်ကန်၊ မြို့မငြိမ်း၏ မန္တလေး – ၂၊ ဦးသာဒင်၏ စိမ်းရောင်စို၊ မန္တလေးဦးဘသိန်း – ရွှေမန်းဆီသို့၊ နန်းတော်ရှေ့ဆရာတင် ၏ ရွှေဗဟိုစည်သံ၊ နန်းတော်ရှေ့ဆရာတင်၏ မြနန္ဒာ သီချင်းများ၏ ဗျုပ္ပတ်ကို ဟောပြောပြီး မြို့မပင်တိုင်အဆိုတော်များက သီဆိုကြသည်။ သီချင်းမျာကို အကပညာရှင် များဖြစ်ကြသည့် ခင်ဝင်းနွယ်၊ ပန်တျာဌေးဌေးမြင့်၊ တွယ်တာတုံနှင့် စာနယ်ဇင်း ယိမ်းအဖွဲ့တို့က သရုပ်ဖော် ကပြခဲ့ကြသည်။

 

ကျွန်တော့် ကျေးဇူးရှင်များ
—————————-
ကျွန်တော့်ဟောပြောပွဲတိုင်းတွင် မုံရွာမှာနေထိုင်သည့် မမခင်ဝင်းကို အမြဲခေါ်ကာ ကခိုင်းသည်။ ထို့ပြင် မောင်နှမများပမာ ဖြစ်နေသော ပန်တျာမဌေးဌေးမြင့်ကိုလည်း ကိုယ့်ဖာသာတီးလုံတိုက်၊ ကိုယ့်မိတ်ကပ် ကိုယ်လိမ်း၊ ကိုယ့်အဝတ်အစား ကိုယ်ဝတ်၊ ကိုယ့်ကားနှင့်ကိုယ်၊ ကိုယ့်အစွအစဉ်အတိုင်း မပျက်မကွက်လာရောက်ကူညီဖို့ အားမနာလျှာမကျိုး ဒုက္ခပေးမြဲ ဖြစ်သည်။ ဟော အခု ဒို့မန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို အစီအစဉ်မှာ တစ်ယောက် တိုးလာပြီ။ အစ်မ တက္ကသိုလ် ခင်မြလွင်ပဲ ဖြစ်ပါ၏။

 

သူ့ကိုလည်း အစ်မရေ ဒီသီချင်း ဒီအစီအစဉ်ပါဗျ၊ အစ်မလည်း နည်းတယ်များတယ် မအောက်မေ့ပါနဲ့၊ ကိုယ့်စောင်း ကိုယ်ပိုက်၊ ကိုယ့်ဖာသာ တီးလုံးတိုက်၊ ကိုယ့်အဝတ်အစား ကိုယ်ဝတ်၊ ကိုယ့်မိတ်ကပ် ကိုယ်လိမ်းပြီး ကိုယ့်ကားနဲ့ကိုယ် လာခဲ့ပါ။ ပွဲပြီးတော့လည်း ကိုယ့်စောင်း ကိုယ်ပိုက်ပြီး ကိုယ့်ကားနဲ့ကိုယ် ပြန်ပေရော့၊ ပြန်ပေတော့ မစဉ်းစားနဲ့ အစီအစဉ်ဖြင့် ဇွတ်ရော အဓမ္မရော အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။ သည်အစ်မများကလည်း တစ်ခါမှ မပျက်ကွက်ခဲ့၊ တစ်ခါမှ မငြီးငြူခဲ့။ ကိုဆူးရေ၊ ငါ့မောင်ရေ ဟု ရောက်လာသည်ချည်း ဖြစ်သည်။ ထို့အတူ ဇာတ်သဘင် ပညာရှင် ငါးမည်ရတင်သိန်းကလည်း ဘာမှမရသည့် အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ကျွန်တော် ပင့်လေတိုင်း ယပ်ထမ်းလိုက်သည့် ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ အလားတူး မန္တလေးမီဒီယာ မောင်မယ်လူငယ်လေးများကလည်း ကျွန်တော် မျက်ခုံးပင့်ကြည့်လိုက်တာနှင့် မိခင်ဌာနများ၏ အညိုညင်ခံကာ ဇာတ်ပိုးထပြီး “မြန်မကြာ” ကြသူများဖြစ်ပါသည်။

 

