၂၀၁၈၊အောက်တိုဘာ(၂၇)
ဟိန်းကို
မန္တလေးကျုံးရဲ့ အနောက်ဖက်ရေပြင်မှာ ဒုတိယအကြိမ်မြောက် တိုင်းဒေသကြီး နဲ့ ပြည်နယ်ရိုးရာလှေလှော်ပြိုင်ပွဲကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က ဦးဆောင်၍ ယနေ့ အောက်တိုဘာ(၂၇)ရက်၊နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲကို နှစ်ရက်တာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ယနေ့ပထမနေ့ကို မီတာ(၂၀၀) ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယနေ့မှာ မီတာ(၅၀၀)ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
” မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာဖို့ရယ်၊ ပြည်သူတစ်ရပ်လုံးက လှေလှော်အားကစားကို စိတ်ဝင်စားလာပြီး ထဲထဲဝင်ဝင်ပါဝင်လာစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာပါ ” လို့ မြန်မာနိုင်ငံလှေလှော်အသင်း ဥက္ကဌ ဦးသောင်းထိုက်မင်း က ပြောပါတယ်။
ပြိုင်ပွဲမှာ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆု များကို ပြိုင်ပွဲအလိုက်ချီးမြင့်သွားမည့်အပြင်အမျိုးသားတံခွန်စိုက်ဒိုင်းဆု၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊စုပေါင်းဒိုင်းဆု တို့ကိုပါ ထည့်သွင်း ချီးမြင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီအစိုးရတက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကလည်း မန္တလေးတိုင်းအစိုးရက ကြီးမှူးပြီး ပထမအကြိမ်လှေပြိုင်ပွဲကျင်းပခဲ့ပါသေးတယ်။