အောက်တိုဘာ ၂၆၊ ၂၀၁၈
ဗျဂ္ဃ
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ လဖက်ရည်ဆိုင်မှာ အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အိမ်ထောင်ရှိ ဆိုင်ရှင် အမျိုးသားဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထီးချိုင့်မြို့မရဲစခန်းကို ဖခင်ဖြစ်သူက တိုင်တန်းခဲ့ပါတယ်။
“တရားခံကတော့ ထွက်ပြေးနေတယ်။ ဖမ်းဆီးရမိခြင်းမရှိသေးဘူး။ သူ့မိဘတွေတော့ အကြောင်းကြားထားတယ်။ ပြန်အပ်ပေးဖို့။ တရားခံဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။”လို့ စခန်းမှုး ဒုရဲမှုး ဘချစ်က ပြောပါတယ်။
အလိုမတူဘဲ အဓမ္မပြုကျင့်သူက မောင်းကုန်းကျေးရွာနေ အောင်မြန်မာ လဖက်ရည်ဆိုင်ရှင် အုပ်စိုးမင်း (၂၉ နှစ်/အိမ်ထောင်ရှိသူ)လို့ သိရပြီး လတ်တလောမှာ ထွက်ပြေးတိမ်းရှောင်နေတာပါ။
ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ အခင်းဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၃ နာရီအချိန်က ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် အိပ်နေတဲ့ အခန်းထဲကို ဆိုင်ရှင်ဆိုသူ အုပ်စိုးမင်းက အလိုမတူဘဲ ပါးစပ်ပိတ်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့တာလို့ သိရပါတယ်။ အခုလို ဖြစ်တာကိုလည်း ဘယ်သူ့ကိုမှမပြောဖို့နှင့် ပြောရင် တမိသားစုလုံးကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ကာ ပါးစပ်ပိတ်ထားတဲ့အတွက် အော်ဟစ်လို့ မရခဲ့ဘူးလို့ ရဲတပ်ဖွဲ့ စစ်ဆေးချက်တွေအရ သိရပါတယ်။
အဓမ္မပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးရဲ့ ဖခင်ဖြစ်သူက ဆိုင်ရှင်နဲ့ ရင်းနှီးမှုရှိတဲ့အတွက် အပြင်မှာ ပြေလည်ဖို့ ညှိနှိုင်းခဲ့ပေမယ့် အခင်းဖြစ်ပြီး ၄ ရက်အကြာမှ ရဲစခန်းကို သွားရောက်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့မရဲစခန်းက အမှုကြီးအမှတ် ၇/၂၀၁၈၊ (ပ)၂၂၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Photo – Htee Chaint Police