မန်းအတိတ် မန်းအရိပ်
———————–
အိုရီယမ်တယ်လ်ဟောက်စ် တွင် ကျင်းပသည့် ကျွန်တော့်ဟောပြောပွဲတိုင်းကို ဆရာဒေါက်တာအောင်ကြီးနှင့် ဆရာဒေါက်တာအောင်မြင့်(ဆေး/မန်း)တို့လည်း အမြဲတက်ရောက်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေး)တွင်လည်း ထိုကဲ့သို့ ဟောပြောပွဲတစ်ပွဲကို စီစဉ်ခဲ့သည်။ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေး) က စီစဉ်သော ကျွန်တော့် ဟောပြောပွဲကို “မန်းအတိတ် မန်းအရိပ်” ဟု အမည်ပေးခဲ့သည်။ ရတနာပုံခေတ် နောက်ဆုံး ထီးနန်းစိုက်ရာ မန္တလေးမြို့၏ ထင်ရှားသော အတိတ်သမိုင်း ပုံရိပ်အချို့နှင့် ဆက်စပ်သော ကျိုးကြောင်းဖြစ်ပျက်များကို ထိုခေတ်ထိုအခါများက ပေါ်ပေါက်ထင်ဟပ်ခဲ့သည့် “အနုပညာ” က တဆင့် အမှတ်တရ ဂုဏ်ပြုခြင်းရည်ရွယ်ချက်ဖြင့် ဦးတည်ကာ ကျွန်တော်က ဟောပြောခဲ့သည်။ ထိုပွဲမှာ မြို့မတူရိယာအသင်းက သီချင်းများကို သီဆိုတီးမှုတ်သည်။ ( ၂၁ . ၂ . ၁၅ ) ရတနာပုံခန်းမ၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (မန္တလေး) တွင် ဟောပြောသည့် “မန်းအတိတ် မန်းအရိပ်” အစီအစဉ်က ဤသို့ဖြစ်ပါ၏။

 

တေးပြုစာဆိုကြီးများဖြစ်ကြသော လှိုင်ထိပ်ခေါင်တင်၊ နန်းတော်ရှေ့ဆရာတင်၊ မြို့မငြိမ်း၊ အေဝမ်း ဆရာညှာနှင့် ဦးဘသိန်း(မန္တလေး) တို့၏ သီချင်းများကို အခြေတည် ဟောပြောခဲ့ပါသည်။ ပါဝင်သော သီချင်းများမှာ အောင်မင်္ဂလာ ယိုးဒယား လှိုင်ထိပ်ခေါင်တင်၊ နန်းမြို့တော်- မြို့မငြိမ်း၊ အောင်ပင်လယ်- နန်းတော်ရှေ့ဆရာတင်၊ ဧရာဝတီ- နန်းတော်ရှေ့ဆရာတင်၊ တောင်သမန်- နန်းတော်ရှေ့ဆရာတင်၊ ရွှေဗဟိုရ်စည်သံ – နန်းတော်ရှေ့ဆရာတင်၊ မြနန္ဒာ – နန်းတော်ရှေ့ဆရာတင်၊ အိမ်တော်ရာဘုရားဈေး – မြို့မငြိမ်း၊ ရေချိုးဆိပ် – မြို့မငြိမ်း၊ ထိုသုံးပါး – မြို့မငြိမ်း၊ ပြည်တော်ဝင် – အေဝမ်းဆရာညှာ၊ အိုလံပစ် – မြို့မငြိမ်း၊ ယဉ်တကိုယ်မယ်- မြို့မငြိမ်းနှင့် ရွှေမန်းဆီသို့- မန္တလေး ဦးဘသိန်း တို့၏ သီချင်းများကို အခြေခံဟောပြောပြီး မြို့မအဆိုတော်များဖြစ်သည့် ဇော်မျိုးထက်၊ သန်းထိုက်စိုး၊ ဝင်းဝင်းအောင်၊ မျိုးမျိုး၊ အေးစိုးထိုက်၊ ကြည်စမ်းလွင်၊ အိအိမွန်တို့က သီဆိုခဲ့ကြသည်။ သည်တစ်ပွဲမှာတော့ အက မပါတော့။

 

ဘာပဲပြောပြော ထိုစဉ်ကာလ ပြောဟယ် ဟောဟယ် ဆိုဟယ် ကဟယ်မို့ ကိုယ့် သရက်ကုန်းမြေကိစ္စကိုပင် မေ့လျော့နေပါ၏။ ဘူဒိုဇာနဲ့ထိုးတောင် “အောင်စည်ယွန်းသံ ကြားရပြီထင့် ပြည်တော်ဝင်မယ်လေ” ဟု သီချင်း တကြော်ကြော်နှင့် ပါသွားမည့် ကိန်းဖြစ်သည်။ မတတ်နိုင်။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW